08 November 2014

စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးကိစ္စ ကူညီဆောင်ရွက်ပေးနေသည့် ဦးကျော်သောင်းကို နာမည်ပျက်စာရင်းသွင်းခြင်း မဟုတ်ဟု လ .၀ .က တာဝန်ရှိသူ ပြောကြား



Published on: November 7, 2014
Written by: ဥာဏ်ဝင်းရှိန်

ခိုထောင်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးကိစ္စတွင် ကူညီဆောင် ရွက်ပေးနေသူ တစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နာမည်ပျက်စာရင်း သွင်း လိုက်ခြင်းမဟုတ်ဘဲ တိုင်ကြားစာရောက်ရှိထားသဖြင့် စစ်ဆေးခြင်းသာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်
ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကThe Daily Eleven သတင်းစာသို့ ပြောကြား သည်။

နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီခန့်တွင် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသို့ အပြန်တွင် ယင်းကဲ့သို့ အမည် ပျက်စာရင်း အသွင်းခံရကြောင်းကို လ.ဝ.ကမှ ပြောသဖြင့် သိရှိရခြင်း ဖြစ်ကြောင်း ဦးကျော်သောင်း ကဆိုသည်။


“ဒီနေ့နံနက် ၆ နာရီခွဲလောက်က ထိုင်းကိုပြန်ဖို့ လေဆိပ်ကိုရောက်တယ်။ အဲဒီမှာ လူဝင်မှုကြီးကြပ်ရေးကိုဖြတ်တော့ သူတို့က ကျွန်တော့်ကိုခေါ်ပြီးပြောတယ်။ ပြီးတော့ ကျွန်တော့်ကို လ.ဝ.က အခန်းထဲမှာ တစ်နာရီ နီးပါးကြာအောင် ထိုင်ခိုင်းထားတယ်။ နာမည်ပျက်စာရင်း သွင်းလိုက်တယ်ဆိုတာ အဲဒီကျမှသိရတယ်။ ကျွန်တော့်တစ်သက်မှာ နိုင်ငံတော်ကို ပုန်ကန်တာလည်းမရှိဘူး။ ဘာပြစ်မှုမှလည်း မလုပ်ခဲ့ဖူးဘူး။ အသက်အန္တရာယ်ကြားထဲကနေပြီးတော့ လူမှုရေးလုပ်နေတဲ့ ကျွန်တော့်ကို ဒီလိုမျိုး နာမည်ပျက်စာရင်းသွင်းတဲ့ လ.ဝ.ကကိုတော့ တော်တော်အံ့ဩမိတယ်လို့ပြောချင်တယ်” ဟု ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည့် ဦးကျော်သောင်း က နိုဝင်ဘာ ၆ ရက်က ပြောကြားသည်။

ထိုသို့ နာမည်ပျက်စာရင်း သွင်းမသွင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း လ.ဝ.က မှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိကြီးတစ်ဦးက“ဦးကျော်သောင်းကို နာမည်ပျက်စာရင်းသွင်းတယ်ဆိုတာ မဟုတ်ပါဘူး။ လေဆိပ်မှာရှိတဲ့ လ.ဝ.က ဝန်ထမ်းတွေဆီကို ဦးကျော်သောင်း နာမည်နဲ့ တားပေးပါလို့ စာတစ်စောင်က ဝင်ထားတာရှိတယ်။ အဲဒီစာက ပြည်ပအလုပ်ကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်က ပို့ထားတာဖြစ်တယ်။အဲဒီထဲမှာ ဦးကျော်သောင်းနာမည်က ပါနေတယ်။ အဲဒါနဲ့ သူ့အခြေအနေတွေကို မေးမြန်းပြီးတော့ သွားလိုရာခရီးကို ဆက်သွားဖို့ လ.ဝ.က ဝန်ထမ်းတွေက ဆုံးဖြတ်လိုက်တယ်လို့ သိရတယ်။ နာမည်ပျက်စာရင်း သွင်းထားတယ်ဆိုတာ မဟုတ်ပါဘူး။ နာမည်ပျက်စာရင်းထဲမှာ သူမပါပါဘူး”ဟု ပြောကြားသည်။

Eleven Media Group