31 August 2016

“ဆောက်လုပ်ရေးအလုပ်သမား၂ဦးပြင်းထန်စွာရိုက်နှက်ခံရ”


၂၀၁၆  ခုနှစ် သြဂုတ်လ  ၃၁
မြတ်ညို (အလွတ်သတင်းထောက်)

           မိမိတို့ကို  တရားဝင်နေထိုင်ခွင့်တစ်ခုခု  လုပ်ပေးရန် တောင်းဆိုသဖြင့် ဆောက်လုပ်ရေး အလုပ်သမား ဇနီးမောင်နှံ၂ဦးကို  အလုပ်ကြပ်ဝဏ၂ ဦးက  ရိုက်နှက်သဖြင့်  မြန်မာအလုပ်သမား ဇနီးမောင်နှံ၂ဦးတို့မှာပေါက် ပြဲဒဏ်ရာများရရှိသွားခဲ့ကြသည်။ 

        ဘန်ကောက်မြို့ဖလန်းစံ နယ်မြေတွင် ဆောက်လုပ်ရေးအလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားများကို အလုပ်ကြပ် ၀ဏက  လုပ်အားခငွေရှင်းပေးမည်ဟုဆိုကာ ရောက်ရှိလာခဲ့ပြီး  အနည်းငယ်ရှင်းပေးခဲ့ပြီးနောက် ပါလာသည့် လူမိုက်၂ဦးကရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

 မျက်နှာတွင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သူ မှာ မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ ကျိက္ကမီမြို့၊ သာယာကုန်ရပ် ကွက်၊ အသက် ၂၇ နှစ်အရွယ် ပြည့်ဖြိုးမင်း  နှင့် ဇနီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မတင်တင်ဝင်း တွင် မျက်နှာ ဖူရောင်ဒဏ်ရာနှင့် ခါးရိုးနာသည့် ဒဏ်ရာများရရှိခဲ့ကြသည်။

ပြည့်ဖြိုးမင်း က “ ကျနော် ဒီသူဌေးဆီမှာလုပ်နေတာ ၄နှစ်ပြည့်တော့မယ်။ ပတ်စပို့ကိုလည်းသိမ်းထားတယ်။ ခုပျောက်သွားတယ်လို့ပြောတယ်။ ဒါကြောင့်လောလောဆယ် ကျနော့်လက်ထဲမှာဘာမှ တရားဝင်စာရွက်စာ တမ်းမရှိဘူး။ ဒါကြောင့်အလုပ်ထွက်မယ်ပြောလိုက်တယ်။မနေ့ ညနေက အလုပ်ကြပ်ဝဏ ထိုင်း၂ယောက်ရောက်လာ ပြီး ကျနော့်ကို လုပ်အားခ တစ်သောင်းကျော်ရှင်းပေးရမှာကို ၃,၂၀၀ ရှင်းပေတယ်။ ကျနော်မိန်းနနဲ့ အခြား၂ ယောက်ကိုတစ်ပြားမှ ရှင်းမပေးခဲ့ဘူး” ဟုပြောသည်။ 

    အဆိုပါ ဇနီးမောင်နှံ နှစ်ဦးနှင့်အတူ ကိုထိန်းဝင်း ၄၀  နှစ် နှင့်  မစမ်းမွှေး တို့ ဇနီးမောင်နှံတို့လည်း လုပ် အားခမရရှိခဲ့ပေ။ ထို့အပြင် ၎င်းတို့ထံ မှ ပတ်စပို့လုပ်ပေးမည်ဟုဆိုကာ လုပ်ငန်းရှင်က ဘတ်ငွေ ၅၇,၀၀၀ တိတိဖြတ်တောင်ထားသည်ဟုဆိုပါသည်။

       အလုပ်သမား ၄ဦးမှာ အကာအကွယ်မဲ့နေသဖြင့်  မဟာချိုင်အခြေစိုက် AAC မဟာမိတ် အဖွဲ့သို့ဆက် သွယ်၍ ခိုလှုံနေခဲ့ကြရသည်။ 

AAC မဟာမိတ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်း က“ စက်တင်ဘာ ၂ ရက်နေ့မှ ရဲစခန်းနဲ့ ဆ၀ါဒီကန် ကိုသွားပြီး အကူညီတောင်းဖို့ပြင်ဆင်နေပါတယ်။  ခုလောလောဆယ် အလုပ်များနေသေးလို့ပါ” ဟုပြောသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများမှာ ဥပဒေ၏အကာအကွယ်ကိုရရှိမှုအလွန်နည်းပါးကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများကပြောသည်။