20 December 2015

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိပြီး အချို့မှာ တရားမ၀င် နေထိုင်နေကြရ

 
Published on Fri, 12/18/2015 - 19:10

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိပြီး အချို့မှာ ဗီဇာသက်တမ်းလွန်ကာ တရားမ၀င် နေထိုင်နေကြရကြောင်း “လိပ်ကျွန်းလူသတ်မှု၊ ရနောင်းလူသတ်မှု၊ ထိုင်းနိုင်ငံတွင်း အထွေထွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အဖွဲ့အစည်းများက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်၊ နံနက် ၉ နာရီခွဲ အချိန်က ရန်ကုန်မြို့၊ Orchid ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်း (FED) မှ ဦးထူးချစ်ကလည်း “တစ်နေ့က စက်ရုံတွေကို ၀င်စစ်ဆေးတော့ ရနောင်းက ပင်လယ်စာစက်ရုံမှ အလုပ်သမား ၅၄ ဦး အဖမ်းခံရတယ်။ အားလုံးက အမျိုးသမီးတွေချည်းပဲ။ အကုန်လုံးက ဗီဇာသက်တမ်း လွန်နေတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။


ထိုင်းနိုင်ငံတွင် အလုပ်သမား ၁ ဒသမ ၇ သိန်းကို ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခဲ့ရာ အစိုးရသတ်မှတ်နှုန်း ထက်ပို၍ အလုပ်သမားတစ်ဦးလျှင် ဘတ်သုံးထောင်အထိ မတရား အမြတ်ထုတ် ခံခဲ့ရကြောင်း၊ ထိုသို့ ရေရှည်ခိုင်မာသော မူဝါဒများ မချမှတ်ထားသည့်အတွက် ၆ နှစ်ဗီဇာသက်တမ်း ပြည့်ပြီးသော အလုပ်သမားများသည် မည်သို့ဆက်လုပ်ရမည်ကို မသိဘဲဖြစ်နေပြီး ယခုအခါ အချို့မှာ ဗီဇာသက်တမ်း ကုန်ဆုံး၍ တရားမ၀င် နေထိုင်နေရကာ မကြာမီ ဗီဇာသက်တမ်း ကုန်ဆုံးမည့် အလုပ်သမား သိန်းနှင့်ချီ ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်က ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

ခြောက်နှစ်၊ လေးနှစ် ဗီဇာသက်တမ်း ပြည့်ပြီးသည့် အလုပ်သမားများကို ထိုင်းနိုင်ငံတွင် ဆက်လက် အလုပ်လုပ်ကိုင် နိုင်ရန်အတွက် လွယ်ကူ၍ ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်ပေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

“ထိုင်းနိုင်ငံမှာ သာမန်အလုပ်သမား အဆင့်နဲ့ ပတ်(စ်)ပို့ကြီးက တကယ့်ဝန်ထုပ် ၀န်ပိုးပါ။ ပတ်(စ်)ပို့ လုပ်မယ်ဆိုရင် အနည်းဆုံး ဘတ်ရှစ်ထောင်ကနေ တစ်သောင်းအထိ ကုန်ကျတယ်။ Work Permit တစ်နှစ်သက်တမ်းက အနည်းဆုံး ဘတ် ၁၉၀၀။ အဲ့ဒါတွေက တစ်နှစ်လုပ်အားခရဲ့ သုံးပုံနှစ်ပုံလောက် ကုန်ကျတယ်။ ဒါတင်ပဲလားဆိုတော့ ထိုင်းနိုင်ငံထဲကို နေ့စဉ်လာနေတဲ့ သုံးထောင်ထက် မနည်းသော မြန်မာအလုပ်သမားတွေဟာ မဲဆောက်မရောက်ခင် ဂိတ်လေးဂိတ်မှာ ပါပါ မပါ တစ်ဂိတ်ကို ဘတ်တစ်ရာစီ၊ အနည်းဆုံး ဘတ်လေးရာလောက် ပေးရတယ်။ ပတ်(စ်)ပို့ ဆိုတာက တရားဝင် သွားလာနေထိုင်ခွင့်ပါ။ အလုပ်လုပ်ခွင့်နဲ့ လမ်းမှာပုလိပ်စစ်စရာ ဘာမှမဆိုင်ဘူး။ ထိုင်းမှာလည်း ပတ်(စ်)ပို့ ရှိရှိ မရှိရှိဖမ်းတယ်။ မြန်မာအစိုးရကလည်း မိမိထုတ်ပေးတဲ့ အလုပ်သမားတွေကို သက်တမ်းဆက်ဖို့မှန်းကို မသိဘူး။ တရားဝင်ပတ်(စ်)ပို့ ထုတ်ပေးထားတာ သုံးသန်းခွဲရှိတယ်။ ဒီလူတွေဟာ ဒီနေ့ဒီရက်ဆို သက်တမ်းကုန်ပြီး တရားမ၀င် ဖြစ်သွားမယ်ဆိုတာ သိရမယ်။ ကြိုတင် ပြင်ဆင်ထားရမယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့မှ ဦးကျော်သောင်းက ဆိုသည်။

ထိုင်းနိုင်ငံ အတွင်းသို့ အိမ်နီးချင်း နိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီယား စသောနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများ လာရောက် အလုပ်လုပ် ကိုင်ကြပြီး လေးသန်းဝန်းကျင်ခန့် ရှိကြောင်း၊ ယင်းအနက် သုံးသန်းခန့်မှာ
မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

Writer: နန်းစုနှင်းထွေး၊ ထက်ရှိုင်း