09 November 2014

ထိုင်းရောက်မြန်မာလုပ်သားများ ပထမဆုံးအကြိမ် မျက်နှာသာရခြင်း

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သားတစ်ဦး၏ မိဘနှစ်ပါး/ဓာတ်ပုံ − ငြိမ်းချမ်း

Byထူးချစ်On  Sat, 2014-11-08 15:17Issue No.အတွဲ (၁၃)၊ အမှတ် (၃၅)

ဗြိတိန်နိုင်ငံသား မစ္စတာဒေးဗစ်မီလာနှင့် မစ္စဟန်နာဝစ်သာရစ်ခ်ျတို့ နှစ်ဦးတို့သည် ထိုင်းနိုင်ငံတောင်ပိုင်း စူရပ်ဌာနီခရိုင်အတွင်းက နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ အပန်းဖြေအနားယူလေ့ရှိတဲ့ လူစည်ကားလှသော လိပ်ကျွန်းမှာ စက်တင်ဘာ ၁၅ ရက်က ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ရာဇဝတ်မှုတွေဖြစ်တိုင်းလိုလိုပင် ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်စားသောက်နေကြ တဲ့ မြန်မာ
ရွှေ့ပြောင်းအလုပ်သမားတွေဟာ အဓိက သင်္ကာမကင်းခံရ၊ သံသယမျက်လုံးနဲ့ အကြည့်ခံရ တဲ့သူတွေ ဖြစ်ခဲ့ရပါတယ်။ အခင်းဖြစ်ပြီးရက်ပိုင်းအတွင်းမှာပဲ ကျွန်းပေါ်မှာ လုပ်ကိုင်စားသောက်နေသော ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပါတယ်။ တချို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆိုရင် စစ်ဆေးမေးမြန်းစဉ်ကာလမှာ ရိုက်နှက်၊ ညှဉ်းပန်း၊ ခြိမ်းခြောက်မှုတွေ ခံခဲ့ကြရပြီး မျိုးရိုးဗီဇဆန်းစစ်မှု(DNA)တွေပါ စစ်ဆေးခံကြရတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။


အခင်းဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာမှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးဖြစ်တဲ့ မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ တရားမဝင်နိုင်ငံခိုးဝင်မှု စသည့်အမှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါ လူငယ်နှစ်ယောက်က မိမိတို့အနေနဲ့ ဗြိတိန် စုံတွဲကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ကာယကံရှင်နှစ်ဦးအနေနဲ့ မည်သို့ပင် ဝန်ခံခဲ့သော် လည်း အဆိုပါလူသတ်မှုဟာ မြန်မာနိုင်ငံသားတွေ ပါဝင်ပတ်သက်ခြင်း မဖြစ်နိုင်ဘူး၊ အတင်းအဓမ္မ ဓားစားခံလုပ်ခံရတာ ဖြစ်နိုင်တယ်လို့သာ ထိုင်းနဲ့မြန်မာလူမျိုးတွေ အပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းတွေက ယုံကြည်ခဲ့ကြပါတယ်။



မြန်မာအစိုးရ၏ပါဝင်ပတ်သက်မှု
ခေတ်အဆက်ဆက်က ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်စားသောက်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ မြန်မာအစိုးရအဆက်ဆက် လျစ်လျူရှုခဲ့၊ ဂရုမစိုက်ခဲ့မှုများနဲ့ အကာအကွယ်ပြည့်ပြည့်ဝဝ မပေးခဲ့မှုများဟာ မြန်မာနိုင်ငံသားတွေအတွက် ပိုပြီးဒုက္ခပင်လယ်ဝေစေခဲ့ရပါတယ်။

အခု ခိုတောင်(လိပ်ကျွန်း)ကိစ္စမှာတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဦးဆောင်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားလူငယ်နှစ်ဦးကို တရားဥပဒေအရ အကူအညီပေးနိုင်ရန် မြန်မာသံရုံးမှဝန်ထမ်းများ အပါအဝင် ထိုင်းနိုင်ငံတွင်းမှာ အလုပ်သမားအခွင့်အရေးကိစ္စတွေ ဆောင်ရွက်နေ တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး အထူးစုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ အခုလို မြန်မာအစိုးရအနေနဲ့ အမှုကိစ္စမှာ ဝင်ရောက်ကူညီပေးနေတာဟာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေအပါအဝင် ဒေသခံထိုင်းလူမျိုးတွေကို အင်မတန် အံ့အားသင့်စေခဲ့ပါတယ်။

မြန်မာသံအမတ်ကြီးအနေနဲ့ အောက်တိုဘာ ၂၄ ရက်မှာ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ ထိုင်းနိုင်ငံရှေ့နေများကောင်စီက တာဝန်ရှိသူတွေကို ဘန်ကောက်မြို့၊ မြန်မာသံရုံးမှာ ခေါ်ယူတွေ့ဆုံပြီး အမှုအတွက် လိုအပ်မယ့်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

‘‘မြန်မာအလုပ်သမားတွေအနေနဲ့ အခုအမှုကိစ္စမှာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျွန်တော်တို့အနေနဲ့ ထိုင်းဥပဒေအရ အတတ်နိုင်ဆုံး အကာအကွယ်ပေးသွားမှာပါ’’လို့ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအနေနဲ့ အောက်တိုဘာ ၂၉ ရက်မှာ မြန်မာအစိုးရအတွက် သမိုင်းဝင်စေမယ့် နေ့တစ်နေ့ကို ဖန်တီးလိုက်ပါတယ်။ မြန်မာအစိုးရအဆက်ဆက်အနေနဲ့ ထိုင်းရှေ့နေများကောင်စီကို တရားဝင်သွားရောက်လည်ပတ်ခဲ့တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ သံအမတ်ကြီးအနေနဲ့ ရှေ့နေများကောင်စီရုံးကို ရောက်တဲ့အချိန်မှာတော့ သူ့အနေဖြင့် စိတ်ပေါ့ သွားကြောင်း၊ အစ်ကိုကြီးတစ်ယောက်ကို လာတွေ့ရသလို ခံစားရကြောင်း ရှေ့နေများကောင်စီ ရဲ့ဥက္ကဋ္ဌကြီးကို ပထမဦးစွာ ပြောကြားခဲ့ပါတယ်။

အဲဒီအပြင် သံအမတ်ကြီးက‘‘ထိုင်းရှေ့နေများကောင်စီရဲ့လုပ်ဆောင်ချက်တွေကို အချိန်ယူပြီး လေ့လာ ခဲ့ပါတယ်။ ထိုင်းနဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ရှေ့နေအဖွဲ့အစည်းတွေ၊ ဘယ်အဖွဲ့အစည်းတွေကို အမှုအပ် ရင်ကောင်းမလဲလို့ အချိန်ယူပြီး စဉ်းစားခဲ့ပါတယ်။ ထိုင်းရှေ့နေများကောင်စီရဲ့ မှန်မှန်ကန်ကန် လုပ်ဆောင် ခဲ့မှုများကို ယုံကြည်သည့်အတွက် ကျွန်တော့်အနေနဲ့ ထိုင်းရှေ့နေများကောင်စီရုံးမှာ တရားဝင် အမှု လာရောက် အပ်နှံတာ ဖြစ်ပါတယ်။ ကျွန်တော့်မှာရှိနေတဲ့ အပူလုံးကြီးကို ထိုင်းရှေ့နေများကောင်စီကို လွှဲပြောင်းပေးအပ်လိုက်ပါပြီ’’လို့ ပြောကြားလိုက်ပါတယ်။

ထိုင်းရှေ့နေများကောင်စီရဲ့ ဥက္ကဋ္ဌကြီးကလည်း တရားဥပဒေအရ မျှမျှတတ၊ မှန်မှန်ကန်ကန်ဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အကြောင်း ကတိပေးပြောကြားခဲ့ပါတယ်။ တစ်ဆက်တည်း မှာပဲ ထိုင်းရှေ့နေများကောင်စီအနေနဲ့ ထိုင်းတစ်နိုင်ငံလုံးမှာ တရားဥပဒေအရ အထောက်အကူပြုနိုင်ဖို့ ရုံးပေါင်း ၁၁၅ ရုံး ဖွဲ့စည်းထားပြီး အကူအညီလိုအပ်မယ့် လူတွေအတွက် အခကြေးငွေမယူဘဲ ကူညီဆောင်ရွက်လျက်ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုဆိုရင် ထိုင်းရှေ့နေများကောင်စီအနေနဲ့ ခိုတောင်ကျွန်း(လိပ်ကျွန်း)အမှုကို ကူညီဆောင်ရွက်ဖို့၊ ကျွမ်းကျင်တဲ့ လူ့အခွင့်အရေး ရှေ့နေ ၁၂ ယောက် အပါအဝင် လုပ်ငန်းကော်မတီနဲ့ အဆိုပါကော်မတီကို အကြံပေးဖို့ အတွေ့အကြုံများတဲ့ ထိုင်းရှေ့နေကြီးရှစ်ယောက် အပါအဝင် အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ စုစုပေါင်း ထိုင်းလူ့အခွင့်အရေးကျွမ်းကျင်သူ ရှေ့နေ ၂၀ ယောက်က မဟာဗျူဟာ၊ နည်းဗျူဟာကျကျ ဆောင်ရွက်နေပါတယ်။

ထိုင်းရှေ့နေများကောင်စီဘက်ကလည်း မြန်မာအစိုးရအနေနဲ့ အခုလို တရားဝင် အမှုလာရောက် အပ်နှံတဲ့ အတွက် မိမိတို့အနေနဲ့ ကျေးဇူးတင်ကြောင်း၊ ထိုင်းရှေ့နေများကောင်စီ ဖွဲ့စည်းတည်ထောင်စဉ်ကတည်းက မြန်မာအစိုးရအာဏာပိုင်တွေအနေနဲ့ တရားဝင်ပူးပေါင်းဆောင်ရွက်တာဟာ အခုကိစ္စက ပထမဦး ဆုံးဖြစ်ကြောင်း ထိုင်းရှေ့နေများရဲ့လုပ်ငန်းကော်မတီတွင် ပါဝင်သည့် အဆိုပါအမှု ဖြစ်စကတည်းက လိုက်ပါဆောင်ရွက်ပေးတဲ့ ထိုင်းရှေ့နေ မစ္စတာ Thanu Aekchote က ပြောထားပါတယ်။

ထိုင်းရှေ့နေများကောင်စီရဲ့ ဥက္ကဋ္ဌကြီးကတော့ အခုမြန်မာအလုပ်သမားနှစ်ဦး ရင်ဆိုင်နေရတဲ့အမှုဟာ ထိုင်းနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်အတွက် အရေးကြီးသလို ထိုင်းလူမျိုးတွေရဲ့ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တဲ့အတွက် အမှားအယွင်းခံလို့ မရပါဘူး။ တရားခံလို့စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကိုလည်း အမှုတင်လို့တောင် မရသေးပါဘူးလို့ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ မြန်မာသံရုံးက အထူးဖွဲ့စည်းထားတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အစွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ထပ်မံတွေ့ဆုံဖို့ ကော့စမွီအကျဉ်းထောင်ထဲကို သွားရောက်ခဲ့ပြီး အတည်ပြုချက် ရယူခဲ့ပါတယ်။ တရားခံလို့ အစွပ်စွဲခံထားရတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့ဘက်က ထပ်မံအတည်ပြုပြောကြားခဲ့တာကတော့ အဆိုပါလူသတ်မှုမှာ သူတို့အနေနဲ့ ပါဝင်ပတ်သက်မှု လုံးဝမရှိခဲ့ကြောင်း၊ ၎င်းတို့အနေနဲ့ နှိပ်စက်ခံရပြီး ကိုယ်လက်အင်္ဂါတွေဖြတ်ပစ်မယ်၊ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရတဲ့အတွက်ကြောင့် ကြောက်ရွံ့ပြီးဝန်ခံခဲ့တာပါလို့ ထပ်မံအတည်ပြုပြောပါတယ်။

ခိုတောင် (လိပ်ကျွန်း) လူသတ်မှုကိစ္စဟာ ထိုင်းရှေ့နေများကောင်စီက ပြောကြားခဲ့သလို ထိုင်းနိုင်ငံ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ခြစားမှုတွေနဲ့ပတ်သက်သလို တရားခံလို့ အစွပ်စွဲခံထားရတဲ့ မောင်ဇော်လင်းတို့ နှစ်ယောက်ရဲ့ ပြဿနာတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ထိုင်းနိုင်ငံထဲမှာ လာရောက်လုပ်ကိုင် စားသောက်နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား(သုံး)သန်းကျော်အတွက် တရားဥပဒေစိုးမိုးရေးပြဿနာလို့ မြင်ရမှာဖြစ်ပါတယ်။ ခိုတောင်(လိပ်ကျွန်း)လူသတ်မှုကို တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ တရားစီရင် မှုဖြစ်ဖို့အတွက်ဆိုရင် မြန်မာအစိုးရ၊ အတိုက်အခံ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် မြန်မာပြည်သူ လူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်လို သဘောထားပြီး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ရပါတယ်။

 7Day News Journal