26 August 2016

“အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုဖြင့်နာမည်ကျော်သည့်အလုပ်ရုံကို DSI နှင့်အဖွဲ့စုံဝင်ရောက်စီးနင်း”


     

၂၀၁၆   သြဂုတ်လ  ၂၆ ရက်
စိုင်းသန့်ဆန်းခက်


       ထိုင်းနိုင်ငံ မြောက်ပိုင်း   Ratchaburi, 111/1 Moo 3.Khung Phayom,Ban Pong, 70110,Thailand, Khung Phayom, Ban Pong District,Ratchaburi. တွင်ရှိသော Thai Better Foods Co,Ltd သို့ MOU ဖြင့်လာသည့် အလုပ်သမားများနှင့် မြန်မာ အလုပ်သမားတစ်ရာခန့်တို့ အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုခံနေရခြင်းကြောင့်ယမန်နေ့က ထိုင်းအစိုးရလူကုန်ကူးမှုတိုက် ဖျက်ရေး အထူးစုံစမ်းရေး DSI ဦးဆောင်မှုဖြင့် စီးနင်းဝင်ရောက်ကူညီနိုင်ခဲ့ကြောင်းသိရသည်။
 
        DSI နှင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT,မဟာချိုင်အခြေစိုက် မဟာမိတ် အဖွဲ့AAC တို့သည် သြဂုတ်ဘ ၂၂ ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးချုပ်တွင် ယခုနှိမ်နင်းမှုအတွက် အစည်းဝေးကြီးတစ်ရပ်ကို ပြု လုပ်ခဲ့ကြပါသည်။

          မြန်မာအေဂျင်စီ MOONBEAM SERVICE CO.LTD  နှင့် ထိုင်းနိုင်ငံဘက်မှ THAI BETTER FOODS  CO. LTD တို့က ၂၅.၅.၂၀၁၆ နေ့က မြန်မာအလုပ်သမား ၉၃ ဦး- ၂.၆.၂၀၁၆ နေ့က ၉၆ ဦးတို့ကို ၂နှစ် စာချုပ်ချုပ်ဆို၍ ထိုင်းနိုင်ငံ အတွင်းသို့ ဖေါ်ပြပါအလုပ်ရုံသို့ တင်သွင်းလာခဲ့ပါသည်။ ထို့အပြင် မေ၀င့်ကုမ္ပဏီမှပို့ထားသည့် အလုပ်သမား ၉ဦးလည်း ပါဝင်ပါသည်။ ယခုအခါလုပ်အားခ တစ်လနှင့် ၁ ရက်အတွက်ထုတ်မပေးပါ။ အော်ဒါမရှိ၍ အလုပ်လည်း အလုပ်လည်းပုံမှန် မရှိကြောင်းအလုပ်ရုံမှပြောခဲ့ပါသည်။ သို့ဖြစ်၍ အလုပ်သမားများမှာ ၁၈.၈.၂၀၁၆ နေ့မှစ၍အလုပ် မဆင်းကြရတော့ပါ။ အလုပ်သမားများစားစရာမရှိ၍ AAC အဖွဲ့က သွားရောက်၍ စားစရာများ အကူညီပေးထားခဲ့ပါသည်။
       
  
         ယမန်နေ့ စီနင်းဝင်ရောက်စဉ် MOU အလုပ်သမား ၁၆၀ ကျော်နှင့် ပန်းရောင်ဘတ်ကဒ်မရှိသူ  ၆၀ ဦးခန့်အပြင် ပန်းရောင် ဘတ်ကဒ် ကိုင်ဆောင်ထားသူ  ၅၀ ဦးခန့်တို့ကိုပါ အပြင်သို့ကယ်ထုတ်နိုင်ခဲ့ကြပါသည်။ တစ်ခုထူးခြားသည်မှာ မည်သည့်   နေထိုင်အလုပ်လုပ်ကိုင်ခွင့်မှမရှိသည့် အလုပ်သမား ၃၀ ဦးခန့်ကို ထိုင်းအာဏာပိုင်များက အပြင်ရောက်အောင်မခေါ် ထုတ်နိုင်ခြင်း   နှင့် လုပ်ငန်းရှင်က အပြင်ထုတ်မပေးခြင်းဖြစ်ပါသည်။

            အလုပ်သမား  နှစ်ရာကျော်တို့အား အလုပ်ရုံ၏ ရှေ့ ဘက်ကားလမ်းအကျော်တွင်ရှိသော ဘုန်းကြီးကျောင်းတစ်ကျောင်းသို့   ခေါ်ထုတ်၍ ထိုင်းစစ်တပ်က လုံခြုံရေးပေးထားကာ အဖွဲ့ပေါင်းစုံတို့က စစ်ဆေးကြပါသည်။ စစ်ဆေးချက်များအရ MOU အလုပ်သမား၁၆၀ ကျော်ကို အလုပ်လုပ်ကိုင်ခွင့် Work Permit မလုပ်ပဲထားဆဲဖြစ်ပါသည်။ အခြားအလုပ်သမားများမှာ ၂နှစ်ကျော်မှအထိ အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြပါသည်။ သို့ရာတွင် ထို့အလုပ်သမားများကို တရားဝင်နေထိုင် အလုပ်လုပ် ကိုင်ခွင့် ပြုလုပ်မပေးထားပါ။ ထို့အပြင် အလုပ်သမားများကို တစ်နေ့လျှင် နာရီ ၂၀ခန့် အလုပ် ခိုင်းစေသော်လည်း တစ်ဦးကို ဘတ် ၂၀၀ နုန်းသာပေးချေပါသည်။ ပေးချေသည်ဆိုရာမှာလည်း ထမင်းစားရုံသာထုတ်ပေး ထားပြီး အလုပ်သမားတစ်ဦးစီ ဘတ်ငွေ သုံးသောင်းထက် မနည်းရစရာရှိသည်ဟု ဆိုကြပါသည်။

            တရားမ၀င်အလုပ်သမားများ၏ သန်ချီရှိသည့် လုပ်အားခကို ရရှိရန်အတွက် DSI ,အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်း နှင့် MAT အဖွဲ့တို့က အကြိမ်ကြိမ်ညှိနှိုင်းခဲ့ကြသော်လည်း လုပ်အားခရရှိရန် မသေချာသာပေ။ သို့ရာတွင် ထိုအလုပ်သမားများကိုမူ ယမန်နေ့ညဥ့်ကတည်းက လ၀က အချုပ်ကားဖြင့် ဘုရားသုံးဆူဘက်မှ ပြန်ပို့မည်ဟုဆိုကာ အချုပ်ကားဖြင့် တင်ဆောင်သွားခဲ့ပြီဖြစ်ပါသည်။

          MOU အလုပ်သမားများကိုမူ MOONBEAM SERVICE CO.LTD  နှင့် အလုပ်သမားသံအရာရှိတို့က အလုပ်အသစ်
ပြောင်းပေးရန်သဘောတူညီကြပါသည်။

       MOU အလုပ်သမားပြဿနာအားဖြေရှင်းကြရာတွင် ထိုင်းအောက်ခြေ အလုပ်သမားအရာထမ်းများမှာ MOU စနစ်ကိုပင် လည် သေချာဂဃမသိရှိသည်ကိုလည်းတွေ့ရှိရသည်။ ထိုင်းလ၀ကနှင့် ထိုင်းရဲတို့မှာမူ တရားမ၀င်အလုပ်သမားများကိုအချုပ်ခန်း ကားဖြင့် အမြန်ဆုံးပို့ဆောင်ရန်သာစိတ်ဝင်စားသည်ကိုတွေ့ရှိရသည်။ ထိုင်းအလုပ်သမားဥပဒေပါ ပြဌာန်းချက်အရ တရားမ၀င် အလုပ်သမားကိုခိုင်းစေသည့် လုပ်ငန်းရှင်ကိုအရေးယူရကောင်းမှန်းလည်းမသိပါ။  တိုင်းသူပြည်သားတွေရဲ့အခွန်အခနှင့်လ စာယူပြီး အလုပ်သမားပြဿ   နာများကိုဖြေရှင်းရန်တာဝန်ရှိသည့် မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်း ဆိုသူမှာလည်း MOU အလုပ်သမားများကိုလည်း နားလည်လက်ခံအောင် မဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရသည်။ ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထား သူများနှင့် ပန်းရောင်ဘတ်ကဒ်မရှိပဲ လုပ်အားခများဘတ်ငွေ သန်းချီရစရာရှိသည့် အလုပ်သမား၆၀ဦး ခန့် အတွက်ကို မည်သို့မည်ပုံ ပြုလုပ်သင့်ကြောင်းကိုလည်း ပြတ်သားသည့်အစီအမံ တစ်စုံတစ်ရာချမှတ်ဆောင်ရွက်နိုင်သည်ကို မတွေ့ရှိ ရပေ။

          
          ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “MOU   အရှုတ်ထုတ်ပြဿ    နာကို အဆင့်မြင်အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ DSI က ကိုင်တွယ်လိုက်ပြီ။ ထိုင်းအလုပ်သမားအာဏာပိုင်တွေ ကိုင်တွယ်ပုံကိုင်တွယ်နည်းကတော့ အယင်အတိုင်းပါပဲ၊ သူတို့လုပ်ငန်းရှင် ဘက်ကနေပြီးဖြေ ရှင်းတယ်။

             တိုရှင်းပြောရရင် မြန်မာတွေမှာတော့ ခံပြီးရင်းခံရင်းပဲ။ အလုပ်သမားတွေအတွက်တော့ စိတ်မကောင်းဘူး။ ဒါပေမယ့်
လူကုန်ကူးမှု၊ လုပ်အားခမတရားခေါင်းပုံဖြတ်မှုနဲ့ တောက်လျှောက်လည်ပတ်လာခဲ့တဲ့ ဒီအလုပ်ရုံကို ကျနော်တို့ဝင်စီးနိုင်လိုက် တာဟာအဆိပ်ပင်ကြီးတစ်ပင်ကိုခုတ်လှဲလိုက်နိုင်လိုက်တာပါပဲ။ ထိုင်းနိုင်ငံမှာအလုပ်သမားခေါ်စာDemand Latter တွေ အခုထိ ထွက်နေတယ်ဆိုတာ မူမှန်မဟုတ်တဲ့ဒီလို အလုပ်ရုံတွေကထွက်နေတာပါ။ ဒါတွေကို ဘုမသိဘမသိလက်မှတ်ထိုးပေးနေ တဲ့ မြန်မာကက်ဘိနက်ဟာပွဲစားတွေလိမ်တာကို လက်မှတ်လိုက်ထိုးအတည်ပြုပေးနေတော့ ပြောရတာအားနာသဗျာ” ဟုပြောသည်။

        ထိုင်းအလုပ်သမားဥပဒေအရရွှေ့ပြောင်းအလုပ်သမားများမှာ အလုပ်လုပ်ကိုင်ခွင့်ဝတ်ပါမစ်ရှိမှ အလုပ်လုပ်ခွင့်ရှိပါသည်။ ထိုဝတ်ပါမစ်ကို ထိုင်းလုပ်ငန်းရှင်က အလုပ်သမားဝန်ကြီးဌာနတွင်လုပ်ပေးရပါသည်။ အလုပ်သမားတစ်ဦးတည်း လုပ်ကိုင်၍    မရပါ။ အလုပ်သမားပြောင်းရွှေ့ခြင်းကိုလည်း လုပ်ငန်းရှင်အသစ်ကသာပြုလုပ်ပေးရပါသည်။

          ယနေ့နံနက်ကအလုပ်သမားများပေးပို့လာသည့်သတင်းအရ ယမန့်နေက ပြဿ     နာဖြေရှင်းသည့် ဘုန်းကြီးကျောင်းထဲတွင် ကျန်နေခဲ့သည့် ၀တ်ပါမစ်မရှိသည့် အလုပ်သမားများနှင့် လုပ်ငန်းရှင်မပြောင်းရသေးသည့် ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထား သူများကိုပါ နယ်မြေခံရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားကြောင်း စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိရပါသည်။