26 June 2015

လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ရေး ဗြိတိသျှနှစ်ဦး၏ သက်သေထွက်ဆိုမှု လိုအပ်နေ



ဧရာဝတီ    ခင်ဦးသာ|June 26, 2015 



ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရန်အတွက် ဗြိတိသျှ နိုင်ငံသား နှစ်ဦး၏ သက်သေထွက်ဆိုမှု အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ အမှုသည် ခိုင်လုံသည့် မျက်မြင် သက်သေမရှိဘဲ မျိုးဗီဇ NDA စစ်ဆေးချက်အရ ဖမ်းဆီးထားရခြင်း ဖြစ်သောကြောင့် မျက်မြင်သက်သေများဖြစ်သည့် ဗြိတိန်နိုင်ငံသား ရှောင်နှင့် ခရစ္စတိုဖာတို့၏ ထွက်ဆိုမှုသည် အလွန် အရေးပါနေခြင်း ဖြစ်သည်။

လူသတ်မှုနှင့် ပတ်သက်သည့် သက်သေ အထောက်အထားများ ဖြစ်သော DNA ပြန်လည် စစ်ဆေးရန် ကော့စမွေခရိုင် တရားရုံးက ဧပြီလတွင် အမိန့်ချမှတ်ခဲ့သော်လည်း ယခုအချိန်ထိ စစ်ဆေးမှု မလုပ်နိုင်ဘဲ ကြန့်ကြာနေကြောင်း သိရသည်။

“DNA ကို ပြန်စစ်မယ် ဆိုရင်တောင် ရာသီဥတု၊ နေရာ အပြောင်းအလဲတွေကြောင့် အမှန်ပြန်ရနိုင်ဖို့ အားနည်းသွားပြီလို့ ဦးဆောင်စစ်ဆေးမယ့် မှုခင်းဆရာဝန်ကြီး ဖွန်ထေ့က ပြောတယ်။ ဒါကြောင့် အမှုမှန် ပေါ်ပေါက်ရေး အတွက်ဆိုရင် သေဆုံးသူတွေရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ရှောင်နဲ့ ခရစ္စတိုဖာတို့ရဲ့ သက်သေထွက်ဆိုချက်ဟာ အရမ်း အရေးကြီးနေတယ်ဟု ထိုအမှုအား ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုသည်။

သို့သော် ရှောင်နှင့် ခရစ္စတိုဖာတို့သည် ဗြိတိသျှ နိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်၍ ၎င်းတို့အား သက်သေထွက် ဆိုခွင့် ပြု မပြု ဆိုသည်ကို ဇူလိုင်လ ၈ ရက် ရုံးချိန်းရောက်မှသာ သိရှိနိုင်မည် ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆက်ပြောသည်။

ရှောင်သည် အမှုဖြစ်ပွားခဲ့သည့် နေ့ရက်တွင် လက်၌ ဒဏ်ရာရခဲ့ပြီး ၎င်းကိုင်ဆောင်သည့် ဂီတာတွင်လည်း သွေးများပေနေသော ဓာတ်ပုံများက လူမှုကွန်ရက် စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည့်အတွက် ၎င်းသည် ခိုင်လုံသည့် သက်သေဖြစ်နိုင်ကြောင်း သုံသပ်မှုများ ထွက်ပေါ်ခဲ့သည်။

ထိုအချက်အလက်များကြောင့် ၎င်းတို့ထံမှ အနီးစပ်ဆုံး အဖြေတခု ရရှိနိုင်မည်ဟု မျှော်လင့်ပြီး သက်သေ ထွက်ဆိုခွင့်ပြုရန် တရားရုံးသို့ ဧပြီလအတွင်းက လျှောက်ထားခဲ့သော်လည်း ယနေ့အထိ အဖြေမရရှိသေးကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ သက်သေ ၆၅ ဦး၊ တရားခံဘက်မှ ၃၁ ဦး တင်ထားကြောင်း သိရသည်။ ထိုတရားလိုပြ သက်သေများကို ဇူလိုင်လ ၈ ရက်တွင် စတင် စစ်ဆေးမည်ဖြစ်ပြီး အမှုတခုလုံးအား အောက်တိုဘာလတွင် အပြီးကြားနာ စစ်ဆေး၍ စီရင်ချက်ချမည်ဟု ကော့စမွေခရိုင် တရားသူကြီးက ပြောဆိုထားသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦးစလုံးသည် ကျန်းမာရေး ကောင်းမွန်ပြီး အမှုမှန် ပေါ်ပေါက်ရေး ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံထားကြောင်း၊ ၎င်းတို့ လွတ်မြောက်မည်ဟုလည်း မျှော်လင့်နေကြကြောင်း မြန်မာသံရုံး အထူးအဖွဲ့က ပြောသည်။

ဗြိတိသျှ နိုင်ငံသား နှစ်ဦးသည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကော့တောင်ကျွန်း ခေါ် လိပ်ကျွန်း၌ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး ထိုအမှုအား ကမ္ဘာတ၀န်းကလည်း စိတ်ဝင်တစား စောင့်ကြည့်နေသည့် အမှုလည်း ဖြစ်သည်။