05 December 2015

“နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် နိုင်ခြားအလုပ်သမားများအားစီမံခန့်ခွဲခြင်း”

   ၂၀၁၅ ခု  ဒီဇင်ဘာ ၂ ရက်နေ့ "တို့ခေတ်" အပတ်စဉ်ဂျာနယ်တွင် ဖေါ်ပြသော ဆောင်းပါးကို ရွှေလုပ်သား အွန်လိုင်း ပရိတ်သတ်များအတွက် ကူးယူဖေါ်ပြတာပါ။
          
       ၂၀၁၃ နှစ်ကုန်ပိုင်းက ထားဝယ်စီးပွားရေးဇုန်မှာ တရားမ၀င်တင်သွင်းလာတဲ့ စက်ယန္တရားကြီးတွေကို ဖမ်းဆီးထားတယ်လို့ သတင်းတွေမှာ ဖတ်ခဲ့ရတယ်။  ကချင်းပြည်နယ်မှာ ရာပေါင်းများစွာသော သစ်ထုတ်ကားတွေနဲ့ သစ်သူခိုးတွေကို လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့ လက်ပူးလက်ကြပ်ဖမ်းမိခဲ့တယ်။ ထောင်ဒဏ် တစ်သက် ၈ ရက်ချမှတ်ပြီး ပြန်လွှတ်ခဲ့တယ်။

         ၂၀၁၅ ခုမေလမှာ စတော့ရှယ်ယာ ကုမ္ပဏီဖွင့်ပြီး သန်းပေါင်းများစွာလိမ်လည်ပြီး မြန်မာပြည်ကထွက် ပြေး လွတ်မြောက်သွားခဲ့တယ်။ မွတ်ဆလင်သောင်းကျန်းသူ တွေဖေါက်ခွဲရေးပစ္စည်းတွေနဲ့ ရခိုင်ပြည်နယ် မောင်တော ဘက်နဲ့ ရှမ်းပြည်နယ်ဘက်မှာ ဖမ်းဆီမိတယ်။

           ကမ္ဘာမှာ အများဆုံးဖြစ်တဲ့ စိတ်ကြွ ရူးသွတ်ဆေးပြားတွေ ရန်ကုန်မြို့မှာဖမ်းမိတယ်။ ရန်ကုန်မြို့မှာ လု ယက်၊ သတ်ဖြတ် အဓမ္မပြုကျင့်မှုတွေ  အမြဲတမ်းဖြစ်နေတာကြောင့် မြို့တော်ဟောင်း ရန်ကုန်ပင်လျှင် ပြည်သူ လူထုအတွက် မလုံမခြုံဖြစ်နေတယ်။

          မြိတ်ခရိုင်အတွင်းမှာ ထိုင်းနိုင်ငံလျှပ်စစ်ဓါတ်အားရရှိရေးအတွက် ထုတ်လုပ်နေတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့စက်ရုံမှာ ထိုင်းအလုပ်သမားတွေကို ခိုင်းနေကြောင်း ဒေသခံတွေက အစိုးရကို တင်ပြကြတယ်ဆိုတဲ့ သတင်းတစ်ခုကို ရက်ပိုင်းအတွင်းမှာဖတ်ရတယ်။ 

          စစ်အာဏာရှင်အစိုးရ ဖင်ပိတ်ပြောခဲ့တဲ့ ဒို့တာဝန်အရေးသုံးပါးထဲမှာ အထက်ဖေါ်ပြပါ ကိစ္စရပ်တွေဟာ မပတ်သက်လေရော့သလား။ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကို ၀င်ချင်သလိုဝင်ပြီး လုပ်ချင်သလိုလုပ်လို့ ရနေ ကြပြီလား။ လူမသိသူမသိပဲမြန်မာနိုင်ငံထဲမှာ ဘာတွေများ ဘယ်လောက်အထိ ရှိနေကြအုံးမလဲဆိုတာ စဉ်းစား မိတိုင်း တွေးပူမိတာအမှန်ပဲ။  

                       “ပြည်ပနိုင်ငံများသို့ရောက်ရှိနေကြသောမြန်မာတို့သည်”
           ငါးသန်းထက်မနည်းရှိနေကြတဲ့နိုင်ငံတကာကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနက် အဆင့်မြင့် အတတ်ပညာသည်အချို့ကလွဲရင် ကျန်အားလုံးတို့ဟာ (၁) ညစ်ပတ်သော Ditry (၂) Difficuty ပင်ပန်းသော (၃) Dangerous အန္တရာယ်များသော (၄)  Demeaning ဂုဏ်သိက္ခာမဲ့သော စတဲ့4D လို့ခေါ်တဲ့အလုပ်၎မျိုးမှာ လုပ်ကိုင်နေကြရ သူတွေသာဖြစ်ကြပါတယ်။

        နိုင်ငံခြားတိုင်းပြည်တွေမှာ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေဟာ တစ်နှစ်တာ နေထိုင်အလုပ်လုပ်ကိုင် ခွင့်ရရှိဖို့အတွက် နှစ်စဉ်နှစ်တိုင်းလုပ်ရပါတယ်။ သွေးစစ်ရပါတယ်။ အနာရောဂါကင်းစင်ရပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိကိုပဲ တရားဝင်အသိအမှတ်ပြုပါတယ်။ နေထိုင်တဲ့ကာလတွေမှာလည်း ရက်ပေါင်း၉၀ ပြည့်တိုင်း တစ်ကြိမ်စီ နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးဌာနမှာ တံဆိပ်တုံးထုကြရပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဧည့်စါရင်းမတိုင်မိရင် တစ်ရက်ကို ဘတ်ငွေ ၅၀၀(ကျပ်ငွေ  ၁၅,၀၀၀ ကျော်ခန့်) ပေးလျှော်ရပါတယ်။ အကြောင်းကံတိုက်ဆိုင်လို့ သူတို့နိုင်ငံသားနဲ့ အိမ်ထောင်ပြုမယ်ဆိုရင်လည်း ပိုင်ဆိုင်တဲ့ငွေကြေး ဘတ်ငွေ သန်းချီပြီးပြမှ တရားဝင် လက်ထပ်ခွင့်ပြုတာဖြစ်ပါတယ်။

        ထိုင်းနိုင်ငံဟာ မြန်မာအလုပ်သမားတွေလုပ်အားနဲ့တည်ဆောက်နေရတဲ့၊ ထုတ်လုပ်နေရတဲ့ လုပ်ငန်းကြီး တွေက အကျိုးအမြတ် အမြောက်အမြားရရှိခံစားနေကြပေမယ့် မြန်မာအလုပ်သမားတွေကို တန်ဖိုးထားမဆက်ဆံတဲ့အပြင် နှိမ့်ချဆက်ဆံပါတယ်။ ဖိနှိပ်ချုပ်ခြယ်ပါတယ်။ နှိပ်စက်ညှဉ်းပန်းပါတယ်။ ရာဇ၀တ်မှုတွေမှာ အစားထိုး ထောင်ချပါတယ်။ မြန်မာတွေရဲ့အသက်တစ်ချောင်းကို တိရိစ္ဆာန်တစ်ကောင်မျှ အလေးနက်မထားပဲ သတ်ပစ်တတ်ကြပါတယ်။

          တစ်နှစ်စာ လုပ်အားခရဲ့ ထက်ဝက်လောက် အကုန်အကျခံပြီး တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တို့ကို လုပ်ကိုင်ထားပေမယ့် ထိုင်းအာဏာပိုင်တွေဟာ အချိန်မရွေးစစ်ဆေးပါတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး ညစ်ပတ်တတ်ကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေကိုယ်တိုင်ခံနေရတာကြောင့် အစိုးရညစ်ပတ်တာရော လုပ်ငန်းရှင်ကောက်ကျစ်တာကိုပါ ခံနေကြရတာမို့ နိုင်ငံတော်ကို ချစ်လှချီရဲ့ဆိုပြီးပြောဆို အုပ်ချုပ်နေကြသူတွေသိမှသိပါ လေစလို့ တွေးမိတယ်။

           အိမ်ရှင်နိုင်ငံသားတွေ မလုပ်ချင်၊ မလုပ်နိုင်၊ မလုပ်ရဲ၊ မလုပ်တတ်တဲ့အလုပ်တွေကို လုပ်နေကြရတဲ့မြန် မာတွေဟာ သူတို့နိုင်ငံကသတ်မှတ်တဲ့ work permit (အလုပ်လုပ်ခွင့်) VISA နေထိုင်ခွင့်၊ အာမံကြေးနဲ့ ကျမ္မာ ရေးအာမခံဖိုးတွေ တနင့်တပိုးပေးပြီးမှလုပ်ကြရပါတယ်။ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်တွေ ဘယ်လော က်ပဲ လုပ်ထားလုပ်ထား ထိုင်းရဲတွေရဲ့ ဖမ်းဆီးငွေတောင်းခံခြင်းကို မြန်မာတွေ နေ့တိုင်းခံနေကြရတာပါ။ ဒါ့အပြင် ထိုင်းလုပ်ငန်းရှင်တွေဟာ အချိန်ပိုခိုင်းစေတာတွေ၊ လုပ်အားခရှင်းမပေးတာတွေအပြင် လုပ်ငန်းခွင် အတွင်း သေဆုံးခြင်းတွေအတွက်လည်းတာဝန်ယူမှုတွေမရှိကြပါဘူး။ အဖေတလှည့် သားတလှည့် အလိုမတူပဲ ကာမကိုရယူခံရလို့ ဘယ်သူနဲ့ ကိုယ်ဝန်ဖြစ်လို့ဖြစ်မှန်မသိပဲ ထိုင်းမြန်မာကပ်ပြားလေးတွေကို မြန်မာပြည်ပြန်ပြီး မွေးလိုက်ကြရတာလဲ ဘယ်နည်းတော့မလဲ။

                  “နိုင်ငံခြားသားအလုပ်သမားတွေအတွက်  ဘယ်လိုစီမံထားကြသလဲ”
             ဒီမိုကရေစီအသွင်ပြောင်း သမ္မတကြီး ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှပ်နှံမှု တွေအမြောက်အမြားဝင်ရောက်လာခြင်းနဲ့အတူ သက်ဆိုင်ရာနိုင်ငံတွေက ကျွမ်းကျင်သူတွေရော သာမန်အလုပ်သမားတွေပါ အမြောက်အမြား မြန်မာနိုင်ငံထဲကို ၀င်ရောက်လာခဲ့ကြပါတယ်။ သံတမန်ဝန်ထမ်းတွေကလွဲရင် အခြားသော စီးပွားရေးလုပ်ငန်းဟူသမျှက  လူတိုင်းလူတိုင်းဟာ မြန်မာနိုင်ငံမှာ နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် ၊ ကျမ္မာရေးစောင့်ရှောက်ခွင့် စသည်ဖြင့် တရားဝင်လုပ်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့ ရဲ့ဝင်ငွေ အချိုးအစားအလိုက် နိုင်ငံတော်ကို အခွန်ပေးဆောင်ကြရပါမယ်။

      ဦးသိန်းစိန် သမ္မတသက်တမ်း ငါးနှစ်အတွင်းမှာ နိုင်ငံခြားသားအလုပ်းသမား ဘယ်နှစ်ယောက်လောက် တရားဝင်နေထိုင်ခွင့်၊ တရားဝင်အလုပ်လုပ်ခွင့် (Work Permit) အခွန်အခတွေပေးသွားခဲ့ကြပါလိမ့်။ ကျောက်ဖြူမြို့(မြဒေးကျွန်း) က ရေနံသိုလှောင်ရုံနဲ့ရေနက်ဆိပ်ကမ်းတည်ဆောက်သွားတဲ့ ကာလတွေမှာ မြန်မာနိုင်ငံသားတွေ ဘယ်လောက်အလုပ်လုပ်ခဲ့ကြရလဲ။ တရုတ်ကလာလုပ်သွားကြတဲ့ အလုပ်သမားတွေ ဘယ်နှစ်ယောက်လောက် တရားဝင်အလုပ်လုပ်ခွင့် (Work Permit) လုပ်သွားခဲ့ကြသူရှိပါလိမ့်။ 

     နိုင်ငံခြားရင်းနှီး မြှပ်နှံမှုတွေဝင် ရောက်လာတဲ့အခါ ကိုယ်ကပေးရတာရှိသလို ကိုယ်ကအရယူလိုက်ရတာ လည်းရှိပါတယ်။ နည်းပညာတွေ ရထားလိုက်ဖို့လိုအပ်ပါတယ်။   
  
                                     “မျက်နှာကိုအိုးမဲသုတ်ခံခဲ့ရဖူးပြီ”
               တရုတ်ပိုင်ပေအခြေစိုက် Global Group ဟု ခေါ်တဲ့ ကုမ္ပဏီဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပေးထားသော ငွေလဲလှယ်ရေးကောင်တာ လိုင်စင်ရယူပြီး နိုင်ငံတကာမှာ နာမည်ကြီးတဲ့ Standard Bullion ၏ ရုံးခွဲဟုဆိုကာ ရန်ကုန်မြို့ ဘူတာကြီးအနီး ဆာကူရာတာဝါ သုံးလွှာမှာ လွန်ခဲ့တဲ့နှစ်နှစ်ခန့်မှ စတင်ပြီးရုံးခန်းဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့  ၂၀၁၅  ခု မေလကုန်က မြန်မာကျပ်ငွေ သန်းပေါင်း ၁,၆၀၀ (ကန်ဒေါ်လာ ၁ဒဿမ ၄၈သန်း) လိမ်လည်ပြီး ထွက်ပြေးသွားခဲ့တယ်။

          Global Growth ကုမ္ပဏီ ၂၀၀၈ ခုနှစ်တွင် NG Kwok Fai ဟာ  ဗီယက်နမ်မှာလည်း ကနေဒါအခြေစိုက် Richmark International Group ကုမ္ပဏီရဲ့လက်အောက်ခံ ဟန်ပြအဖြစ်Tactics Investment Consulting Service Co.ltd ကုမ္ပဏီကို ထူထောင်ကာ နိုင်ငံတကာ ရွှေဈေးနှင့်ငွေလဲလှယ်နှုန်း အတက်အကျပေါ်မှာ အကျိုး အမြတ်ရစေရန် ၀င်ရောက် ကစားပေးမယ်ဆိုပြီး ငွေများလိမ်လည် ထွက်ပြေးခဲ့သည့်အတွက် ဗီယက်နမ် အာဏာပိုင်များက ဖမ်းဝရမ်းထုတ် အလိုရှိခံနေရသူဖြစ်ပါတယ်။

          ဗီယက်နမ်မှာလိမ်လည်ခဲ့တာကြောင့်  အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲက အလိုရှိနေသူ Kowk Fai ဟာ မြန်မာနိုင်ငံသို့ အမည်ပြောင်းလဲခြင်းမရှိ၊ ဓာတ်ပုံပြောင်းလဲခြင်းမရှိ၊ မွေးသက္ကရာဇ်ပြောင်းလဲမရှိပဲ မူရင်းနိုင်ငံကူး လက်မှတ်နဲ့ ၀င်ရောက်လာပြီးကုမ္ပဏီထူထောင်ကာငွေများထပ်မံလိမ်လည်နိုင်ခဲ့ခြင်းဟာ အံ့သြစရာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲက အလိုရှိသူနေသူတစ်ဦးက မြန်မာနိုင်ငံသို့ အလွယ်တကူ ၀င်လာပြီး ကုမ္ပဏီ ထောင် လိမ်နိုင်လောက်အောင် အကာအကွယ်မဲ့ခြင်းမှာ မြန်မာအာဏာပိုင်များ အိုးမဲသုတ်ခံရတာဖြစ်ပါတယ်။ Global Growth ကုမ္ပဏီကိုဘယ်သူပိုင်ပြီး၊ ဘယ်လိုလိမ်လည်ခဲ့သလဲဆိုတဲ့ မေးခွန်းက လူတိုင်းစိတ်ဝင်စားတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီရွှေသမင်းဘယ်ကထွက်သနည်း?

                                 တာဝန်ယူသူမရှိဘူးဆိုပါလား”     
               ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က နိုင်ငံတကာမှ စတော့ အိတ်ချိန်း ကုမ္ပဏီများဟုဆိုကာ ရှယ်ယာရောင်းချပြီး လိမ်လည်မှုများအတွက် ကာကွယ်ရန် ဥပဒေလုံးဝမရှိသေးဘဲ စတော့ရှယ်ယာများဝယ်ယူခြင်းမပြုလုပ်ရန်သာ သတိပေးနိုင်ကြောင်း လက်ရှိ ပြည်တွင်းက လုပ်ငန်းတွေကလည်း စတော့အိတ် ချိန်းလုပ်ငန်း စစ်စစ်လို့ ပြောဖို့ခက်ပါတယ်။ ဒါကြောင့် လုံးဝ မ၀ယ်ကြဖို့ပဲ သတိပေးနိုင်ပါတယ်။ အခု Global Growth ကုမ္ပဏီ လိမ်သွားတာကလည်း စတော့ရှယ်ယာဆိုပြီး သာမန်ရိုးရိုး အတိုင်း လိမ်သွားတာပဲ’’ဟု ပြောတယ်လို့ ဆဲဗင်းဒေးမှာရေးခဲ့ပါ တယ်။

          မြန်မာနိုင်ငံမှာ မှတ်ပုံတင်ခွင့်ပြုထားတဲ့ကုမ္ပဏီပေါင်း လေးသောင်းကျော်ရှိကြောင်း၊ မှတ်ပုံတင်ခွင့်ပြုပြီး နောက်ပိုင်း အဆိုပါ ကုမ္ပဏီများ မည်သို့ဆောင်ရွက်သည်ကို စစ်ဆေးရန် ကုမ္ပဏီမှတ်ပုံတင်ဌာန အနေဖြင့် အခက်အခဲအများကြီးရှိကာ ကုမ္ပဏီမှတ်ပုံတင်ရန် အချက်အလက်ပြည့်စုံမှုရှိမရှိကိုသာ စစ်ဆေးနိုင်ကြောင်း အမျိုးစားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနထံမှသိရကြောင်းတွေကိုပါ သတင်းတွေမှာ ရေးထား ကြပါတယ်။

                                         ရိုးရှင်းတဲ့လိမ်လည်မှု
            Multi Level Marketing (MLM) ဆင့်ပွားကွန်ယက်စီးပွားရေးစနစ် အကြောင်းကို စာရေးသူဟာ ၂၀၁၄ ခုနှစ်က မြန်မာပို့စ်အပတ်စဉ်ဂျာနယ်မှာ  ဆောင်းပါးရေးဖူးပါတယ်။ အဲဒီဆောင်ပါး ပုံနှိပ်ဖေါ်ပြပြီး ရက် ပိုင်းအတွင်းမှာပဲ မြ၀တီမဲဆောက်နယ် စပ်က ZULIYAN လို့ခေတဲ့ MLM ဆင်းပွားကုမ္ပဏီက တရားစွဲမယ်ဆိုပြီး ဖုန်းဆက်ခြိမ်းခြောက်တာကိုခံခဲ့ရပါတယ်။ အယ်ဒီတာကိုလည်း မှားယွင်းကြောင်း ပြန်လည်ရေးသားပေးဖို့ ဖိအားပေးခြင်းခံခဲ့ရသည်။ စာရေးသူမှာ လူသက်သေရော ပစ္စည်းမှတ်တမ်းတွေပါ တပုံတပင်ရှိတာကြောင့် တရားစွဲ စရာရှိတာစွဲပါလို့ ပြန်ပြောခဲ့ပါတယ်။

            ဒီလိမ်နည်းတွေက ၎င်းတို့ထုတ်လုပ်တဲ့ပစ္စည်းတွေကို များများဝယ်လေ များများအမှတ်ရ လေစနစ် နဲ့ဖြစ်ပါတယ်။ ၎င်းတို့ရောင်းချတဲ့ ပစ္စည်းတွေဟာလည်း အပြင်မှာပေါက်ဈေးထက် ဆယ်ဆအဆနှစ်ဆယ် လောက်ကွာဟပါတယ်။ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီးခေတ်စားခဲ့ပါတယ်။ ဒီစနစ်ထက် ကြောက်လန်စရာ ကောင်းတဲ့ နည်းလမ်းတစ်ခုလည်းပေါ်ပေါက်ခဲ့ပါတယ်။ နိုင်ငံခြားဖြစ်အရက်နဲ့ ရေမွှေးကိုအကြောင်းပြုပြီး ရှယ် ယာတစ်ခုကို ၆ဦးမရရအောင် စည်းရုံးရပါတယ်။ ဒီစနစ်ကို ဗွီဒီယိုမင်းသားတစ်လက် ရန်ကုန်မှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ လိမ်လည်နည်းဖြစ်ပါတယ်။

          လူစဉ်မမီဖြစ်နေကြတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ နိုင်ငံခြားပြန်တွေ၊ ခေတ်ပေါ်နည်းစနစ် တွေနဲ့အလွန် အလှမ်းဝေးနေကြပါတယ်။ လိုချင်လောဘကြောင့်လည်း လိမ်လည်လို့ပိုမိုလွယ်ကူစေပါတယ်။ လူထုရော နိုင်ငံတော်အစိုးရပါအထူးသတိပြုကြရပါမယ်။ ဒါပေမယ့် ပညာရှိသတိဖြစ်ခဲဖြစ်တတ်တာမို့ ခေတ်ပြောင်းခေတ်လဲကာလမှာ နိုင်ငံတကာအတွေအကြုံတွေနဲ့ ၀င်လာကြမယ့် လိမ်လည်မှုတွေကိုအထူးသတိပြုကြဖို့ အကြံပြုတင်ပြချင်ပါတယ်။
                                                  ကျော်သောင်း