09 February 2016

အသက် ၁၉နှစ်အရွယ် မိန်းကလေး အပါအဝင် မြန်မာ အလုပ်သမားနှစ်ဦးကို မဟာချိုင် ပုလိပ် ထပ်မံ ဖမ်းဆီး



8.2.2016|မဟာချိုင်
စောမောင်

ထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့တွင် အသက် ၁၉နှစ် အရွယ် မိန်းကလေး တစ်ဦးအပါအဝင် မြန်မာ အလုပ်သမား နှစ်ဦးကို ဖေဖော်ဝါရီလ ၈ရက် ညနေ ၅နာရီခန့်က မဟာချိုင်ဈေးကြီးအနီးမှ ကားဂိတ်တွင် ပုလိပ်များက ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသူများထံမှ သိရှိရသည်။

ကြံပူရီခရိုင်၊နကော့ပထုန်မြို့နယ်၊ဘန်ဖယိုမြို့တွင် နေထိုင်သော အသက် ၁၉နှစ် အရွယ် မခင်ဇော်နှင့် အသက် ၂၀ အရွယ် ကိုဇော်မင်းဦးတို့ကို ပုလိပ်က ဖမ်းဆီးပြီး စစ်ဆေးခဲ့ရာ မိန်းကလေးထံမှ ချဲနံပါတ်စာရွက်တွေ့ရှိသည်ဟုဆိုကာ ပုလိပ်က ဘတ် နှစ်သောင်း ၊ လူငယ်တွင် အလုပ်လုပ်ခွင့် လက်မှတ် မပါသည်ဟုဆိုကာ ဘတ်သုံးထောင် တောင်း ခံခဲ့ကြောင်း၊ ယင်းနောက် မဟာချိုင် ရဲစခန်းထံ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ငွေတောင်းခံရသူ နှစ်ဦးက ပြောကြားသည်။
 
 

“မဟာချိုင်မှာဈေးလာဝယ်ပြီး ဘန်ဖယိုကိုပြန်မလို့ကားစောင့်နေတုန်၊ပုလိပ်၂ယောက်ရောက် လာပြီး ပက်စပိုစ့်တွေစစ်တယ်၊ပက်စပိုစ့်စစ်ပြီးပိုက်ဆံအိပ်ထဲတွေထပ်စစ်တယ်၊အဲဒီမှာကျမမှတ်ထားတဲ့ ဈေးစာရင်း
ကို ချဲကဏာန်းဆိုပြီးဖမ်းသွားတယ်၊ကျမမောင်လေးကိုလည်း ၀ပ်ပါမစ်မပါလို့ဆိုပြီး ဖမ်းခေါ်သွားတာ”ဟု မခင်ဇော်(အသက် ၁၉နှစ်)ကပြောသည်။

အဆိုပါ ငွေတောင်းခံရသူများက မြန်မာ့သံရုံးအလုပ်သမားကူညီစောင့်ရှောက်ကော်မတီဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)ထံ ဆက်သွယ်ကာ အကူအညီ တောင်းခံသောကြောင့် MAT အဖွဲ့ဝင်များက မဟာချိုင်ရဲစခန်းသို့ သွားရောက် ညှိနှိုင်းခဲ့ရာ ချဲစာရွက် တွေသော မိန်းကလေးကို ဘတ်နှစ်သောင်း တောင်းခံရမှ ဘတ်ငါးထောင် ပေး ရန်လည်းကောင်း ၊ အလုပ်လုပ်ခွင့် လက်မှတ်မပါသူ လူငယ်ကို ဘတ်သုံးထောင်အစား ဘတ်တစ်ထောင်သာ ပေးရန် ညှိနှိုင်းခဲ့ရာ ညနေ၆နာရီတွင် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း MAT ထံမှ သိရှိရသည်။

“မဟာချိုင်ပုလိပ်တွေ မတရားဖမ်းစီးတာခံရတဲ့ မြန်မာနိုင်ငံသားတွေကိုဒီနေ့တစ်နေ့တည်မှာ အဖွဲ့ကသွားထုတ်ပေးရတာ မနည်းဘူး၊ ပုလိပ်တွေက မြန်မာနိုင်ငံသားတွေအပေါ် မတရားဖမ်းစီးငွေညှစ်နေ တဲ့အစဉ်လာကို ရပ်တန့်နိုင်ရေးအတွက် ပြည်တွင်းပြည်ပအလုပ်သမားတွေအတွက် တာဝန်ခံမယ့် အလုပ်သမားဝန်ကြီးတစ်ဦး NLD အစိုးရသစ်က အလျှင်အမြန် အစားထိုးခန့်အပ်မို့ အရေးတကြီး လိုအပ်နေပြီး”ဟု MATဒါရိုက်တာ ဦးကျော်သောင်းမှ ပြောသည်

အလားတူ ဖေဖော်ဝါရီလ၈ ရက် နံနက် ၉နာရီက မဟာချိုင်ဈေး အနီးတွင် ဘန်ဖီမြို့သို့ ပြန်ရန် ကားစောင့်နေသော ပန်းရောင်ဘတ်ကိုင်ဆောင် ထားသည့် အသက် ၂၆နှစ် အရွယ် မောင်စိုးပိုင်နှင့် ၎င်း၏ သူငယ်ချင်း အသက် ၃၁နှစ် အရွယ် ကိုထွန်းဇော်အောင်တို့ကို မဟာချိုင် ပုလိပ်က ဖမ်းဆီးခဲ့ရာ ရဲစခန်းရောက်နေသော ၎င်းတို့ကို MAT အဖွဲ့က ကယ်ထုတ်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအတော်များများတို့သည် ပန်းရောင် ဘတ်ကဒ်၊ ပတ်စပို့နှင့် ၀တ်ပါမစ်များ ကို ငွေအကုန်ခံ၍ ထိုင်းနှင့် မြန်မာအစိုးရတို့ထံတွင် လုပ်ထားကြပါ သည်။ သို့ရာတွင် ထိုင်းနိုင်ငံအနှံ့အပြားတွင် ထိုင်းပုလိပ်များက မြန်မာများကိုဖမ်းစားလေ့ရှိပါသည်။ 
 
ထိုင်းပုလိပ်ဖမ်းစားနေကြောင်း မြန်မာအစိုးရက သိသော်လည်း ယနေ့အထိ ရပ်တန့်အောင် မလုပ်နိုင်ကြောင်း တွေ့ရှိရသဖြင့်မြန်မာအလုပ်သမားများမှာကိုယ်ဖြစ်ကိုယ်ခံဘ၀ဖြင့် နေ့စဉ်ခံစားနေကြရဆဲ
ဖြစ်သည်။