18 February 2016

ထိုင်းနိုင်ငံတွင် ရှစ်လကြာ အဆက်အသွယ်ပြတ်နေသော မိန်းကလေး မိဘများနှင့် ပြန်တွေ့

  ဘန်ကောက် ၊ ဖေဖေါ်ဝါရီလ ၁၈
စောမောင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အိမ်အကူအဖြစ် လုပ်ကိုင်သော အသက် ၁၈နှစ်အရွယ် မိန်းကလေးမှာ မိဘများနှင့် ရှစ်လကြာ အဆင်အသွယ်
ပြတ်တောက်နေရာမှ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် မိသားစုနှင့် အဆက်အသွယ် ပြန်လည် ရရှိခဲ့ကြောင်း ကူညီပေးခဲ့သော ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့(MAT) ဘန်ကောက်ရုံး တာဝန်ခံ ကိုစိုင်းအေးက ပြောသည်။

ထိုင်းနိုင်ငံ(တောင်ပိုင်း) ရနောင်းမြို့ ပေါက်ခေါင်းရပ်ကွက် တွင် နေထိုင်သော မြန်မာနိုင်ငံသား မိသားစု တစ်စုမှ အသက် ၁၈နှစ် အရွယ် မိန်းကလေးမှာ အိမ်အကူလုပ်ကိုင်ရန် ဘန်ကောက်မြို့သို့ ထိုင်းနိုင်ငံသား အလုပ်ရှင်နှင့် လိုက်ပါသွားခဲ့ကြောင်း၊ ယင်းနောက် မိန်းကလေးမှာ မိသားစုနှင့် ရှစ်လကြာ အဆက်အသွယ် မရသောကြောင့် မိသားစုဝင်များက MAT အဖွဲ့သို့ ဆက်သွယ်ကာ အကူအညီတောင်း ခံခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အကူအညီတောင်းခံမှုကြောင့် ဘန်ကောက်မြို့ပေါ်သို့ လူကုန်ကူးမှု ကိစ္စဖြင့် သွားရောက်နေစဉ် မိသားစုနှင့် အဆက်သွယ် ပြတ်တောက်နေသော မိန်းကလေးအကြောင်းကို စုံစမ်းခဲ့ကြောင်း၊
 ယင်းနောက် ခေါ်ဆောင်သွားသော အလုပ်ရှင်က လုပ်အားခနှင့်အတူ မိန်းကလေးကိုပါ MATရုံးသို့ လာရောက် ပို့ဆောင်ခဲ့ကြောင်း၊ မိန်းကလေးမှာ မိသားစုနှင့် အဆက်အသွယ်ပြန်လည် ရရှိသွားပြီးဖြစ်ကြောင်း ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲ့(MAT)မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားသည်။


“ သားသမီးကို အလုပ်ခိုင်းတဲ့ မိဘတွေ အနေနဲ့ အလုပ်ထည့်လိုက်တဲ့ သားသမီးရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တွေကို တောင်းယူထား ဖို့လိုတယ်၊ ဒါမှ အဆက်အသွယ်မပြတ်မှာ အခက်အခဲကြုံလာရင်လည်း အကူအညီပေးဖို့ လွယ်ကူတာပေါ့” ဟု ဦးကျော်သောင်းက ပြောသည်။
သမီးနှင့်အဆက်အသွယ် ပြတ်တောက်နေသော မိဘများက မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်MATအဖွဲ့ ကို
ကျေးဇူးတင်ကြောင်း ပြောဆိုသည်။