22 June 2015

“မြန်မာအလုပ်သမားထံမှ လုယက်သည့် ရနောင်းပဲ့ထောင်လှေသမားလမ်းသရဲ၃ဦးကိုဖမ်းမိ”

         
၂၀၁၅ ဇွန်လ ၂၂
မြတ်ညို (အလွတ်သတင်းထောက်)

             ရနောင်းမှ ကော့သောင်းသို့ကူးသည့် ပဲ့ထောင်စက်လှေပေါ်တွင် မြန်မာအလုပ်သမားတစ်ဦးထံမှ ရွှေနှင့်ငွေများကို လုယက်ယူငင်သွားသည့် ထိုင်းလမ်းသရဲ ၃ဦးတို့အား နှစ်နိုင်ငံ အာဏာပိုင်များပူးပေါင်းဖေါ် ထုတ်မှုဖြင့် ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။

          ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကခြုံဖွန်မှ ရန်ကုန်သို့ ဇနီးဖြစ်သူအား ပြန်ခေါ်သည့် မြန်မာအလုပ်သမား ကိုအောင်စိုးမင်း သည် ရနောင်းမြို့လှေဆိပ်သို့ညနေ ၆နာရီကျော်မှ ရောက်ရှိသွားခဲ့သည်။ တရားဝင် ပတ်စပို့အား အထွက်တံဆိပ်တုံးထုရန်အတွက်  အချိန်မမီဖြစ်နေစဉ် ထိုင်းမြန်မာကပ်ပြား အောင်မြင့် ဆိုသူ ရောက်ရှိလာပြီး သူတို့လှေက ဘတ်ငွေ ၆၀၀ ပေးက ပို့ပေးနိုင်ကြောင်းပြောဆိုသဖြင့် ရနောင်းသို့ လိုက်ပါသွားခဲ့သည်။

          ရေလယ်သို့ရောက်သည့်အခါ စက်ကိုရပ်၍ ကိုအောင်စိုးမင်းတွင် ပါလာသည့် အထုတ်အပိုးများကို စိတ်ကြိုက်ရှာဖွေရာ ရွှေတစ်ကျပ် တစ်မတ်နှင့် ဘတ်ငွေ ၅,၀၀၀ တို့အား ၎င်းတို့ ၃ဦးက လုယက်ယူငင်သွားခဲ့သည်။ ကိုအောင်စိုးမင်း က ပစ္စည်းကိုယူသော်လည်း လူကိုမသတ်ပါရန် ရှိခိုးတောင်းပန်သဖြင့် ကော့သောင်းမှ KT118 ပဲ့ထောင်လှေ ဖြင့်တင်ပို့လိုက်သည်။

            ကိုအောင်စိုးမင်း သည် ကော့သောင်းခရိုင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံးသို့သွားရောက်၍ အရေးယူ ဆောင်ရွက်ပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့သည်။ ဇွန်လ ၂၀ ရက်နေ့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိ ၃ဦး လိုက် ပါလျှက် ရနောင်းမြို့သို့ ကူးလာခဲ့ကြသည်။ နယ်မြေခံထိုင်းရဲတပ်ဖွဲ့ နှင့် နယ်ခြားကော်မတီစစ်တပ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ပဲ့ထောင်လှေပေါ်တွင်လုယက်ခဲ့သည့် ထိုင်းလှေသမား လမ်းသရဲ ၃ဦး ကို ဖမ်းဆီးရမိခဲ့သည်။

          စစ်ဆေးချက်အရ လုယက်ခဲ့ကြောင်း ပေါ်လွင်သဖြင့် အရပ်ရပ်တန်ဖိုးငွေ ဘတ်ငွေ နှစ်သောင်းခွဲ သတ် မှတ်သည်ကို လုယက်ခံရသူ ကိုအောင်စိုးမင်း က ကျေနပ်သဖြင့် အမှုပိတ်ကာ လမ်းသရဲများကပြန်လည် ပေးအပ်သည်ကို ဓါတ်ပုံရိုက်ကူးနိုင်ခဲ့ကြသည်။ 

          နယ်စပ်များမှ မိမိနိုင်ငံသို့ သွားလာနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ ပတ်စပို့စာအုပ် တွင် အ၀င်အထွက် တုံးထုရန်အတွက် ရုံးချိန်အမီသွားကြရမည်ဖြစ်ပါသည်။ ကော့သောင်းနှင့် ရနောင်း အသွား အပြန်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ယခုတင်ပြသည့် ဓါတ်ပုံအား ကူယူထားကြပြီး လုယက်မှုကျူးလွန်ဖူးသူများအား အထူးသတိထားကြစေလိုကြောင်း MAT အဖွဲ့ကတိုက်တွန်းသည်။