၂၀၁၅ ဇွန်လ
၁၈ ရက်
ခရမ်းသားလေး
+ စောခွန်နောင်ဦး
မေ၀င့်ကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သမား၃ဦးအား VV Group မှ ထိုင်းသူဌေးနှင့် မြန်မာမာလူမိုက်တို့က ရိုက်နှက်သဖြင့် အလုပ်သမားသံအရာရှိ သွားရောက်ဖြေရှင်းခဲ့ကြောင်းသိရှိရသည်။
ယမန်နေ့ညဥ့် ၉နာရီကျော်ခန့်က ကန်ချနဘူရီခရိုင်၊
ထာ့မကာမြို့နယ် VITA နာနတ်သီးစက်ရုံ မှ VV Group မှ သူဌေး ရှိုင်းလတ် ၏တပည့် မြန်မာလူမိုက်
မောင်နု နှင့် အပေါင်းပါ၎ဦးတို့ဝိုင်းရိုက်သဖြင့်
ယမင်း၊ ထွန်းထွန်းမင်း နှင့် သိန်းထီ တို့တွင် မျက်နှာနှင့်ဦးခေါင်းတို့၌ပေါက်ပြဲ၊
နှာခေါင်းသွေးယိုသည့် ဒဏ်ရာများ ရရှိခဲ့ကြသည်။
ယနေ့နံနက် ၁၀နာရီခန့်က အဆိုပါ အလုပ်သမားများကို
မြ၀တီသို့ သွားရောက်၍ MOU စာချုပ်ချုပ်ဆိုကာ ထိုင်းနိုင်ငံအတွင်းသို့ ခေါ်ဆောင်လာခဲ့သည့် VV Group မှ ထိုင်းသူဌေးရှိုင်းလတ် က ရုံးခန်းထဲသို့ခေါ်၍ ထိုအလုပ်သမား၃ဦးတို့၏
ရင်ဘတ်အားခြေထောက်ဖြင့်ကန်ပြီး ထီးဖြင့်ရိုက်နှက်ခဲ့သည်ဟု ခံရသူများကပြောသည်။

ဇွန်လ ၄ ရက်နေ့က မေ၀င့်ကုမ္ပဏီမှ ဒါရိုက်တာဦးမြင့်အောင်နှင့် ဘန်ကောက်ပွဲစားများအဖွဲ့ချုပ်ရုံး
MOEAFယာယီတာဝန်မှူး ဦးသန်းတင် နှင့်ဒေါ်သန်းသန်းမူ ဆိုသည့်ပွဲစားအမျိုးသမီးတို့ လာရောက်၍ ဖက်ဘူရီ သို့ ၁၉ဦး(ကျား၁၄+မ၅ဦး)VITAနာနတ်သီးစက်ရုံသို့၂၅ဦးနှင့်နောက်ထပ်၅ဦးမှာ
ဘော်ဖွယ်ကြက်သားရုံတို့သို့ ပို့မည်ဟုဆိုကာ စာချုပ်ထပ်မံချုပ်ဆိုခဲ့ကြသည်။
ယခုပြဿ နာတက်ကြသည့်အလုပ်သမားများသည် ၄၊ ၂၊ ၂၀၁၅ နေ့ကကန်ချနဘူရီခရိုင်၊ VITA နာနတ်သီးစက်ရုံတွင်ထိုင်းပွဲစားများစုပေါင်းဖွဲ့စည်းထားသော
VV Group နှင့် မေ၀င့်ကုမ္ပဏီတို့သည် ရန်ကုန်မြို့ ပင်လုံခန်းမတွင် သစ်သီးဖျော်ရည်အလုပ်လုပ်ရမည်ဟုဆိုကာ၊
ရန်ကင်းကျောက်ကုန်းတွင် အလုပ်သမား ၂၀၀ ဦးစာချုပ်ချုပ်ဆိုလာခဲ့ပါသည်။ အလုပ်သမားများသည်
တစ်ဦးလျှင်ကျပ်ငွေ၆သိန်း/၇သိန်းအထိကုန် ကျခဲ့ကြ ကြောင်းပြောပါသည်။
မြ၀တီကျောက်လုံးကြီး စခန်းသို့ရောက်သည့်အခါ
ထိုင်းဖုန်းဆင်းကဒ်တစ်ခုနှင့် အသက်အာမခံကြေး ဟုဆိုကာ အလုပ်သမားအချို့ထံမှဘတ်ငွေ ၅၀၀
စီကောက်ခံခဲ့ပါသည်။ ၁၈၊ ၂၊ ၂၀၁၅ နေ့တွင် ထိုင်းနိုင်ငံ အတွင်းသို့အလုပ်သမားများအားတင်သွင်းလာခဲ့ပြီး
လူစုခွဲကာနေရာပေါင်းစုံသို့ပို့လိုက်ပါသည်။ ၉၅ ဦးမှာ ကန်ချနဘူရီခရိုင်၊ ဘော်ဖွယ်မြို့နယ်တွင်ရှိသော
BORPLOY FOOD INDUSTRY CO,LTD နာနတ်သီး အလုပ်ရုံသို့ရောက်ရှိလာခဲ့ပါသည်။
အသက်ကြီးသူ၊
ကွမ်းစားသူနှင့်ဆေးမင်ကြောင်ရှိသူများဆိုကာ အလုပ်သမားအချို့ကို ပတ်စပို့ရွေးစေလျှက်ပြန်ပို့ခဲ့သည်။
အချို့မှာပတ်စပို့ကို ဘတ်ငွေ ၁၀,၀၀၀ စီ ပေး၍ရွေးထွက်ခွာသွားခဲ့ကြသည်။ အလုပ် သမားများအလုပ်လုပ်ကိုင်ကြသည့်အခါ
တစ်ပတ်တွင် ၄ရက်(သို့) ၅ရက်သာလုပ်ရပါသည်။ လုပ်ရသည့် နေ့များတွင်လည်း တစ်နေ့ကို ၅နာရီ(သို့)
၆နာရီသာ လုပ်ရပါသည်။ လုပ်အားခရှင်းပေသည့်အခါ
တစ်နေ့လျှင် ၂၂၅ ဘတ်နုန်းဖြင့်သာရှင်း ပေးခဲ့ပါသည်။
မေ၀င့်ကုမ္ပဏီ
ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်သန်းသန်းမူ က အလုပ်ဆင်းရန်သာပြောဆိုခဲ့ ပါသည်။ အလုပ်သမားများက
တစ်နေ့၃၀၀ဘတ်ပုံမှန်မရပါက မလုပ်နိုင်ကြောင်း ပြောဆိုခဲ့ရာ ၂၇၊ ၅၊ ၂၀၁၅ နေ့က မြ၀တီသို့လာ၍အလုပ်သမားများကို
လာရောက်ခေါ်ဆောင်ခဲ့သောသူဌေး ရှိုင်းလတ် ရောက်ရှိလာပြီး
“လုပ်သလောက်သာရရှိမည်ဖြစ်ပြီး MOUစာချုပ်ပါအတိုင်း တစ်နေ့ကို ဘတ်ငွေ၃၀၀ မပေးနိုင်ကြောင်း”
ပြောဆိုပါသည်။ အလုပ်သမားများက လက်ကိုင်ဖုန်းများဖြင့် အသံဖမ်း၊ ဗွီဒီယိုများရိုက်ကူးထားကြပါသည်။
ယနေ့မွန်းလွဲ ၃နာရီအချိန်တွင် ပြဿ နာတက်နေသည့် VITA နာနတ်သီးစက်ရုံသို့ရောက်ရှိသွားသည့် မြန်မာသံရုံးအလုပ်သမားသံအရာရှိဦးလှထွန်းက“ဦးကျော်သောင်းတို့ပေးပို့လာတဲ့ အချက်အလက်တွေကို ကျေး ဇူးတင်ပါတယ်။ မေ၀င့်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ဆာဝါဒီကန်ရုံးကိုသွားရှင်းနေပါတယ်။ ကျနော်အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းပေးပါမယ်” ဟုပြောဆိုသည်။
အလုပ်သမားခေါင်းဆောင် တစ်ဦးက “မေ၀င့်ကုမ္ပဏီက အလုပ်ရှာမပေးနိုင်လို့
ကျနော်တို့ ဒုက္ခရောက်နေကြ တာ မေ၀င့်နဲ့ မလုပ်ချင်ရင် မြန်မာပြည်ပြန်ရမယ်တဲ့ အလုပ်သမားသံအရာရှိက၊
ကျနော်တို့ ကုန်ထားတဲ့ငွေ တွေနဲ့ တက်နေတဲ့အတိုးနဲ့ ကုန်သွားခဲ့တဲ့အချိန်တွေအတွက် တာဝန်မကျေတဲ့ကုမ္ပဏီကအလျှော်ပေးရ
မယ်ဆိုပြီးမြန်မာအစိုးရMOU ဥပဒေမှာရပိုင်ခွင့်မရှိဘူးလားဗျာ။ မမှန်ကန်တာကသူတို့၊နစ်နာတာကကျနော်တို့။
မနက်ဖြန်မှ လုပ်အားခကျန်တာတွေကိုရှင်းပေးပြီးနောက်တစ်နေရာကို ပြောင်းပေးမယ် လို့ပြောပါတယ်” ဟု ပြောသည်။
VITA
နာနတ်သီးစက်ရုံသည် မြန်မာနှင့်ထိုင်းလူကုန်ကူးဂိုဏ်းနှင့် လူမိုက်များအုပ်ချုပ်သည့်
အကြမ်းဖက်မှု နယ်မြေဖြစ်သဖြင့် MOU အလုပ်သမားခေါ်စာများအား ခွင်မပြုသင့်ကြောင်း MAT ဒါရိုက်တာ
ဦးကျော်သောင်း က အလုပ်သမားဒုဝန်ကြီး ဦးထင်အောင်နှင့် အလုပ်သမားညွန်ကြားရေးမှူးချုပ်
ဦးမျိုးအောင် တို့နှင့် လူချင်းတွေ့ ဆုံခွင့်ရရှိခဲ့စဉ်က အထောက်အထားများဖြင့်တင်ပြခဲ့ဖူးကြောင်းပြောပါသည်။
“VITA အလုပ်ရုံမှာ
အယင်လကလူသတ်မှုဖြစ်တယ်။ ရိုက်နှက်မှုတွေမကြာမကြာဖြစ်တယ်။ ထိုင်းအစိုးရကို ကျနော်တို့က
အချက်အလက်အပြည့်အစုံနဲ့တင်ပြထားတာတွေရှိပါတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်တာ မရှိသေးဘူး။
ဒီအလုပ်ရုံမှာ ထိုင်းလူကုန်ကူးတဲ့ဂိုဏ်းတွေက ဗမာလူမိုက်ဂိုဏ်းတွေမွေးထားတယ်။ နယ်မြေခံ
ပုလိပ်ဆိုတာ သူတို့လက်အောက်မှာပဲရှိတယ်။ ဒီနေရာကို ရောက်သွားတဲ့မြန်မာ အလုပ်သမားတွေ
ဘယ်လို နေရသလဲ၊ ဘယ်လို အလုပ်လုပ်ရသလဲ ဘာတွေစိုးရိမ်ရသလဲ ဘယ်လောက်ဆိုးဝါးသလဲဆိုတာကို
စုံစမ်းကြည့် စေချင်ပါတယ်” ဦးကျော်သောင်း ကဆက်လက်ပြောဆိုသည်။