24 February 2016

“မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဒီလိုပဲနှိပ်စက်နေကြတော့မလား”

 

ထိုင်းနိုင်ငံမှာ ထက်ဆင်အစိုးရလက်ထက်မှာ မြန်မာတွေ ပန်းရောင်ဘတ်ကဒ်နဲ့နေခဲ့ကြရတယ်။ ၂၀၀၉ မှာ ပတ်စပို့စာအုပ်ဆိုပြီး မလုပ်မနေရ ထိုင်းနဲ့မြန်မာအစိုရတို့လုပ်ခိုင်းတယ်။ အခု အဲဒီစာအုပ်တွေ သက်တမ်း တစ်နေ့ပြီးတစ်နေ့သေနေကြပြီ။ မြန်မာ အလုပ်သမား ၀န်ကြီးဌာနက ဒီစာအုပ်တွေအကုန်လုံးကို MOU ကိုပြောင်းရမယ်ဆိုပြီး ၀ရုန်းသုံးကား အစီအစဉ်တစ်ခုကို ချလိုက်တယ်။
“အလုပ်သမားအမျိုးအစား၂ခု”
ထိုင်းမှာ ကာလရှည်ကြာနေထိုင်ပြီး အလုပ်လုပ်နေကြတဲ့အလုပ်သမားနဲ့ ထိုင်းနဲ့မြန်မာပွဲစားအေဂျင် စီတွေနဲ့လာတဲ့ MOU အလုပ်သမားဆိုပြီး ၂မျိုးရှိပါတယ်။ ပထမအလုပ်သမားအမျိုးအစားက ထိုင်းနိုင်ငံအ တွင်းမှာ အလုပ်အကိုင်ပြောင်းရွှေ့လုပ်ကိုင်ဖို့ လျှင်မြန်လွယ်ကူပါတယ်။ လွတ်လပ်ပါတယ်။
ဒုတိယအမျိုးအစား MOU ကတော့ စာချုပ်ချုပ်ဆိုထားတဲ့ လုပ်ငန်းရှင်နဲ့ အလုပ်အမျိုးအစားက ပြောင်း ရွှေ့ဖို့အတွက် ခက်ခဲပါတယ်။ အလုပ်သမား၊ လုပ်ငန်းရှင်၊ အေဂျင်စီနဲ့ အလုပ်သမားသံအရာရှိတို့က ဆောင် ရွက်မှပြောင်းရွှေ့လို့ရပါတယ်။ အလွန်ခက်ခဲပြီး လွတ်လပ်ခွင့်ဆုံးရှုံတဲ့ အလုပ်သမားဖြစ်ပါတယ်။

“MOU ဆိုတာဘာလဲ”
လူကုန်ကူးမှုလျှော့နည်းပပျောက်အောင်ဆိုပြီး ထိုင်းနဲ့မြန်မာအစိုးရတို့ MOU လုပ်ငန်းစဉ်ကို ၂၀၀၉ ကတည်းက စတင်အကောင်အထည်ဖေါ်ခဲ့တာ ယခုအခါ မြန်မာအလုပ်သမားပေါင်း ၂သိန်းနီးပါးတင်ပို့ခဲ့ ပြီဖြစ်ပါတယ်။ MOU လုပ်ငန်းစဉ်ပေါ်လာကတည်းက တရားမ၀င်လူမှောင်ခိုကုန် ကူးနေတဲ့ဂိုဏ်းသားတွေ အားလုံးဟာ အေဂျင်စီတွေအဖြစ် အသွင်းပြောင်း လိုက်ပြီး အလုပ်သမားခေါ်စာ Demand Latter အပေါ်မှာ အကျိုးအမြတ်ကို အဓိကထားပြီး အကောင်အထည်ဖေါ်နေကြတာကြောင့် တင်သွင်းလာတဲ့ အလုပ်သမား တွေရဲ့၁၀ ရာခိုင်နုန်းလောက်သာ အလုပ်အကိုင်မှန်မှန် ကန်ကန်ရရှိနေကြတာဖြစ်ပါတယ်။ ကျန်အလုပ် သမားတွေက ထိုင်းကိုရောက်ပြီး ပျောက်ချင်တာပျောက် ရောက်ချင်ရာရောက်ပါပဲ။

MOU လုပ်ငန်းစဉ်ထဲမှာ လူကုန်ကူးသူတွေက တိုက်ရိုက် ၀င်ရောက်လုပ်ကိုင်နေကြတာကြောင့် အလုပ်သမားခေါ်စာနဲ့ တရားဝင်လူ ကုန်ကူးနေတာဖြစ်ပါတယ်။ အလုပ်သမားတွေ ထိုင်းကိုရောက်တာ နဲ့ နောက်ထပ်သွင်းဖို့အတွက် ထိုင်းနဲ့မြန်မာအေဂျင်စီတွေအားစိုက်ကြ တာပါ။ ထိုင်းကို အလုပ်သမားတွေ စဉ်ဆက်မပြတ်သာပို့နေတယ်၊ လူတစ်ယောက်ကို ကျပ်တစ်သိန်း၊ ရှစ်သောင်း ငှါးစားနေတဲ့ ထိုင်းကို မရောက်ဖူးတဲ့အေဂျင်စီတွေ အမြောက်အမြားရှိပါတယ်။ ဒီအခွင့်အရေးတွေကြားထဲမှာတစ်ခါ ဖုန်းကဒ် အတင်းရောင်း အသက်အာမခံကြေးဆိုပြီး မြ၀တီမှာ တရားမ၀င်ကောက်စားတဲ့ ယန္တရားတောင် ပေါ် ပေါက်ခဲ့ပါတယ်။

MOU အလုပ်သမားတွေ ဒုက္ခရောက်ကြတာကို ဖေါ်ထုတ်ကူညီပေးတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း ကို (ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ ချုပ် MOEAF) က ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်းမှာ အကျင့်ပျက်ဝန် ထမ်းတွေနဲ့ ပူးပေါင်းပြီး အမည် ပျက်စာရင်းတင်သွင်းထားခဲ့ပါတယ်။

အဲဒါကြောင့် MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ဟာ ဇန်န၀ါရီလ၈ ရက်နေ့က မြန်မာအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ဖိတ်ကြားတဲ့ ရန်ကုန်မြို့က အလုပ်သမားကျွမ်း ကျင်သူများ အစည်းဝေးမှာ “ခင်ဗျားတို့MOU လုပ်ငန်းစဉ် သိပ်မှန် နေတယ်လို့ယုံကြည် ရင် ကြိုက်တဲ့ အလုပ်သမားခေါ်စာတစ်စောင်နဲ့ လာစစ်လှဲ့ပါ။ စာချုပ်ပါ စည်းကမ်းနဲ့ ကိုက်ညီလို့ရှိရင် အဒီ နေရာမှာပဲ အပြင်းထန်ဆုံးပြစ် ဒဏ်ပေးပါ” လို့ ဗြောင် စိန်ခေါ်ခဲ့ပါတယ်။ အလုပ်သမားဝန်ကြီးဆီကို တံခါး မရှိ ဓါးမရှိ ၀င်ချင်သလို ၀င်လို့ရတဲ့ အေဂျင်စီပွဲစားတွေဟာ အမြဲတမ်း အတွင်းဝန်နဲ့ ညွန်ချုပ်လောက်အဆင့် ကို ဂရုတောင်မစိုက်ကြဘူးလို့ အေဂျင်စီ အချို့ကပြောကြပါတယ်။


“လွဲသမျှခံတောင်းသမျှပေး အလုပ်သမားပဲ”
ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးမှာ သက်တမ်းကုန်သွားတဲ့ အလုပ်သမားတွေကို ပတ်စပို့စာအုပ် ထုတ်ပေးခဲ့တာ သောင်းပေါင်းများစွာ ပြီးစီးသွားပြီ။ ထုတ်ပေးတဲ့စာအုပ်တွေကို ထိုင်းဘက်က ဗီဇာထုတ်မ ပေးခဲ့ဘူး။ ဒီစာအုပ်လုပ်ဖို့အတွက် အလုပ်သမားတွေဟာ ပွဲစားတွေကို ဘတ် ၆၀၀၀၊ ၈၀၀၀ အမျိုးမျိုးပေး ရပါတယ်။ ပွဲစားတွေက မြန်မာသံရုံးက ပတ်စပို့ထုတ်ပေးရေးဌာနမှာ ဘတ်ငွေ ၂၅၀၀ ပေးသွင်းရပါတယ်။ စာအုပ်ထွက်ဖို့အတွက် ၄လခန့်ကြာပါတယ်။ ဒါပေမယ့် ဒီစာအုပ်တွေ အသုံးမ၀င်တော့ဘူး။
၆နှစ်သက်တမ်းပြည့်သွားတဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာသံရုံးကထုတ်ပေးတဲ့ စာအုပ်မှာ မြန်မာအစိုးရက ပြောင်းလဲခိုင်းတဲ့ MOU အလုပ်သမားအဖြစ် ပြောင်းခွင့်မပြုဘူး။ အဲဒါကြောင့် စာအုပ်လုပ် ထားတဲ့ အလုပ်သမာတွေဟာ ဒီစာအုပ်ကို ပစ်ထုတ်လိုက်ရပါတယ်။ မိမိပိုက်ဆံနဲ့ ရန်ကုန်မှာ MOU စာအုပ် အသစ်ထုတ်တဲ့အခါ ဘန်ကောက်မြန်မာသံရုံးမှာ စာအုပ်ထုတ်ထားလို့ဆိုပြီး ဒဏ်ငွေ ကျပ်တစ်သိန်းနီးပါး ပေးချေပြီးမှရပါ တယ်။


MOU စာအုပ် ထုတ်ယူပြီးတဲ့အလုပ်သမားတွေဟာ MOU ပြောင်းလဲဖို့အတွက် မြန်မာအေဂျင်စီကို အနည်းဆုံး ဘတ်ငွေ ၁၆၅၀၀( ကျပ်ငွေ၆သိန်းကျော်) ပေးချေရပါတယ်။ အလုပ်သမားတွေဟာ ပတ်စပို့ စာအုပ်ထုတ်ဖို့အတွက် မြန်မာပြည်ကိုတစ်ခေါက်သွားရပါတယ်။ အ၀င်အထွက်လုပ်ဖို့အတွက် ဒုတိယ တစ်ခေါက်သွားရပါတယ်။ စာချုပ်ချုပ်ပြီး ၀င်ဖို့အတွက် တတိယတစ်ခေါက်သွားရပါတယ်။ အချို့အေဂျင် စီတွေကတော့ တတိယအခေါက်အတွက်ကို သွားစရာမလိုအောင် ထိုင်းနဲ့ မြန်မာတာဝန်ရှိသူတွေနဲ့ လက်ဝါး ရိုက်လိုက်ကြတာလည်းရှိပါတယ်။

မကြာမီက ထိုင်းနဲ့မြန်မာအစိုးရတို့ မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာ ပါ အစည်းဝေးပြုလုပ်ခဲ့ကြ ပါတ ယ်။ လောလောဆယ် ထွက်လာတဲ့အဖြေက သက်တမ်းလွန်နေတဲ့ ပတ်စပို့ကိုင်ဆောင်ထားတဲ့ မြန်မာတွေ ကို ၂နှစ်သက်တမ်းရှိတဲ့ ပန်းရောင်ဘတ်ကဒ်ထုတ်ပေးမယ်။ မြန်မာ အစိုးရ ဘက်ကတော့ CI အစိမ်းရောင် စာအုပ်ထုတ်ပေးမယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေဟာ ကိုယ့်တိုင်းပြည်မှာအလုပ်လုပ်လို့ ထမင်းဝ မယ့် အလုပ်အကိုင်အခွင့် အလမ်း တွေ အမြန်ဆုံးပေါ်ပေါက်ပါစေလို့ ဆုတောင်းနေကြပါတယ်။ နေရပ်ရင်းကိုမပြန်ရခင် ထိုင်းနိုင်ငံအတွင်းမှာ စိတ်ချလုံခြုံစွာနဲ့ အလုပ်လုပ်ကိုင်ခွင့် ဖြစ်ဖို့အတွက် ဆန္ဒရှိနေကြပါတယ်။

စောမောင်