07 July 2016

“MOU အလုပ်သမား ၃၅၀ ကျော်အလုပ်ဖြုတ်ခံရ”

                                       
၂၀၁၆ ခု  ဇူလိုင်လ ၇  ရက်
မြတ်ညို (အလွတ်သတင်းထောက်)

          ဘန်ကောက်မြို့အနောက်ဘက်  ကီလိုမီတာ  ၁၀၀ အကွာတွင်ရှိသော လှပူရီခရိုင်၊ ကျုံဘိန်းမြို့နယ်၊ နော်ဘိုရွာအနီး ဂျယ်လီအလုပ်ရုံတွင် အလုပ်လုပ်နေကြသည့် MOU အလုပ်သမား ၃၅၀ ကျော်အား အလုပ် မဆင်းပဲ တစ်ရက်နေသဖြင့်  ယနေ့ အလုပ်ဖြုတ်ခံရကြောင်း အလုပ်မားခေါင်းဆောင်များကပြောသည်။

         အလုပ်ဖြုတ်ခံရသူ  ၃၅၀ ကျော်ခန့်အထဲတွင် ဇွဲသုခ အေဂျင်စီမှ ၈ဦး၊ ထူးသစ်ဇေ ကုမ္ပဏီမှ ၄၂ဦး၊ Moonbeam ကုမ္ပဏီမှ ၁၈ဦး၊ ပါဖက်ကုမ္ပဏီမှ ၇၀ ဦး၊ ရွှေရည်ဖြိုးအောင် အေဂျင်စီမှ ၁၀ ဦး နှင့် ပန်းရောင် ဘတ်ကဒ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ၃၀ ဦးခန့်ပါဝင်သည်။

     အမည်မဖေါ်လိုသည့် အလုပ်သမားခေါင်းဆောင် တစ်ဦးက “ ကျနော်တို့  လုပ်အားခ ငွေထုတ်တဲ့အခါ ဘာ အတွက် ဘယ်လောက်ဖြတ်တယ်ဆိုတာမသိရပဲ  သူတို့ထုတ်ပေးသလောက်ပဲ ကျနော်တို့ရပါတယ်။ အဲဒါကို ကျနော်တို့က ဘာသာပြန်ကတစ်ဆင့်တင်ပြပါတယ်။ အလုပ်ရုံက စလစ်စာရွက် မပေးတာကြောင့် မနေ့က ညဆိုင်းသမားတွေအလုပ်မဆင်းကြတော့ဘူး။ ဒီနေ့ နေ့ဆိုင်းသမားတွေလည်းအလုပ်မဆင်းကြတော့ဘူး။ အဲဒါကြောင့် ကျနော်တို့ကို ဒီနေ့အလုပ်ဖြုတ်တယ်လို့ပြောပါတယ်။ AAC မဟာမိတ်အဖွဲ့ကို အကူညီတောင်း ထားပါတယ်” ဟုပြောသည်။

             MOU အလုပ်သမားများပြောပြချက်များမှာ…ဇွဲသုခအေဂျင်စီသည် မြန်မာပြည်တွင် အလုပ်သမားတစ် ဦးလျှင် မြန်မာပြည်တွင် ကျပ်ငွေ ၅၇၀,၀၀၀၊ ပေးချေခဲ့ရပြီး  လူပေါင်း ၄၀၀နီးပါး ၈.၆.၂၀၁၄နေ့ကလာခဲ့သည်။ ပတ်စပို့ဖိုး ဘတ်ငွေ ၁၃,၀၀၀စီဖြတ်တောက်ထားကြောင်း အလုပ်သမားများမှာ အခြားနေရာများသို့ခွဲပို့ခဲ့သည်။  ထူးသစ်ဇေ အေဂျင်စီ အလုပ်သမား ၄၂ ဦးတို့သည် ကျပ်ငွေ ၆သိန်းပေး၍၂၈၊ ၃၊ ၂၀၁၆ နေ့ကလာခဲ့သည်။ ပတ်စပို့ဖိုး ဘတ်ငွေ ၆,၀၀၀ စီဖြတ်တောက်ထားပြီဖြစ်သည်။

     ပါဖက် အေဂျင်စီမှ ၇၀ဦးရှိသည်။ ၂၆.၁.၂၀၁၅ နေ့က ၁၀၀ ဦးလာခဲ့သည်။ တစ်ယောက်ကို ၃သိန်းခွဲပေးခဲ့ရ သည်။ စာချုပ်တွင် ငါးသေတ္တာလုပ်ရမည်ဟုဆိုသော်လည်း ကော်သီးစက်ရုံဖြစ်သွားပါသည်။ ထိုမှ ဂျယ်လီရုံသို့ ရောက် ရှိလာခဲ့ပါသည်။ ၁၂,၅၀၀ ဘတ်အဖြတ်ခံခဲ့ရသည်။ မည်သည့်အတွက် အလုပ်ဖြုတ်ခံခဲ့ရသည်ကိုမသိ ပါ။ ၃လတိုင်တိုင်  ယခုအလုပ်ရုံတွင် အလုပ်ဖြုတ်ခံခဲ့ရသည်။ မည်သည့်အထောက်အပံ့မှမရယုံ သာမက ရေခ မီးခပါပေးခဲ့ရကြောင်း အလုပ်သမတစ်ဦးက ပြောပါသည်။

           Moonbeam  အေဂျင်စီမှ အလုပ်သမား ၁၈ဦးတို့သည် တစ်ဦးလျှင် ကျပ်ငွေ ၆သိန်းစီပေးခဲ့ရသည်။ ၃.၁၁.၂၀၁၅ နေ့လာခဲ့သည်။  စာချုပ်စဉ်က ၅၀ခန့်ရှိသည်။ အခြားနေရာများသို့ပို့လိုက်ပြီးဖြစ်သည်။ ဖြိုးဝေအောင် ဆိုသူသည် လုပ်ငန်းခွင်တွင် ထိခိုက်မိ၍ လက်တွင်စတီးရိုးထည့်ရသဖြင့် ဘတ်ငွေ ၈,၀၀၀ ကုန်ကျခဲ့ပါသည်။ ဇော်မျိုးဝင်း ဆိုသူတွင် လက်တစ်ဆစ်ပြတ်တောက်သွားသဖြင့်  ဆေးကုခ ၆,၇၀၀ ဘတ် ကုန်ကျပါသည်။ အလုပ်သမားများမှာ မိမိစရိတ်ဖြင့် ဆေးဝါးကုသရရုံသာမက  အလုပ်နားသည့်အတွက် မည်သည့် အခွင့်အရေးမှ မရရှိကြောင်းပြောပါသည်။

     ရွှေရည်ဖြိုးအောင် အေဂျင်စီဖြင့် ၂၈.၉.၂၀၁၅ နေ့က ကျပ်ငွေ ၃သိန်းခွဲပေး၍ အလုပ်သမား  ၆၀ဦး အလူမီနီယံ အလုပ်ရုံဟုဆိုကာလာခဲ့ပါသည်။ သို့ရာတွင် ယခု ဂျယ်လီအလုပ်ရုံသို့ရောက်ရှိလာပါသည်။ ပတ်စပို့ဖို့ ၁၃,၀၀၀ အဖြတ်ခံထားရသည်။  ယခု ၁၀ ဦးခန့်သာရှိတော့သည်။

        AACအဖွဲ့ ခေါင်းဆောင် ကိုခိုင်ကြီး က“MOUအလုပ်သမားတွေပြဿ     နာတွေပေါ်နေတာ အလုပ်ရုံဘက်ကလို အပ်လို့ဖြစ်တာရှိသလို အေဂျင်စီတွေမရိုးသားလို့ဖြစ်တာတွေကအများကြီးရှိတယ်။ ကျနော်တို့အချက်အလက် တွေသိရတဲ့အခါ အလုပ်သမားဝန်ကြီးဌာနကိုတင်ပြတယ်။ အလုပ်သမားသံအရာရှိကိုတင်ပြတယ်။ ဒါတွေကို ဖြေရှင်းပေးဖို့အတွက်ပါ။ ဒါပေမယ့်ဝမ်းနည်းစရာကောင်းတာက အလုပ်သမားသံအရာရှိက ကျနော်တို့ MAT အဖွဲ့တို့ကို တရားမ၀င်တဲ့အဖွဲ့တွေဖြစ်တယ်။ ကျနော်တို့ကို ဆက်သွယ်ရကောင်းလားလို့ အလုပ်သမားတွေကို အပြစ်တင်တယ်။ အမှန်ဖြစ်သင့်တာက ကျနော်တို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့သင့်ပါတယ်။ ဒီအလုပ်သမားသံအရာ ရှိတွေ ပုံစံနဲ့တော့ အမေစုပြောသလို ဖြစ်လာမှာမဟုတ်ဘူး” ဟုပြောသည်။

            အလုပ်သမားများအား ညနေ၆နာရီတွင် အလုပ်ရုံထဲမှအပြီးထက်ခွာရန် ပြောဆိုထားခဲ့သော်လည်း မှောင်လာသည့်အခါ ယခုတစ်ညကို အိပ်ခွင့်ပြုမည်ဖြစ်ကြောင်း ဘာသာပြန်ကလာရောက် ပြောဆိုခဲ့သည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ဒီပြဿ     နာဖြေရှင်းတဲ့အခါ(၁) မြန်မာပြည်မှာအစိုးရသတ်မှတ်ထား တဲ့ကျပ်ငွေ တစ်သိန်းခွဲထက်ပိုကောက်ထားတာကို အေဂျင်စီတွေက သူတို့နဲ့မဆိုင်ပဲ ပွဲစားကောက်တာလို့ပြောမယ်။ (၂) စာချုပ်ချုပ်တာတမျိုး ရောက်လာကတစ်မျိုးဖြစ်နေပေမယ့် အေဂျင်စီဘာမှအပြစ်မရှိ သလိုအရူးကွက် နင်းမယ်။ (၃) ထိုင်းဘက်မှာ ထိုင်းအစိုးရသတ်မှတ်တာထက် ပိုကောက်ထားတဲ့ ဘတ်ငွေ ၃,၀၀၀ လောက်ကို ပြန်ရကောင်းရမယ်။ ရချင်မှရမယ်။ (၄) အလုပ်သမားတွေဆီက ဖြတ်တောက်ထားတဲ့ငွေတွေနဲ့ လုပ်ငန်းခွင်ထဲ ထိခိုက်ဒဏ်ရာရလို့ ဆေးဝါးကုသကုန်ကျငွေနဲ့ နားရက်အကျိုးခံစားခွင့်တွေဆုံးရှုံးလိမ့်မယ်။ ဒါဟာပွဲစားနဲ့အလုပ် သမားသံအရာရှိတို့ ဖြေရှင်းနည်းပဲ။ အဆင်မချောရင် အလုပ်သမားတွေကိုခြိမ်းခြောက် ဟိန်းဟောက်ပြီးနယ်စပ် တောင်ပြန်ပို့လိုက်အုံးမယ်” ဟုပြောသည်။

       ပွဲစားများကိုကာကွယ်ရန်အတွက် ပွဲစားများစုပေါင်း၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF ဟူသည့်အဖွဲ့အား မြန်မာအလုပ်သမားဝန်ကြီးဌာနက လုပ်ကိုင်ခွင့်များပေးအပ်ထားသည်။
သို့ရာတွင် MOU အလုပ်သမားများနှင့်အခြားအလုပ်သမားများ၏ ပြဿ     နာများကို ထိရောက်စွာ ကာကွယ်
ကူညီပေးနိုင်သည့်အဖွဲ့ဟူ၍ ထိုင်းနိုင်ငံတွင် မရှိသေးပေ။ 

       အလုပ်သမားကူညီစောင့်ရှောက်နိုင်ရေးလုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့စဉ်က အလုပ်သမားကူညီသည့်အဖွဲ့များကတင်ပြအကြံပြုခဲ့ကြသော်လည်း ယနေ့တိုင် အကောင်အထည်မဖေါ်နိုင်သေးပေ။

 ဒေါ်အောင်ဆန်းစုကြည် ကထိုင်းရောက်အလုပ်သမားများ အခက်အခဲများကို မြန်မာသံရုံးသို့လာရောက်၍ အကူညီတောင်းခံနိုင်ကြောင်းလူသိရှင်ကြားပြောဆိုခဲ့သော်လည်း လက်တွေ့တွင် အကူညီမရကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများကပြောဆိုနေကြသည်။