06 December 2016

“ငါးဖမ်းလှေတွင်ရောင်းစားခံရသူ၂ဦးကို MAT အဖွဲ့ကကယ်ထုတ်”




၂၀၁၆ ခု ဒီဇင်ဘာလ ၆ ရက်
စိုင်းသန့်

          ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော်အကွာတွင်ရှိသော ခြုံဘူရီခရိုင်၊ ချောင်းစမေးစံ ငါးဖမ်းလှေဆိပ် ၂ခွတံတား လှေအမှတ် (၁၄) တွင် ၇လခန့်ရာင်းစားခံခဲ့ရသူ ၂ဦးအား ယနေ့နေ့လည်က MAT အဖွဲ့က ရွာသူကြီးအကူညီဖြင့်ကယ်ထုတ်နိုင်ခဲ့ကြပါသည်။

         ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေရွာမှ အသက် ၃၂ နှစ်အရွယ် ကိုသန်းမြင့် သည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကန်ဖေအရပ်ရှိ တောင်ယာလုပ်ငန်းလုပ်ကိုင်နေရာမှ လူပို့သည့်ပွဲစားက စက်ရုံအလုပ်ရုံတွင် လုပ်ရမည်ဟု ပြောဆိုသဖြင့် လိုက်ပါလာခဲ့သည်ဟုဆိုပါသည်။ မွန်ပြည်နယ် ဘီးလင်းမှ အသက် ၃၁ နှစ်အရွယ် ကိုကျော်စွာလင်း ဆိုသူမှာ မြ၀တီမြို့ကျခပ်ဘုန်းတော်ကြီးကျောင်းတွင် တည်းခိုနေ စဉ် ပွဲစားက အလုပ်ရုံ တွင်လုပ်ရမည်ဟု ဆိုကာ တနင်္သာရီတိုင်း ရေးမြို့နယ်ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့   ရောက်ရှိလာခဲ့ကြသည်ဟု ၎င်းတို့ကပြောသည်။



ကိုသန်းမြင့် က “လုပ်အားခလည်းမရဘူး၊ အဆဲအဆူခံပြီးလုပ်ရတယ်။ ကိုကျော်စွာလင်း ကဖေးဘွတ်ကနေ ဖုန်းနံပါတ်ရလို့ MAT အဖွဲ့ကို ဆက်သွယ်ပြီး အကူညီတောင်းခံခဲ့တာပါ။ ကျနော်တို့လုပ်အားခကိုလည်း
 တောင်းပေးပါတယ်။ ဘတ်လုပ်ထားတဲ့ စရိတ်တွေနုတ်ပြီး ကျနော့်မှာ ဘတ်တစ်သောင်းကျော် ကျန်ပါ တယ်။ ကူညီပေးသူမရှိရင် ကျနော်တို့ မသေမချင်းလုပ်နေကြရမှာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်” ဟုပြောသည်။ 

         ယခုကယ်တင်လာသည့်အလုပ်သမားများတွင် ပန်းရောင်ဘတ်ကဒ်များရှိသဖြင့် ၎င်းတို့နေရပ်ရင်း သို့ပြန်လျှင်လည်းဖြစ်သလို ထိုင်းနိုင်ငံအတွင်း အလုပ်ဆက်လက်လုပ်ကိုင်လိုပါကလည်း အလုပ်အကိုင် ရှာဖွေပေးထားမည်ြ ဖစ်ကြောင့် MAT ရုံးတာဝန်ခံ ကိုစိုင်းအေးက ပြောပါသည်။

       MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ကျနော်တို့ အဖွဲ့မှတ်တမ်းအရဆိုရင် ဒီနှစ်လူကုန်ကူးခံရသူ ပိုပြီးကယ် နိုင်လိုက်ပါတယ်။ဒါပေမယ့် နှစ်နိုင်ငံအစိုးရတို့လုပ်ပုံလုပ်နည်းတွေပုံစံပြောင်းသွားတယ်။ မြန်မာလူ ကုန်တားဘက်ကို ဆက်သွယ်ရတာခက်ခဲလာတယ်။ ထိုင်းဘက်ကလည်း လူကုန်ကူးခံရသူတွေကိုယ်ထုတ် ဖို့  ပွဲစားတွေကို ဖမ်းဆီးဖို့ မြန်မာပြည်မှာအမှုဖွင့်ထားတာတွေ၊ တရားရုံးကဖမ်းဝရမ်းတွေကိုပါ တောင်းခံ လာတယ်။ ကျနော်တို့က အစိုးရလည်းမဟုတ်တော့ ထိုင်းဘက်ကတောင်းတာတွေ မပေးနိုင်တော့ဘူး။   မြန်မာလူကုန် တားဖက်ကိုပြော တော့လည်း အပေါ်အောက် လက်ညှိးထိုးနေကြတော့ လူကုန်ကူးခံရသူေ တွ ကို ကယ်ထုတ်ဖို့ အတော်ခက်ခဲသွားပါတယ်။ ဒီ့အတွက်တော့ လူကုန်ကူးခံရသူတွေကံကြမ္မာအတွက် အတော့်ကို ရင်လေးစရာဖြစ်သွားပါတယ်” ဟုပြောသည်။


          အမည်မဖေါ်လိုသည့် မြန်မာအစိုးရလူကုန်တားအရာရှိတစ်ဦးက "ကျနော်တို့တပ်ဖွဲ့ထဲမှာ အလုပ်
လုပ်လို့ အဆင်မပြေဖြစ်နေတာက  မျောက်ကို ခြံထဲမှာလှောင်ထားပြီး ၀က်ကို အုန်းပင်တက်ခိုင်းသလို
ဖြစ်နေတယ်" လို့ တိုရှင်းထိမိသည့်စကားကိုပြောဆိုသွားပါသည်။

    ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MATသည် ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျကရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ခုနှစ်တွင်၂၉၂ဦး၊ 
၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦးနှင့် ၂၀၁၅ခုနှစ်တွင် အကြိမ်၂၃ ကယ်တင်မှုတွင် ၁၇၄ ဦးတို့ အား ကယ်ထုတ်နိုင်ခဲ့ပြီးလူကုန်ကူးသူပေါင်း ၁၀ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။  
 
     ၂၀၁၆  ခုနှစ်ကုန်ခါနီးအထိ လူကုန်ကူးမှု အကြိမ် ၂၇ နှိမ်နင်းရာတွင် ပွဲစား ၁၀ဦးကို တရားစွဲဆိုနိုင်ခဲ့ပြီး လူကုန်ကူးခံရသူပေါင်း ၃၄၇ တို့ကို ကယ်တင်နိုင်ခဲ့ပါသည်။