13 November 2014

“ဘန်ကောက်အလုပ်သမားသံအရာရှိနှင့်MOEAF ရုံးအားဆန္ဒပြ”



                                    “ဘန်ကောက်အလုပ်သမားသံအရာရှိနှင့်MOEAF ရုံးအားဆန္ဒပြ”
၂၀၁၄ နိုဝင်ဘာ ၁၃
မင်းဘခက်
          ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်တာဝန်ထမ်းဆောင်နေသောအလုပ်သမားသံအရာရှိနှင့် အေဂျင်စီများ အဖွဲ့ချုပ်MOEAF ရုံးတို့အား အလုပ်သမားအရေးဆောင်ရွက်သူများနှင့်အလုပ်သမားအင်အား ငါးဆယ်ဦးခန့် တို့ က တစ်နာရီခန့်ကြာဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အတွင်းရေးမှူးနှင့် ထိုင်း အခြေစိုက် ရခိုင်အမျိုးသားပါတီ ANP တို့ ဦးဆောင်လျှက် MOU ဖြင့် ရောက်ရှိလာပြီး ဒုက္ခပေါင်းစုံ ကြုံတွေ့ နေကြရ သော မြန်မာအလုပ်သမားငါးဆယ်ဦးခန့်တို့ ပူးပေါင်း၍ တစ်နာရီခန့်ကြာ ဆန္ဒထုတ်ဖေါ်ခဲ့ကြခြင်း   ဖြစ်သည်။
       ဦးဆောင်သူတစ်ဦးဖြစ်သော ANP ပါတီဥက္ကဌ ကိုခိုင်အံ့မောင် က“ MAT အဖွဲ့က ထိုင်းမှာ ဒုက္ခရောက် တဲ့အလုပ်သမားတွေကို ထိထိရောက်ရောက် တကယ်ကူညီနေသူတွေဖြစ်တယ်။ MOEAFဆိုတာ ပွဲစားတွေ ပဲဖြစ်တယ်။ သူတို့တွေ လုပ်တာ မမှန်ကန်လို့ အလုပ်သမားတွေ အခက်ကြုံရတာဖြစ်တယ်။ အဲဒီလို ကူညီနေတဲ့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကိုအမည်ပျက်စာရင်းသွင်းတယ်။ ကူညီပေးတဲ့သူတွေကို ဒီလို အမည် ပျက်စာရင်းနောက်ထပ်သွင်းရင် ထိုင်းမှာ ဘယ်သူတွေ ကူညီတော့မလဲ။ အဲဒါကြောင့် မြန်မာလ၀က ၀န်ကြီး ဌာနက အမည်ပျက် စာရင်း ကိုပယ်ဖျက်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာဖို့လိုပါတယ်” ဟုပြောသည်။
         
  ဦးကျော်သောင်း သည် နိုဝင်ဘာ ၄ရက်နေ့က ကော့တောင်(လိပ်ကျွန်း)လူသတ်မှုဖြင့် စွတ်စွဲခံနေရ သော ၀င်းဇော်ထွန်း နှင့် ဇော်လင်းတို့၏ မိဘ ၄ဦးတို့အား ကော်မတီ၏ တာဝန်ပေးချက်အရ ရန်ကုန်မြို့သို့ လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။ ဦးကျော်သောင်း သည် နိုဝင်ဘာ ၆ရက်နေ့တွင် အထူးစုံစမ်းရေး ကော်မတီ အစည်းဝေးနှင့် ၇ရက်နေ့တွင် ရှေ့ နေများကောင်စီနှင့် အစည်းဝေးလုပ်ကြရမည်ဖြစ်သည်။ သို့ဖြစ်၍ ၆ရက် နေ့နံနက်၆နာရီအချိန်က ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ရောက်ရှိလာခဲ့သည်။ လေဆိပ် လ၀က အား ဖြတ်သန်း စဉ် ဦးကျော်သောင်း အား အမည်ပျက်စာရင်း BLACK LIST သွင်းထားသဖြင့် ထွက်ခွာခွင့်မပြုပဲ လေဆိပ် လ၀ကရုံးခန်းသို့ ခေါ်ယူကာ တစ်နာရီခန့်ကြာစစ်ဆေးခံခဲ့ရပါသည်။



          MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီး က “ အလုပ်သမား ၀န်ကြီးနဲ့ ညွန်ကြားရေးမှူးတို့လာလို့ ကျနော် တို့နဲ့တွေ့ရတဲ့အခါ MOU ကိစ္စတွေကို ပြင်ဆင်သင့်တာတွေကို အထောက်အထားတွေနဲ့တင်ပြတယ်။ သူတို့ ကိုယ်တိုင်က ပွဲစားတွေ လူလိမ်တွေနဲ့ပဲပေါင်းလုပ်စားနေတာ။ အလုပ်သမားတွေနဲ့ ကျနော်တို့ တင်ပြတာကို မသိချင်ယောင်ဆောင်တယ်။ ကျနော်တို့က ပြဿနာကိုရှင်းနေရသူတွေဖြစ်တယ်။  အလုပ်သမားဝန်ကြီးဌာနက ပွဲစားတွေပေါင်းဖွဲ့ထားတဲ့ MOEAF နဲ့ ပေါင်းပြီး ကျနော်တို့ ခေါင်းဆောင် ဦးကျော်သောင်း ကိုဘလက်လစ်သွင်း
သွင်းဖို့ လက်မှတ်ထိုးထားတယ်လို့ကြားတယ်။ သူရောက်လာရင် ကျနော်တို့ အကြီး အကျယ် ဆန္ဒပြအုံးမယ်။ ကူညီပေးသူကိုအပြစ်ရှာပြီး မြန်မာတွေကိုရောင်းစားနေတဲ့ ပွဲစားတွေကိုတော့ သူတို့ ကအကာအကွယ်ပေး တယ်၊ ဒီလိုလဘ်စားတဲ့ အရာရှိတွေကြောင့် ကျနော်တို့အလုပ်သမားတွေ ထိုင်းမှာ နှိပ် ကွပ်ခံနေကြရတာ ဖြစ်တယ်”ဟုပြောသည်။
          
   သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် အလုပ်သမားသံအရာရှိ ၂ဦးလာ ရောက်၍ MOU အလုပ်သမားတင်သွင်းခြင်းအား လုပ်ကိုင်သွားခဲ့ကြပြီးဖြစ်သည်။ တရားမ၀င်လူကုန်ကူးနေ ကြသော ထိုင်းနှင့်မြန်မာပွဲစားများအား အလုပ်သမားခေါ်စာများ ထုတ်ပေးသဖြင့် အလုပ်သမားသံအရာရှိ တို့မှာ အကြီးအကျယ် ချမ်းသာခဲ့ကြပြီးဖြစ်သည်။ အလုပ်သမားသံအရာရှိများနှင့်အတူ ၎င်းတို့အနားတွင် ဘာသာပြန် ပေးကြသူများသည် ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ ရောက်ရှိလာသည့် အလုပ်သမားခေါ်စာများအား ဈေးကောင်းရရှိသည့် ကုမ္ပဏီများအား ရောင်းချလေ့ရှိသည်။ MOUအလုပ်သမားတင်သွင်းခြင်းလုပ်ငန်းစဉ်သည် တရားမ၀င်အလုပ်သမားများတရားဝင်ဖြစ်ရေးနှင့် လူကုန်ကူမှုပပျောက်ရေးအတွက် ဟု မြန်မာအစိုးရတို့က  ဟစ်ကြွေးခဲ့ကြသည်။
            တကယ့်လက်တွေ့တွင် မြန်မာအလုပ်သမားတို့သည် လယ်ယာ၊ကျွဲနွား၊အိမ်ခြံမြေတို့အား ထုခွဲ၍ လာရောက်အလုပ်လုပ်ကိုင်ကြသည့်အလုပ်သမားအများစုမှာ အခက်ကြုံလျှက်ရှိကြသည်။ MOU အလုပ် သမားများ ပြဿနာပေါ်ပေါက်လာပါက အလုပ်သမားသံအရာရှိ ဆိုသူလည်း မရှင်းလင်းနိုင်သလို အလုပ် သမားခေါ်စာ အရောင်းအ၀ယ်အ၀ယ်အတွက် ဖွင့်လှစ်ထားသည့် MOEAF ရုံးသို့ အကြောင်းကြားပါကလည်း အလုပ်သမားများအား နယ်စပ်သို့သာပြန်လည်ပို့ဆောင်ပေးလေ့ရှိပါသည်။
          

  မြန်မာအလုပ်သမားဝန်ကြီးဌာနနှင့် ပွဲစားများအဖွဲ့ချုပ် MOEAF သည် မြန်မာပြည်ကို နှစ် ၂၀ခန့် လက်ညှိးထိုး၍ အင်ဂျီအိုအလုပ်ကို လုပ်စားနေကြသော ထိုင်းနှင့်မြန်မာအချို့တို့နှင့်ပူးပေါင်း၍ အလုပ်သ မားကူညီရေးလုပ်ကြတော့မယောင် အခမ်းအနားလုပ်ပွဲများ ဓါတ်ပုံများအား တွေ့နေကြရသည်။ ယခုသတင်း ကိုဖတ်ရှုကြရသော ပြည်တွင်း ပြည်ပမှ အလုပ်သမားများ၊ မိသားစုများတို့သည် ထိုင်းနိုင်ငံအတွင်း အခြေ စိုက် ကြသော မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိ၊ အိုင်အင်ဂျီအိုများ၊ အင်ဂျီအိုများ၊ ကွန်ယက်များ၊  အလုပ်သမား အဖွဲ့အစည်းများအား ၎င်းတို့ကြေညာထားကြသည့်ဖုန်းများအား ဆက်သွယ်ကြည့်ကြစေလိုပါသည်။
            ထိုအခါ မည်သည့်အဖွဲ့သည် ကူညီသည့်အဖွဲ့ဖြစ်ပြီး မည်သည့်အဖွဲ့သည် လူကြားကောင်းအောင် လုပ်စားနေကြသူများဖြစ်ကြောင်း သိရှိနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း သုံးလေးသန်းထက်မနည်းရှိနေ ကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စရပ်များသည် အမည်ခံ လုပ်သင့်သည့် ကိစ္စရပ်များ
မဟုတ်ကြောင်း မြန်မာအလုပ်သမားဝန်ကြီး ဂရုပြုသင့်ပါသည်။
ဓါတ်ပုံများကို (MAT) ဟုရေးထိုးလျှက် မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။