25 February 2016

မြန်မာနိုင်ငံသူတစ်ဦးကို တိုင်းရင်းဆေး တရားမဝင် ယူဆောင်လာသည်ဟုဆိုကာ ထိုင်းပုလိပ် ငွေညှစ်


မဟာချိုင်
စောမောင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ကီလိုမီတာ ၃၀ ဝေးသော စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ ကားဂိတ်တွင် အသက် ၂၉နှစ် အရွယ် မသန္တာဝင်းကို မြန်မာတိုင်းရင်းဆေး တရားမဝင် ယူဆောင်လာသည် ဟုဆိုကာ ထိုင်းပုလိပ်များက မဟာချိုင်ရဲစခန်းသို့ ခေါ်ဆောင်ကာငွေတောင်း ခံခဲ့ကြောင်း
 MATအဖွဲ့ (ဘန်ကောက်)ရုံးတာဝန်ခံ ကိုစိုင်းအေးက ပြောကြားသည်။

ငွေတောင်းခံရသူ မိန်းကလေးက မြန်မာနိုင်ငံသို့ ခဏပြန်စဉ် အဒေါ်ဖြစ်သူက လူကြုံ ထည့်ပေးလိုက်သော မြန်မာ တိုင်းရင်းဆေးကို မဟာချိုင်တွင် ရောက်ရှိနေသော ၎င်း၏သမီးထံ သွားရောက် ပေးပို့ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်သည်။



မဟာချိုင်ဈေးကြီးရှိ ကားဂိတ်တွင် မသန္တာဝင်း ကားစောင့်နေစဉ် ပုလိပ်နှစ်ဦးရောက်လာပြီး နိုင်ငံကူးလက်မှတ်နှင့် ဝပ်ပါမစ်တို့ကို စစ်ခဲ့ပြီး ပိုက်ဆံအိတ်ကို မွှေနှောက်စစ်ဆေးခဲ့ရာ မြန်မာတိုင်းရင်းဆေး၁ဗူးကို
တွေ့ပြီးနောက် တရားမဝင် မြန်မာဆေး သယ်လာသည်ဟုဆိုကာ ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း ၊ ယင်းနောက် ပုလိပ်က ထောင် ချမည် တရားရုံးတွင် အမှုရင်ဆိုင်ရမည် ပြောဆိုသဖြင့် MATအဖွဲ့ထံ လက်ကိုင်ဖုန်းဖြင့် ဆက်သွယ်ကာ အကူအညီ တောင်းခံရခြင်း ဖြစ်ကြောင်း မသန္တာဝင်းက ပြောကြားသည်။

“ကျမလည်း MATအဖွဲ့ကို ဖုန်းဆက်တော့ ပုလိပ်က ဖုန်းကိုဆွဲလုပြီး ပိတ်လိုက်တယ်၊ MATအဖွဲ့ကို ဘာလို့ ဖုန်းဆက်တာလဲ ဆိုပြီး ကျွန်မကို အော်ပြီး အခုအချုပ်ထဲထည့်ရမလား ၊ ပြန်ချင်တယ်ဆိုရင် ဘတ် သုံးထောင် ပေးရမယ်ပြောလို့ ကျွန်မလည်း ကြောက်လန့်ပြီး MATက ကိုစိုင်းအေးတို့ မလာခင် ဘတ်သုံးထောင်ပေးပြီး ထွက်လာခဲ့တယ်” ဟု မသန္တာဝင်းက ပြောကြားသည်။

မဟာချိုင်မြို့ရှိ နယ်မြေခံရဲများက တရားမဝင် မြန်မာအလုပ်သမားများကို အကြောင်းအမျိုးမျိုးပြကာ ငွေညစ် နေမှုများသည် နေ့စဉ်လိုလို မြန်မာ
အလုပ်သမားများကြုံတွေ့ရနေသည်။ယခုဖြစ်စဉ်များနှင့် ပက်သက်
ပြီး မြန်မာ အစိုးရဘက်မှ တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ဆေးမြီးတိုနည်းဖြင့်သာ ဖြေရှင်း နေသောကြောင့် မြန်မာ အလုပ် သမားများမှ ယနေ့အထိ ထိုင်းပုလိပ် များ၏ အနိုင်ကျင့်မှုကို ခံနေရဆဲ
ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက် သူများက ထောက်ပြ
ပြောဆိုသည်။

“ မူးယစ်ဆေးဝါး ၊အများပြည်သူ ဒုက္ခပေးနိုင်မည့် အစားသောက်နဲ့ ပစ္စည်းတွေမဟုတ်ရင် တစ်ကိုယ်ရေ သုံးဖို့အတွက် ယူလာလို့ရပါတယ်၊ မတရား အဖမ်းခံနေရတာတွေကို မြန်မာအစိုးရက အမြန်ဆုံ လာရောက်ပြီး ပြင်းပြင်း ထန်ထန် ထိထိရောက်ရောက် ဆောင်ရွက်ပေးမှ အဆင်ပြေလိမ့်မယ်” MATအဖွဲ့ (ဘန်ကောက်) ရုံးတာဝန်ခံ ကိုစိုင်းအေး ကပြော သည်။