28 February 2016

မဟာချိုင်တွင် မြန်မာလူငယ်တစ်ဦးကို ထိုင်းပုလိပ်က ဖမ်းဆီးအနိုင်ကျင့်

 
28.2.2016
မဟာချိုင်
စောမောင်

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ ကားဂိတ်တွင် ဖေဖော်ဝါရီလ ၂၈ရက်ညနေ ၃နာရီခန့်က နိုင်ငံကူး လက်မှတ်( ပက်စပို့စ် ) အစစ်မပြနိုင်သည်ဟုဆိုကာ အသက် ၂၆နှစ် အရွယ် မြန်မာ အလုပ်သမား လူငယ်တစ်ဦးကို ထိုင်းပုလိပ်များက ဖမ်းဆီးခဲ့ကြောင်း MATအဖွဲ့ (ဘန်ကောက်) ရုံးတာဝန်ခံ ကိုစိုင်းအေးက ပြောကြားသည်။

အသက် ၂၆နှစ် အရွယ် မောင်ဒီမိုးလင်း(ခ) နွန်ကို ပက်စပိုစ့်စာအုပ်အစစ်မပြနိုင်ဟုဆိုကာ ထိုင်းပုလိပ်များက မဟာချိုင် ရဲစခန်းသို့ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသူက ပက်စ်စပို့စ် စာအုပ် ရေစိုနေသောကြောင့် စာအုပ်အသစ်ပြန်လဲလှယ်ထားရာ ယင်းစာအုပ်သစ် သွားယူစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။


“ဘန်ဘော်မှာ စာအုပ်သွားယူဖို့ ကားစောင့်နေတုန်း ပုလိပ်နှစ်ယောက် ရောက်လာပြီး ပက်စပိုစ့် စစ်တာ ကျနော်က ပက်စပိုစ့်မိတ္တူနဲ့ စာအုပ်ပြန် လဲထားတဲ့ အထောက်အထားပြတာကို ရဲစခန်းခေါ်သွားတယ်၊ စခန်းရောက်တော့ စကားပြန်ကလည်း စာအုပ်လဲထားတာ မှန်ကယ်တယ်ဆိုပြီး ပြောလည်း လက်မခံဘူး၊ MATကို ဖုန်းဆက်ပြီး အကူအညီတောင်းတော့ MATအဖွဲ့က ကိုစိုင်းအေးနဲ့ ပုလိပ် စကားပြောပြီး ပုလိပ်က ကျနော်ကို အချိုရည် ၁၀ဗူးဝယ်ခိုင်းတာ ကျနော်လည်း ၅ဗူးပဲ ၀ယ်ပေးပြီး ပြန်လာခဲ့တယ်” ဟု မောင်ဒီမိုးလင်းက ပြောသည်။

မဟာချိုင်မြို့ရှိ နယ်မြေခံ ပုလိပ်များက မြန်မာအလုပ်သမားများကို အကြောင်းအမျိုးမျိုးပြကာ ငွေညစ်ခြင်း အနိုင်ကျင့် မှုများမှာ နေ့စဉ် ကြုံတွေ့နေရကြောင်း၊ မဟာချိုင် ပုလိပ်များက နေ့စဉ် အနိုင်ကျင့်မှု များမှာ ပြောလျှင်ပင် မကုန်ကြောင်း ကိုစိုင်းအေးက ပြောဆိုသည်။

“မြန်မာအစိုးရဘက်က အခုလို မဖြစ်အောင် အစိုးရအဆင့်က ထိထိရောက်ရောက် အရေးယူပေးမှဖြစ်တော့မယ်၊ အဖွဲ့စည်းတွေအနေနဲ့ကတော့ အကူညီ တောင်းလာရင် ကူညီပေးနိုင်တာလောက်ပဲ လုပ်ပေးနိုင်မယ်လေ” MATအဖွဲ့ (ဘန်ကောက်) ရုံးတာဝန်ခံ ကိုစိုင်းအေး က ပြောသည်။