24 December 2015

"လိပ်ကျွန်းလူသတ်မှုတွင် စွဲချက်အတင် ခံထားရသည့် မြန်မာနှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု အပါဝင် ပုဒ်မ ၇ ခုတို့ အတွက် သေဒဏ်ချမှတ်"

http://news-eleven.com/local/

(Photo : AFP)
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွီခရိုင်အတွင်းရှိ လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် စွဲချက်အတင်ခံထားရသည့် မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက် (ယနေ့) နံနက်က ကော့စမွီခရိုင် တရားရုံးမှ လူသတ်မှု၊ မုဒိမ်းမှုတို့ အပါဝင်ပုဒ်မ ၇ ခုတို့အတွက် သေဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာသံရုံး အထူးအဖွဲ့ထံမှ သတင်းရရှိသည်။
ရွှေ့ပြောင်းမြန်မာလုပ်သား နှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့အား လူသတ်မှု၊ မုဒိမ်းမှု၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် နေထိုင်မှု၊ ခိုးမှု၊ သက်သေခံပစ္စ့ည်း ထိမ်ချန်မှု အပါအ၀င် အမှု ၇ မှုတို့ဖြင့် စွဲချက်တင်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက် (ယနေ့)နံနက်က ကော့စမွီခရိုင် တရားသူကြီးမှ တစ်နာရီကျော်ကြာ စစ်ချက်အား ဖတ်ကြားပြီးနောက် အမှု ၇ ခုလုံးအတွက် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကာ ၇ ရက်အတွင်း အယူခံခွင့်ရှိသည်ဟု အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးကျော်သောင်းက ပြောကြားသည်။
၎င်းက “ဒီနေ့မနက်မှာပဲ ကော့စမွီခရိုင် တရားရုံးမှာ တရားသူကြီးက မနက် ၉ နာရီခွဲကနေ ၁၀ နာရီခွဲအထိ တစ်နာရီကျော်ကြာ စစ်ချက်တွေကို ဖတ်ပြီးတော့ အမှု ၇ မျိုးအတွက် သေဒဏ် ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံ တရားစီရင်ရေး ပုံစံအရဆိုရင် မသေမချင်းသတ်စေ ဆိုတဲ့အမိန့်ပုံစံပါပဲ” ဟု ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲက ပြောကြားသည်။
မျက်မြင်သက်သေ မရှိသည့် ထိုအမှုတွင် မြန်မာလုပ်သား နှစ်ဦးအပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှာ ပြင်းထန်သည့် အတွက် အယူခံတက်ရောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဦးကျော်သောင်းက ဆက်လက်ပြောကြားသည်။
“သေဒဏ်ချမှတ်တယ် ဆိုတာက မျက်မြင်သက်သေနဲ့ အထောက်အထား ခိုင်လုံမှ ချလို့ရတာ ဖြစ်တယ်။ အခုအမှုက မျက်မြင်သက်သေလည်း မရှိဘူး။ သက်သေလည်း မခိုင်လုံဘဲနဲ့ သေဒဏ်ချမှတ်တယ် ဆိုတာကတော့ ဘယ်လိုမှ တရားမျှတမှု မရှိဘူး။ ကျွန်တော်တို့ ဒီနေ့ပဲ အယူခံတက်ရောက်ဖို့ ပြင်ဆင်နေပါပြီ။ အခုဆိုရင် ကလေးတွေရဲ့ အမေတွေကလည်း ငိုယိုနေတာပေါ့” ဟု ပြောကြားသည်။
ပြီးခဲ့သည့်တရားခွင် စစ်ဆေးချက်များတွင် စွဲချက်အတင် ခံထားရသူများသည်ကျူးလွန်သည်ဟု မျက်မြင်သက်သေနှင့်တကွ ခိုင်မာသည့် သက်သေပြချက်များ မပေးနိုင်ခဲ့သော်လည်း ကော့စမွီခရိုင် တရားရုံးမှ စွဲချက်တင်ထားသည့် ၇ မှု လုံးအတွက် သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ပြီး ၇ ရက်အတွင်း အယူခံ တက်ရောက်မည် ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောကြားသည်။
၎င်းက “အမှုတစ်မျိုးစီအတွက် သီးခြားပြစ်ဒဏ်တွေ ချတာပေါ့။ ဒါပေမယ့် နောက်ဆုံးမှာ ပူးပေါင်းလူသတ်၊ မုဒိမ်းကျင့်တဲ့ ပြစ်ဒဏ်က သေဒဏ် ထိုက်တဲ့အတွက် အားလုံးအတွက် သေဒဏ်ချမှတ်တယ် ဆိုတဲ့သဘောပါပဲ။ ကျွန်တော်တို့ ဘက်က ၇ ရက်အတွင်း အယူခံတက်ရောက်ခွင့်ရှိတော့ အယူခံတက်ရောက်ဖို့ ပြင်မှာပါ” ဟု ပြောကြားသည်။
ထိုလူသတ်မှုနှင့် ပတ်သက်ပြီး တရားခွင်၌ စစ်ဆေးစဉ်ကလည်း သေဆုံးသူဟန်နာ၏ ကိုယ်ပေါ်ရှိ ဒီအန်အေနှင့် စွပ်စွဲခံထားရသူများ၏ ဒီအန်အေတို့ ပြန်လည်တိုက်ဆိုင် စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် တူညီမှုမရှိကြောင်း ထိုင်းနိုင်ငံ၏ ကျော်ကြားသည့် မှုခင်းဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာဖွန်တစ်က စက်တင်ဘာလ အတွင်းက တရားခွင်ရုံးချိန်း တစ်ခုတွင် လာရောက်သက်သေပြ ထွက်ဆိုခဲ့ဖူးသည်။
ယနေ့အမိန့်ချမှတ်ခဲ့သည့် ရုံးချိန်းသို့ မြန်မာသံရုံး၊ အင်္ဂလန်သံရုံး ကိုယ်စားလှယ်များ၊ အလုပ်သမားရေး လှုပ်ရှားသူများ၊ ထိုင်းအခြေစိုက် နိုင်ငံတကာ မီဒီယာများမှလည်း လာရောက်သတင်း ရယူခဲ့ကြောင်း သိရသည်။