25 December 2015

“မြန်မာအစိုးရဟာအိမ်နီးချင်းနိုင်ငံတွေအပေါ်မှာကောင်းခဲ့ပါတယ်”

                
             

             စစ်အာဏာရှင်စနစ်အမြစ်တွယ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှအာဆီယံနိုင်ငံတွေထဲမှာ အဆင်းရဲဆုံးဖြစ်တယ်။ ဒါပေမယ့်ရာစုနှစ်ဝက်ကျော်ကြာအုပ်ချုပ်ခဲ့ကြတဲ့ စစ်အာဏာရှင် အဆက်ဆက်ဟာ မိမိတို့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် စားလို့မကုန် ဖြုန်းလို့မခမ်းလောက်အောင်ချမ်းသာနေကြတယ်ဆိုတာ တကမာလုံးသာမက စင်္ကြာဝဠာကြီးကပါ သိရှိထားပြီဖြစ်တယ်။ တပြိုင်တည်းမှာပဲ မြန်မာနိုင်ငံသားပေါင်း ငါးသန်းလောက်ထိုင်းနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝန်းမှာ ကျေးကျွန်းသဖွယ်အလုပ်လုပ်နေကြရဆဲဖြစ်ပါတယ်။ 


            မြန်မာအလုပ်သမား သုံးလေးသန်းကျော် လောက် နှစ်ပေါင်း၃၀ လောက် အလုပ်လုပ်နေကြတဲ့ ထိုင်း နိုင်ငံမှာ မြန်မာအလုပ်သမားတွေအသတ်ခံရတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါတယ်။ မြန်မာတွေ နေ့စဉ်နီးပါး သတ်ဖြတ်ခံနေကြရပေမယ့် ရာပေါင်းများစွာသော အရွယ်ရောက်ပြီးတဲ့မြန်မာတွေဟာထိုင်းနိုင်ငံထဲကို နေ့တိုင်း ၀င်ရောက်လာနေကြပါတယ်။ ထိုင်းနိုင်ငံထဲမှာရှိ ကြတဲ့ အကျဉ်းသားတွေရဲ့ ၆၀ ရာခိုင်နုန်းကျော် သောမြန်မာ တွေဟာ အစားထိုးခံရသူတွေနဲ့ ကြောထောက်နောက်ခံမရှိ၊ ဘာသာစကားနားမလည်းပဲ ထောင် ကျခံနေကြရ သူတွေဖြစ်ကြပါတယ်။

             ပြီးခဲ့တဲ့ နှစ် ၂၀၁၄ ခု စက်တင်ဘာ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံတောင်ပိုင်း တောင်တရုတ်ပင်လယ်ပြင် ထဲမှာရှိတဲ့ ကော့တောင်ကျွန်းမှာ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ဝင်းဇော်ထွန်း တို့ဟာ အင်္ဂလန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုမှာ လူသတ်တရားခံအဖြစ်စွတ်စွဲခဲ့ကြရပါတယ်။ တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ကြလို့ ၂၀၁၅  ခု ဒီဇင်ဘာ ၂၄ ရက်နေ့မှာ သူတို့ နှစ်ဦးကို ထိုင်းအစိုးရက သေဒဏ်အပြစ်ချမှတ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံတရားရုံး က မြန်မာအလုပ်သမားနှစ်ဦးကို သေဒဏ်ချမှတ်လိုက်ကြောင်း သတင်းတွေထွက်ပေါ်ပြီးနောက် ပြည်တွင်း ၊ ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကြား ကန့်ကွက်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှု ဦးဇော်ဌေး က“မြန်မာအလုပ်သမားအရေးကျွမ်းဝင်နှံ့စပ်သူတွေနဲ့ အထူးအဖွဲ့ဖွဲ့ပြီး လုပ်ခဲ့ပါတယ်။ ဒီသမ္မတ ဦးသိန်းစိန်လက်ထက်မှာ တော်တော်လေးလုပ်ပါတယ်။ ထိုင်းရောက်မြန်မာ အလုပ် သမားတွေအတွက် မှတ်ပုံတင်နိုင်ရေးကိုအယင်လုပ်ပါတယ်။ mou ကိစ္စ၊ mouထိုးပြီး တရားဝင်အလုပ်သမား တွေဖြစ်အောင် ဦးစားပေးလုပ်ခဲ့တယ်။ မလေးရှားတို့အင်ဒိုနီးရှားတို့နဲ့ပါ စကားပြောနေပါတယ်။ သမ္မတကြီးဟာ ကမ္ဘာတ၀ှန်းမှာရှိတဲ့ မြန်မာသံအမတ်တွေကို မြန်မာနိုင်ငံရဲ့အချုပ်အခြာကိုကာကွယ်ဖို့။ မြန်မာနိုင်ငံသာတွေကို ကာကွယ်စောင့်ရှောက်ဖို့အမြဲတမ်းမှာကြားပါတယ်။ အယူခံအဆင့်ဆင့်ရှိပါသေးတယ်။ သံတမန်နည်းလမ်း လည်း ရှိပါသေးတယ်။ သက်သေတွေပြည့်ပြည့်စုံစုံတင်ပြနိုင်ဖို့အတွက် ထိုင်းရှေ့နေများကောင်စီနဲ့ ဆက်လက် ဆောင် ရွက်သွားဖို့ရှိပါတယ်” လို့ RFA ကိုပြောပါတယ်။  

မြန်မာအစိုးရ နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်က…       ထိုင်းတရားရုံးကချမှတ်တဲ့အပြစ်ဒဏ်ဟာပြင်းထန်လွန်းတယ်လို့ဆိုပါတယ်။ “ဘာပဲပြောပြော ကျနော်တို့လည်းစိတ်ပူတာပေါ့လေ။ မနက်ကတည်းက ကျနော်တို့ လည်းလေ့လာနေတယ်။ အဲဒါ အခုဒါဖြစ်တဲ့အတွက် ဒါကျနော်နည်းနည်းတော့ အံ့သြတာပေါ့လေ။ အဲတော့ ကျနော်တို့က အခုထပ်ပြီးတော့ ညွှန်ကြားထားတာကတော့ ဒီအယူခံဝင်ဖို့ကိစ္စမှာ ကျနော်တို့ သံရုံးအနေနဲ့ ဒီမှာ ကူညီနေတဲ့အဖွဲ့နဲ့ ထပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဆောင်ရွက်ပေးဖို့ဆိုပြီး ကျနော်တို့ ဒီနေ့လုပ်ထားပြီးပါပြီ။

   ဒီပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ ကျနော်တို့က ဆက်ပြီးတော့ လေ့လာနေပြီးတော့ ဒီရှေ့နေများအဖွဲ့နဲ့ပေါ့လေ ဆက်ပြီးတော့ အနီးကပ်ညှိနိုင်းပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီး ၇ ရက်အတွင်းမှာ ကျနော်တို့က အယူခံဝင်ဖို့ အတွက် ကျနော်တို့ကလုပ်နေပါတယ်။ စီရင်ချက်ချတာကတော့ သူတို့ဘက်က ဒါစီရင်ချက်ချတာ။
ကျနော်တို့ မြန်မာသံရုံးအနေနဲ့ကတော့ သံအမတ်ကြီးကိုလည်း ကျနော်တို့ ဒီဥစ္စာကို ဆက်ပြီးတော့ ကူညီ ပေးဖို့ အမြန်ဆုံး တစ်ပတ်အတွင်းမှာ ကျနော်တို့ အယူခံတင်ဖို့ရယ် ၊ အခုဒီဥစ္စာကို တင်လို့ရှိရင် အဆင့်မြင့် တရားရုံးကိုရောက်မယ်။ ရောက်ရင် လိုအပ်တာတွေဆက်ပြီးပံ့ပိုးပေးဖို့ရယ် ဆက်ပြီးကူညီပေးဖို့ ကျနော်တို့ လုပ်နေပါတယ်။
        သေဒဏ်ချမှတ်တဲ့ အမှုနဲ့ ပတ်သက်ပြီး လက်ရှိမြန်မာအစိုးရက ထိရောက်အောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ရွေးကောက်ပွဲအနိုင်ရ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကပြောပါတယ်။
  “ပြောရင်တော့ NLD က အစိုးရ လည်းမဟုတ်ဘူးလေ။ ဘာမှပါဝင်နိုင်ဖို့ အခွင့်အရေးမရှိသေးပါဘူး။ ကျနော်တို့ လူသားချင်း၊ နိုင်ငံသားအနေနဲ့ ကိုယ်ချင်းစာပါတယ်။ အဓိကတာဝန်က နိုင်ငံခြားရေးအောက် က သံရုံးတွေ၊ ယိုးဒယားသံရုံးက သူတို့က ကူညီပေးတယ်ဆိုရင် ထိရောက်မှုရှိပါလိမ့်မယ်”လို့ VOA ကို ပြောပါတယ်။
  ၈၈မျိုးဆက် အဖွဲ့ကတော့ ဒီအမှုကိစ္စကို မှန်မှန်ကန်ကန် စိစစ်ဆောင်ရွက်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ထံ စာရေး သား တောင်းဆိုကြောင်း ၈၈မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးနဲ့ ကိုမင်းကိုယ်နိုင် တို့ ကပြော ပါတယ်။
“ကျနော်တို့က ဘယ်အမှုမှာမဆို တရားသဖြင့်ဖြစ်ဖို့ပဲအားစိုက်မယ်။ တရားတဲ့ဘက်က ပဲရပ်တည်မယ်။ အထူး သဖြင့် ကိုယ့်နိုင်ငံသား၂ ယောက်က သူတစ်ပါးတိုင်းပြည်ကိုရောက်နေတဲ့အခါ ဘယ်လို အကြောင်းနဲ့ပဲဖြစ်ဖြစ် ပေါ့ဗျာ မတရားသဖြင့်ခံရတာမျိုးတော့ ကျနော်တို့ဘယ်နည်းနဲ့မှ လစ်လျှူရှုမှာမဟုတ်ဘူး။ ကျနော်တို့စွမ်းအား ရှိသမျှ ခုခံကာကွယ်သွားမှာပါ။ ကျနော်တို့ကြည့်တဲ့အခါ ဒီအင်အေစစ်တဲ့အခါလည်းမပါဘူး။ နောက်တစ်ခါ ဘာမျက်မြင်သက်သေမှလည်းမရှိဘူး။ အဲတော့ ဒီ၂ချက်ဟာ ဒီ၂ယောက်ကို အကာအကွယ်ပေးနိုင်တဲ့အချက် ပါ။ ဖြစ်စဉ်တစ်ခုလုံးကိုကြည့်မယ်ဆိုရင် မှုခင်းဆရာဝန်တွေရဲ့လိုက်နိုင်မှုအစွမ်းရယ်။ နိုင်ငံတကာမှာ ကျွမ်းကျင် တဲ့လေ့လာအကဲခတ်သူတွေရဲ့ဝေဖန်သုံးသပ်မှုတွေနဲ့ နောက်ပြီးထိုင်းနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ကိုယ်ကိုကသုံးသပ်ပြထားတာရှိတယ်။ အဲဒါတွေဟာ ဒီလူငယ်၂ယောက် အမှုကျူးလွန်ထားတယ်ဆိုတာ သဘောမတူထားကြဘူးဗျ။ အဲဒီတော့ အမှုကိုမခိုင်လုံပဲနဲ့ တည်ဆောက်ပြီးတော့ စီရင်ချက်ချလိုက်တာပဲလို့မြင်တယ်။ အဲဒါကြောင့် ကျနော်တို့ကန့်ကွက်တယ်။ ဒီအမှုမှန် ပေါ်ပေါက်ရေးနဲ့ ဒီ၂ ယောက်အပြစ်မရှိပဲနဲ့ အပြစ်ပေးမခံရအောင် ကာကွယ်ကြမှာပါ။

           ဒီအမှုဟာ သာမန်ရာဇ၀တ် မှုတင်မကဘူးဗျ။ ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားနဲ့တိုက်ရိုက်အချိုးကျနေတယ်။ သူ့နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေအပေါ်မှာ အများကြီးသက်ရောက်မှုရှိလိမ့်မယ်။ အဲဒီအခါကျတော့ ဖြစ်ခဲ့တာကို ထိုင်းနိုင်ငံသားမဟုတ်ဘူး။ အခြားနိုင်ငံသားဖြစ်တယ်ဆိုပြီးပုံကိုဖေါ်ရင်ဘယ်လိုလုပ်မလဲ။ အဲဒီအခါ မှ ကျနော်တို့နိုင်ငံသားမှာကံဆိုးရမှာလား။ ဒါကိုကျနော်မေးချင်ပါတယ်။ ကျနော်တို့နိုင်ငံသားတွေကလည်းနိုင်ငံ တကာကို ရောက်ပြီးဆိုရင် မျက်နှာငယ်ရတယ်ဗျ။ ခေတ်အဆက်ဆက်ကလည်း ကျနော်တို့နိုင်ငံသားတွေဟာ မျက်နှာငယ်ရတဲ့သူတွေ၊ တရားမ၀င် မျက်နှာငယ်ရတဲ့သူတွေအဖြစ် အသက်မွေးကြရတဲ့အခါကျတော့  ဒီအမှု ထဲမှာ ကျနော်တို့နိုင်ငံသားတွေဟာ အစွတ်စွဲခံပြီးတော့ ရုပ်ပြအဖြစ်ဖြစ်ရတယ်လို့ကျနော်ခံစားရတယ်။

           ဒီ့အတွက်တော့ ကျနော်တို့ အားစိုက်မှာပါ။ ကျနော်တို့ကိုယ်တိုင်သွားပြီးတော့ဥပဒေအရ တာဝန်ရှိသူ တွေကို ကြားနာတာတို့၊ အဲဒီရှေ့နေတွေဘက်က အားဖြည့်နိုင်ဖို့၊ နံပါတ်(၁)အနေနဲ့ မိသားစုတွေကိုနှစ်သိမ့်နိုင်ဖို့၊ ဆိုတဲ့နေရာမှာ သူတို့ရဲ့အသက်တွေကို ကျနော် တို့အစွမ်းရှိသမျှ ကာကွယ်ပေးမယ် လို့ ကတိပေးနိုင်ရမယ်။ ဘယ်လိုနည်းနဲ့ကာကွယ်ကြမလဲဆိုတဲ့အခါ ဒီနေရာ မှာ ကျနော်တို့ တစ်စုတစ်ဖွဲ့တည်း နဲ့မလုံလောက်ဘူး။ ကျနော်တို့အမှန်တရားကိုပဲလိုချင်ကြတဲ့ နိုင်ငံသားတွေက တရားသဖြင့်ငြိမ်းချမ်းစွာပူးပေါင်း ဆောင်ရွက်မှု လို သလို၊ လက်ရှိအစိုးရကလည်း ဒီ့ထက်ပိုပြီး အားစိုက်ကြရမယ်။

         ကျနော် ခုနထောက်ပြပါတယ်။ သံခင်တမန်ခင်းကလိုပါတယ်။ နိုင်ငံရေးအရကျွမ်းကျင်မှုကလိုပါတယ်။ ကျနော် တို့ ပြည်သူပြည်သားတွေဘက်ကလည်း အားအင်စိုက်ကြရမယ်။ နောက်တစ်ခါ အခုရွေးကောက်ပွဲမှာ အနိုင်ရ ထားတဲ့ပါတီဟာ နိုင်ငံတကာကလေးစားတဲ့ခေါင်းဆောင်ရှိပါတယ်။ အဲဒီအင်အားတွေကိုလည်း လက် တွဲနိုင်တဲ့ နည်းလမ်းရှာရမှာပေါ့” ဟုRFA ကိုပြောတယ်။

   သေဆုံးတဲ့မိသားစု၂ဦးရဲ့ ကျန်ရစ်သူတွေက သဘောထားကွဲလဲစွာထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ဒေးဗစ်ရဲ့ညီတော်စပ်သူကတော့ ဒီကနေ့ တရားစီရင်ခြင်းဟာ မျှတမှုရှိတယ်၊ ဒီစီရင်ချက်ကိုသူတို့ကျေနပ်တယ် ထိုင်းရဲတွေရဲ့လုပ်ရပ်မှန်ကန်တယ်လို့ တရားရုံးအထွက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သေဆုံးသူ ဟန်နာရဲ့ မိသားစုတွေကတော့ “ကြားနာစစ်ဆေးမှုတွေဟာ စိန်ခေါ်မှုအရမ်းပြင်းထန်ခဲ့ပြီးနာကျင်စရာ၊ စိတ်ရှုပ်ထွေးစရာသတင်းအချက်အလက်တွေအပေါ်မှာ မိသားစုအနေနဲ့ ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့ရပါတယ်။ အချိန်လို ပါတယ်။ တရားရုံးဆုံးဖြတ်ချက် ရလဒ်နဲ့ပတ်သက်ပြီး အချိန်ယူ သုံးသပ်ဖို့နဲ့ ဒီဖြစ်ရပ်ကို ပြန်ပြောပြဖို့ အသင့်တော်ဆုံးနည်း လမ်းကိုရှာဖွေနိုင်ဖို့ မိသားစုအတွက် အချိန်လိုအပ်ပါတယ်လို့” တရားရုံးဆုံးဖြတ်ချက်ချပြီးမကြာမီမှာ ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

     ရန်ကုန် ထိုင်းသံရုံးဆန္ဒပြပွဲမှာ ကိုနောင်တော်လေး က“တရားရုံးမှာ အပြန်အလှန် တင်ပြခဲ့တာ တွေအရ ဆိုရင် ဒီကလေး၂ယောက်ရဲ့ဒီအင်အေ မဟုတ်ဘူးဆိုတာပေါ်ပေါက်ပြီးဖြစ်ပါတယ်။ ဒီကနေ့ကွင်းလုံးကျွတ် လွတ်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ခဲ့ပါတယ်။ ကျနော်တို့မျှော်လင့်ထားတာနဲ့ လုံးဝသွေဖယ်ဆန့်ကျင်ပြီး တော့  သေဒဏ်ဆိုတဲ့ပြစ်ဒဏ်ကြီးက ဒီထိုင်းအစိုးရရဲ့ယုတ်မာမှုကိုဖေါ်ပြတာပဲ။ ချစ်ကြည်ရင်းနှီးမှုဆိုတာလည်း ကျနော်တို့ မြန်မာနိုင်ငံသား၂ဦးကို ရက်ရက်စက်စက် သတ်မယ့်ကိစ္စကို ကျနော်တို့ပြည်သူတွေကနေငြိမ်ခံ နေရမှာလား။ ကျနော်တို့တတ်နိုင်တာကို ကျနော်တို့လုပ်မယ်။ အစိုးရအနေနဲ့ကလည်း တာဝန်ရှိသလောက် တတ်နိုင်တဲ့ ဘက်က ဆောင်ရွက်ပေးပါ။ ကျနော်တို့မြန်မာနိုင်ငံသား၂ယောက်ကို ကယ်တင်ဖို့ အရေးကြီးပါ တယ်။ ၂နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုမပျက်စေပါဘူး” လို့ RFA ကိုပြောပါတယ်။

                                 “မြန်မာသံရုံးအထူးအဖွဲ့ကဘာပြောသလဲ”
မြန်မာရှေ့နေ ဦးအောင်မျိုးသန့် က “ဒီနေ့တရားရုံးဆုံးဖြတ်ချက်က အမှုစွဲအဖွဲ့ရဲ့တင်ပြချက်တွေကို အထူးပြု သွားတာများပြီး ဒီအင်အေ ပညာရှင် ဒေါက်တာဖွန်ထစ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို လျစ်လှူရှု သွားတာကို တွေ့ရပါတယ်။ cctv မှာမတူဘူးဆိုတာတွေကိုတော့ သာမန်လောက်သာသုံးသပ်သွားတာ တွေ့ရှိရပါတယ်။ ဒါပေမယ့် မြန်မာသံ အမတ်ကြီးနဲ့ ထိုင်းရှေ့နေများကောင်စီနဲ့ ပူးပေါင်းပြီးတော့ ရေကုန်ရေခမ်း ကြိုးစားဆောင် ရွက်သွားပါမယ်။ ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေအတွက် လုံခြုံမှုနည်းပါးတယ်လို့ပြောချင်ပါ တယ်။ မြန်မာ နိုင်ငံသားတွေ အနေနဲ့ စိတ်ဓါတ်မကျပဲ လိုအပ်တဲ့နေရာတွေမှာ ဖိအားပေးလုပ်ဆောင်ကြဖို့ တောင်းဆိုလိုပါ တယ်” လို့ RFA ကိုပြောပါတယ်။

စုံစမ်းရေးတာဝန်ခံ ဦးကျော်သောင်း က“ မနက်၉နာရီခွဲကနေ ၁၀နာရီခွဲအထိ တစ်နာရီကျော်ကြာ စစ်ချက်တွေကိုဖတ်ပြီးတော့အမှု ၇မျိုးအတွက် သေဒဏ်ချမှတ်လိုက်ပါတယ်။ သက်သေမခိုင်လုံပဲ သေဒဏ် ချမှတ်တယ်ဆိုတာ တရားမျှတမှုမရှိဘူး။  မြန်မာနိုင်ငံတရားစီရင်ရေးပုံစံအရဆိုရင် မသေမချင်းသတ်စေဆိုတဲ့အမိန့်ပုံစံပါပဲ။ မျက်မြင်သက်သေမရှိတဲ့ဒီအမှုမှာ မြန်မာလုပ်သားနှစ်ဦး အပေါ်ချမှတ်တဲ့ပြစ်ဒဏ်ဟာ ပြင်းထန်လွန်းတာကြောင့် အယူခံတက်ရောက်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ အမေ၂ယောက်တော့ ငိုယို နေကြတာ ပေါ့” ဟု ဒေးလီအလဲဗင်းကိုပြောပါတယ်။

ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ် က “အမှု၇မှုအတွက်အမြင့်ဆုံးသေဒဏ်ချလိုက်တယ်။ ဆက်ပြီးတော့ အသနား ခံစာတင်ပါမယ်။ ၂ကြိမ်ရှိသေးတယ်။ တောင်ပိုင်းတိုင်းအနေနဲ့ နံပါတ်(၈) မှာတင်ရမှာရှိသလို နိုင်ငံအဆင့် ဖြစ်တယ်။ ပထမအဆင့်ကိုတော့ တစ်လအတွင်းမှာတင်ရမှာဖြစ်ပါတယ်” လို့ DVB ကိုပြောပါတယ်။

                “ထိုင်းနဲ့မြန်မာအခြေနေ”
           အတိတ်သမိုင်းကြောင်းတွေအရ မြန်မာလူမျိုးကို ထိုင်းလူမျိုးတွေ မုန်းတီးနာကျည်းကြပါတယ်။ ဒါပေမယ့် မျက်မှောက်ခေတ်မှာ ဆက်ဆံရေးအဆင်ပြေကြပါတယ်။ ထိုင်းဟာ မြန်မာနိုင်ငံမှာ တတိယအဆင့် ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံဖြစ်သလို့ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအပေါ်မှာ စီးပွားရေး၊ ကျမ္မာရေး၊ ပညာရေးသာမက  အလုပ်သမားတွေအများဆုံးလာရောက်လုပ်ကိုင်နေရတဲ့နိုင်ငံဖြစ်နေပါတယ်။ မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေပေါ် မြေအောက် ရေပေါ်ရေအောက်သဘာဝ ထွက်ကုန်တွေဟာ ထိုင်းနိုင်ငံအတွက် ကုန်ကြမ်းတွေအဖြစ် ဖြည့် ဆည်းနေကြတာပါ။ အထူးသဖြင့် ထိုင်းနိုင်ငံမှာ လင်းထိန်နေတဲ့လျှပ်စစ်ဓါတ်အားရဲ့ ၇၅ ရာခိုင်နုန်းဟာ မြန်မာ နိုင်ငံ မုတ္တမကမ်းလွန်ပင်လယ်ပြင်ကထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့နဲ့ လင်းနေတာဖြစ်ပါတယ်။

        ဒ့ါအပြင် ရှမ်းပြည်နယ်မှာတည်ဆောက်ထားတဲ့ ဆည်တွေ၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်က ထွက်ရှိသမျှ ကျောက်မီးသွေး၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ဘော်နဲ့ မက္ကနီစီယာမ်တွေသာမက သစ်တောထွက်ပစ္စည်းအားလုံးကို ထိုင်းဘက်က ထုတ်ယူနေဆဲဖြစ်ပါတယ်။ မြန်မာပင်လယ်ပြင်မှာ မြန်မာအလုပ်သမားတွေနဲ့ ငါးပုဇွန်တွေကို ဖမ်းဆီးပြီး ကမ္ဘာမှာ ရေထွက်ပစ္စည်းအဖြန့်ဖြူးဆုံးနေရာကိုရယူထားတာလည်းထိုင်းပဲဖြစ်ပါတယ်။ လက်ရှိအချိန် မှာ ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ထိုင်းနိုင်ငံရဲ့ မဟာဗျူဟာမြောက် စီးပွားရေးရင်းနှီးမြုပ်နှံမှုလည်းဖြစ်ပါတယ်။

                                          “ဝေဖန်ဖို့နဲ့ဆင်ခြင်ဖို့”
             ၂နိုင်ငံထိပ်ပိုင်းအဆင့် ခပ်တန်းတန်း ဆက်ဆံကြပေမယ့် ထိုင်းနဲ့မြန်မာ ၀န်ကြီးအဆင့်တွေဟာ ကိုယ်ကျိုးရှာ ပလူးပလဲစီးပွားရေးလုပ်ကိုင်ကြသူတွေဖြစ်ကြပါတယ်။  လိပ်ကျွန်းအမှုအဆုံးအဖြတ် ကိစ္စကို အကြောင်းပြုပြီး ထိုင်းနဲ့မြန်မာလူမျိုးရေးမုန်းတီးတဲ့ အသွင်းသဏ္ဍန်မဖြစ်အောင်ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။  ဘာကြောင့်လဲဆိုတော့ သန်းနဲ့ချီတဲ့အလုပ်သမားတွေ ထိုင်းနိုင်ငံအတွင်းမှာ ပြန့်နှံ့ဝင်ရောက်နေလို့ဖြစ်ပါတယ်။  လက်ရှိ ထိုင်းအစိုးရအဖွဲ့နဲ့ တရားမျှတမှုမရှိတဲ့ ထိုင်းတရားစီရင်ရေးကို ကျနော်တို့က စည်းကမ်းတကျ နည်းလမ်းတကျချဉ်းကပ် လုပ်ကိုင်ကြရမှာဖြစ်ပါတယ်။    

                                          “မဝေးသေးတဲ့ထောက်ထားစရာ”
     

     မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်က သစ်တောမြေဧက သုံးသောင်းကျော်မှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်အချို့ဟာ တရားမ၀င် ၀င်ရောက်ပြီး သစ်တွေထုတ်၊ ရာဘာပင်နဲ့ ဘိန်းစာပင်တွေစိုက်ပျိုးပြီးဆယ်နှစ်ကျော်လောက် လုပ်ကိုင်ခဲ့ကြတဲ့သူတို့ အကျိုး စီးပွားကို တွေးကြည့်ကသိနိုင်ပါတယ်။ 

တပ်မတော်စစ်ကြောင်းက ဖေါ်ထုတ်ခဲ့တာကြောင့် ကလေးနဲ့ မိန်းကလေးတွေကို ပြန်လွှတ်ခဲ့ပြီး ထိုင်းလူမျိုးပေါင်း ၉၂ ယောက်ကို လက်နက်တွေ၊ ဘိန်းစာရွက်အထုတ်တွေ၊ သစ်တွေ၊ သစ်စက်တွေ၊ မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေအမြောက်အမြားနဲ့ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒါကိုအဲဒီအချိန်က ၀န်ကြီးချုပ်ယင်လတ် မြန်မာနိုင်ငံကိုလာခဲ့ပြီး နိုင်ငံတော်အကြီးအကဲတွေကိုမေတ္တာရပ်ခံခဲ့တာကြောင့် တစ်လကျော်လောက်အကြာ ၂၀၁၂ နှစ် ဇူလိုင်လက ဒီလူတွေအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးခဲ့ကြပါတယ်။

     မြန်မာနိုင်ငံထဲကို တရားမ၀င် ကျူးကျော်ဝင်ရောက်ပြီး မိမိတို့ပိုင်မြေပုံစံမျိုးထိုင်းအချင်းချင်းကိုမြေကွက်တွေရောင်းချပြီး စီးပွားရှာခဲ့ကြတာပါ။ အထက်ဖေါ်ပြပါသက်သေခံပစ္စည်းတွေနဲ့ ဖမ်းမိတာကိုသည်ပင်လျှင် မြန်မာအစိုးရက လွှတ်ပေးခဲ့ဖူးပါတယ်။ 

  ယခု လိပ်ကျွန်းအမှုမှာမူ အင်္ဂလန်နိုင်ငံသား စုံတွဲကို သတ်ဖြတ်ကြောင်း တိကျတဲ့သက်သေမရှိပါပဲ ဇော်လင်းနဲ့ ၀င်းဇော်ထွန်း ကို သေဒဏ်အမိန်ချမှတ်လိုက်တာဟာ သည်းခံခွင့်လွှတ်မှုအမြောက်အမြားပေးခဲ့ဖူးတဲ့ မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံတော်ကို ထိုင်းနိုင်ငံက ထောက်ထားဖို့်နေနေသာသာ လုံးဝ စောက်ဂရုမစိုက်ကြောင်း ပြသလိုက်ခြင်းဖြစ်ပါတယ်။

            သေဒဏ်ချမှတ်ခံရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်း တို့ ၂ယောက်အတွက်၊ နိုင်ငံတော်သမ္မတ၊ ကာချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်တို့ဟာ မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးတဲ့ ကူညီမှုနဲ့ ကိုယ်ဖိရင်ဖိကူညီခဲ့ကြပါတယ်။ မြန်မာအကြီးအကဲတွေဟာ ထိုင်းအကြီးအကဲတွေနဲ့တွေ့တိုင်း၊ မှန်မှန်ကန်ကန် မျှမျှတတဆုံးဖြတ်ဖို့ တိုက်တွန်းပြောဆိုခဲ့ကြတာပါ။ ဒါ့အပြင် တစ်နှစ်ကျော်ကာလအတွင်း ဦးခင်အောင်မြင့် တို့ အလှူငွေ ကျပ်သိန်း ၁၇၀နဲ့ ကာချုပ်က ဒေါ်လာ၅၀၀၀ ပေးလှူခဲ့မှုအပါအ၀င် မြန်မာသံရုံးအထူးစုံစမ်းရေးကော် မတီဟာ စုစုပေါင်းကျပ်ငွေ သိန်း ၂၅၀ နီးပါး ကုန်ကျခဲ့ပြီဖြစ်ပါတယ်။

                                                                 မောင်မောင်မြတ်ညို