18 June 2015

“စေတနာ့ဝန်ထမ်းကျောင်းဆရာမ၂ဦးကိုထိုင်းရဲဖမ်းဆီးငွေတောင်း”

                        
၂၀၁၅    ခုဇွန်လ၁၈
စောမြတ်ချို+ ဆန်းဦး

         ဘန်ကောက်မြို့ဖက်ကဆင်အုန်းနွဲ့ ၉၅လမ်းတွင် အလုပ်သမားများစုပေါင်းဖွင့်လှစ်ထားကြသည့် မူလတန်းလွန်စာသင် ကျောင်းမှ ဆရာမတစ်ဦးနှင့် ဖက်ကဆင် ၁၂၂ လမ်းတွင်ရှိသော Line Like အထည် ချုပ်စက်ရုံအနီးတွင်ဖွင့်လှစ်ထားသော စာသင်ကျောင်းမှ ဆရာမတို့အား ထိုင်းရဲကဖမ်းဆီး၍ ငွေကြေး အမြောက်အမြားတောင်းခံခဲ့ကြောင်း သိရှိရသည်။

          ဖက်ကဆင် ၉၅လမ်းတွင် ချမ်းမြေ့ပါစေပရဟိတအသင်း ကအသင်းသား၃၀ဦးက တစ်လလျှင် ထည့်ဝင် ငွေ ဘတ် ၆၀၀ဖြင့်စုပေါင်း၍ ဇွန်လ ၉ရက်နေ့က စတင်၍ ၄နှစ်အောက် ကလေးနှစ်ဆယ်ကျော် တို့ကို စာသင်  ကြားနေခဲ့သည်။ ဇွန်လ ၁၆ရက်နေ့က ကထုန်ဘန် ပုလိပ်များက စီးနင်းဝင်ရောက်ဖမ်းဆီးရာ ဆရာမနှင့်အတူ ညဘက်အလုပ်လုပ်၍ အပေါ်ထပ်တွင် အိပ်နေကြသည့် ကျောင်းအကျိုးဆောင် ကိုကျော်ဇေယျ  နှင့် ကိုရဲညီ တို့ကို ပတ်စပို့နှင့် ၀တ်ပါမစ်ရှိသော်လည်း နေရာမတူဟု ဆိုကာဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

        မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များအဖွဲ့MAT  မဟာချိုင်LPN မှစေတနာ့ဝန်ထမ်း ကိုကိုနိုင်နှင့် ရတ်ထိုင်းမှ ကိုရဲမင်းတို့ လိုက်ပါလျှက် ယမန်နေ့ က သွားရောက်ဖြေရှင်းခဲ့ကြရာ ကျောင်းဆရာမ မနှင်းဖြူဖွေး အား ဘတ်ငွေ ၂၀,၀၀၀ ပေးချေ၍  အာမခံဖြင့် ထုတ်ယူလာခဲ့ကြရသည်။ ကျောင်းအကျိုးဆောင် ၂ဦးကိုမူ ယနေ့တွင် မဟာချိုင်တရားရုံးသို့ပို့ ဆောင်မည်ဖြစ် ပါသည်။

        အလားတူ ဇွန်လ  ၅ရက်နေ့က
 ဖက်ကဆင် ၁၂၂ တွင်ရှိသော Line Like အထည်ချုပ်စက်ရုံအနီးတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်း အားကထုန်ဘန်ရဲစခန်းမှ ၀င်ရောက်ဖမ်းဆီးခဲ့သဖြင့် ကျောင်းဆရာမတစ်ဦး ကို ဘတ်ငွေ တစ်သိန်းဖြင့် အာမ ခံထုတ်ရွေးထုတ်ထားခဲ့ရကြောင်းသိရှိရသည်။


MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီးက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့သားသမီးတွေကို စေတနာ့ဝန်ထမ်းပြ သနေကြတဲ့ စာသင်ကျောင်းတွေကိုဖမ်းဆီးတာမျိုးမလုပ်သင့်ပါဘူး။  မိဘတွေ အလုပ်သွားလုပ်တဲ့အချိန်မှာ စက်ရုံထဲလည်းလိုက်မရဘူး။ ကလေးတွေကိုအခန်းထဲမှာ ပိတ်ထားခဲ့တာမျိုးက မီးလောင်ရင် အားလုံး သေ ကုန်မယ်။ ဒီလိုတပိုင်တနိုင် ကလေးထိန်းကျောင်းလိုမျိုးကို ထိုင်းအစိုးရကခွင့်မပြုရင် ထိုင်းကျောင်းတွေမှာ ကလေးတွေကိုလက်ခံစေချင်တယ်။ ဒီလိုဖမ်းဆီးတာမျိုးဟာ အလုပ်သမားအခွင့်အရေးကိုရော လူ့အခွင့် အရေးကိုပါ ဆိုးဆိုးဝါးဝါး ချိုးဖေါက်မှုဖြစ်တယ်” ဟုပြောသည်။

       ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT သည် ထိုင်းနိုင်ငံအ၀ှန်းမှ အလုပ်သမားများ၏ အရေးကိစ္စ
အတော်များများတို့နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတို့အား  ၀န်ထမ်းလစာ တစ်စုံတစ်ရာမရှိပဲ တတ်နိုင်သမျှ လိုက်လံကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

 ဆက်သွယ်ကူညီတောင်းခံလိုပါက…. 089 652 5696, 084 6705727 , 085 341 5611,080 588 5548, 090 6677 913, 087 312 1179,094 863 8257,083 552 7892,083 735 2087