23 January 2017

“တန်ဖိုးထားမှ တန်ဖိုးရှိမယ်”



အွန်လိုင်းပရိတ်သတ်များအတွက် ယနေ့ထုတ် မြန်မာပို့စ် အပတ်စဉ်ဂျာနယ်မှ ကူးယူဖေါ်ပြတာပါ။    
                
                                                        

          ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံက တီဗီလိုင်းတွေအားလုံးမှာ ရွှေ့ပြောင်းအလုပ်သမားမွန်လူမျိုးမိဘ၂ပါးက မွေးဖွား  တဲ့ အသက် ၇နှစ်အရွယ် ဆူဗင် (ခေါ်) နောင်ပီး ရဲ့ ဘောလုံးစွမ်းရည်ပြသပွဲဟာ တကမ္ဘာလုံးကိုကျော်သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ရဲ့ မီဒီယာအားကောင်းမှုကြောင့် နောင်ပီးဟာ ထိုင်းသူဌေးပိုင်ဆိုင်တဲ့ အင်္ဂလန် ပရီးမီးယားလက်စ်တာ စီတီးအသင်းဆုဖလားနဲ့ တွဲရိုက်တဲ့ ဓါတ်ပုံနဲ့ ထိုင်းအမျိုးသားလက် ရွေးစင်အသင်းနည်းပြချုပ် ကိုင်တီဆတ် နဲ့ အတူတွဲ ရိုက်တဲ့ဓါတ်ပုံတွေပါတက်လာခဲ့ပါ တယ်။

        မွန်လူမျိုးအလုပ်သမားမိဘ၂ပါးကမွေးဖွားတဲ့ နောင်ပီးဟာ  အသက် ၄နှစ်အရွယ်မှာ အနီးအနားက ဘောလုံးကွင်း မှာ မိမိအရွယ် ကလေးတွေ ဘောလုံးကန်နေတာတွေ၊ သင်ယူနေတာတွေကိုကွင်းအပြင်က အမြဲတမ်းချောင်းကြည့်နခဲ့တယ် လို့ဆိုပါတယ်။ ထိုင်းမှာမွေးပြီး ထိုင်းစကားတတ်တဲ့ နောင်ပီး အမြဲတမ်းလာချောင်းကြည့်နေတာကို ထိုင်းဘောလုံးနည်းပြက   ဘောလုံးကို မြေသို့မကျစေပဲ ခြေ၂ဖက်နဲ့ (၁၀) ကြိမ်ပြည့်အောင် ကစားနိုင်မှသင်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။


       သတင်းမီဒီယာတွေနဲ့ အင်တာဗျူးတွေမှာ နောင်ပီးရဲ့ နည်းပြဆရာက “ ကျနော်က မဖြစ်နိုင်ဘူးထင်ပြီးပြောခဲ့တာ၊ ဒီကလေး က အသက်ငယ်ပေမယ့် ပါရမီပါတယ်။ ကျနော်ကို (၁၀) ကစားနိုင်ပြီလို့ပြောတော့၊ ကျနော်က မင်း ဂိုးတိုင် အပေါ်တန်းကို   ထိအောင် ကန်နိုင်မှ သင်ပေးမယ်လို့ပြောခဲ့တယ်။ ဒါပေမယ့် သူဟာ ဂိုးတိုင်ကိုထိအောင် လေ့ကျင့်ပြီး ကျနော် ဂိုးတိုင်ကို ကြိမ်ဖန် များစွာထိအောင်ကန်နိုင်ပြီလို့ အပြေးကလေးလာပြောတယ်။ သူ့ကို ကစားခွင့်ပြုဖို့ကြည့်တဲ့ အခါမှာ ဘောကန်ဖိနပ်လည်းမရှိ၊ ၀တ်စုံလည်းမရှိဘူး။ ဒါတွေကို ဖြည့်ဆည်းပြီး ကလေးကို ပါရမီဖြည့်ပေးခဲ့ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။ နောင်ပီးဟာ အကြိမ်ရာ ချီပြီးဘောလုံးမြေကိုမကျအောင် ကစားနိုင်သူဖြစ်ရုံသာမက ဂိုးတိုင်ရဲ့ အပေါ် တန်းကို ၅ကြိမ်တိုင်တိုင်ထိအောင် ကန်နိုင်တဲ့ ထူးခြားတဲ့ ပါရမီရှင်တစ်ဦးအဖြစ် ထိုင်းတီဗီလိုင်းတွေရဲ့ထုတ်လွှင့်ချက်တွမှာ မြင်တွေ့လိုက်ရပါတယ်။


         ဇန်န၀ါရီလ ၁၈ ရက်နေ့ထုတ် Bangkok Post သတင်းစာမှာတော့ ထိုင်းနိုင်ငံသား သန်းကြွယ်သူဌေး Vichai Srivaddhanaprabha  ပိုင်ဆိုင်တဲ့ အင်္ဂလန်လက်စတာ စီးတီးအသင်းက ထိုင်းရုပ်မြင်သံကြားမှာ ဘောလုံးစွမ်းရည်ပြ သွားတဲ့ ၇နှစ်အရွယ် နောင်ပီးဆိုသူ ကလေးငယ်ကို ထောက်ပံ့ကူညီရန်ကမ်းလှမ်းထားကြောင်း ရေးသားထားပါတယ်။

         နောင်ပီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်နေ့က သူ့ရဲ့ဘောလုံးစွမ်းရည်ကို ထိုင်းရုပ်မြင်သံကြားမှာပြသခဲ့ပြီးနောက်၊
 ဘောလုံးကလပ်အသင်းတော်တော်များများက သူ့အပေါ်စိတ်ဝင်စားခဲ့ပြီး၊ သူ့ရဲ့ စွမ်းရည်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုကြည့် ရှု့သူပေါင်း ၉ဒဿမ ၁သန်း ရှိခဲ့ပါတယ်။

           လက်စတာစီးတီးအသင်းရဲ့ ဒုဥက္ကဋ္ဌ Aiyawatt Srivaddhanaprabhaကလည်း ဒီလူငယ်လေးရဲ့ အနာဂတ်အတွက်
 ကြေးစားဘောလုံးသမားတစ်ဦးဖြစ်လာဖို့ ကူညီသွားမယ်လို့  သတင်းစာရှင်လင်းပွဲမှာ ပြောဆိုသွားပါတယ်။ လက်စတာစီးတီး
အနေနဲ့ဆူဗင်အတွက်ထိုင်းနိုင်ငံအတွင်းသို့မဟုတ် ပြည်ပမှာ ကျောင်းတက်နိုင်အောင်လည်း ထောက်ပံ့ပေးမှာဖြစ်တဲ့အပြင်
 ဘောလုံးနဲ့ပတ်သက်ပြီး ဆက်လက်သင်ကြားနိုင်အောင်လည်း နည်းပြတစ်ဦးကို သူ့ အတွက်ပို့ပေးမယ်၊ဘတ်သန်းပေါင်း ၄၀ လောက်အကုန်ခံပြီး မြေတောင်မြှောက်ပေးမယ်လို့လည်းဆိုပါတယ်။

         ၂၀၁၇ ဇန်န၀ါရီ ၁၉ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်သတင်းတစ်ပုဒ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက် က ကာယကံရှင်များရဲ့ဆန္ဒသဘောအတိုင်းသာဖြစ်ကြောင်း ၁၄ ရက်နေ့က ထုတ်ဖေါ်ပြော ဆိုကြောင်းရေးထား ပါတယ်။ ထိုင်းမီဒီယာတစ်ချို့မှာ နောင်ပီး ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြန်လည်ခေါ်ယူမယ် လို့ရေးထားကြတာကြောင့် ထိုင်းအမျိုးသားလက်ရွေးစင်အသင်းက၊ ပြန်လည်မေးမြန်းတဲ့အခါ၊ မြန်မာဘောလုံးအဖွဲ့ချုပ် အနေနဲ့ ကလေးငယ်ကို တစ်စုံတစ်ရာ ဆက်သွယ်မှုများပြုလုပ်ထားခြင်းမရှိကြောင်း၊ ဦးဇော်မင်းထိုက် ကပြောဆိုကြောင်း၊ သူတို့မိဘတွေက ထိုင်းမှာအလုပ်လုပ်နေတာ၊ ဘယ်နိုင်ငံသားခံယူမလဲဆိုတဲ့အပေါ်မှာမူတည်တာပေါ့၊ တကယ်လို့ ထိုင်း နိုင်ငံသားခံယူရင်တော့ ကျနော်တို့လည်းဘာမှမတတ် 
 နိုင်ပါဘူး။ သူကိုယ့်နိုင်ငံပြန်လာမယ်ဆိုလည်း အခွင့်အရေးတွေအ များကြီးရနိုင်ပါတယ်။ ဒီမှာလည်း ဘောလုံး အကယ်ဒမီတွေ ရှိနေပြီလေ။ လောလောဆယ်တော့ ကလေးငယ်နဲ့ပတ်သက်ပြီး တော့ ဘာအဆက်အသွယ်မှ မရထားဘူး” လို့ပြောဆိုပါတယ်။

             ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာနဲ့ ထိုင်းလူမျိုးတို့ရဲ့ အရည်အချင်းရှိသူတစ်ယောက်အပေါ် တန်ဖိုးထားခြင်း၊ အလေးနက်ထားခြင်း၊ အမြင်သဘောထားခြင်း ရည်ရွယ်ချက်ခြင်းမတူညီတာကို ၀မ်းနည်းဖွယ်ရာတွေ့ရှိရတာဖြစ်ပါတယ်။

                                          “စက္ကူလေယာဉ် ရွှေတံဆိပ်ဆုရှင် မောင်သောင်းဒီ”


        အတော်များများမေ့သွားကြပြီဖြစ်တဲ့ ထူးခြားတဲ့ စက္ကူလေယာဉ်  ရွှေတံဆိပ် ဆုရှင် (Mong Thongdee) ဆိုသူ တစ်ဦး ရှိပါသေးတယ်။ နိုင်ငံသားကဒ်ပင် ကိုင်ဆောင်လို့ မရှိပဲ နိုင်ငံမဲ့ဖြစ်နေတဲ့ ရှမ်းပြည်နယ်၊နမ့်စန်မြို့ဇာတိ၊ ပန်းရံအလုပ်သမား ဦးစိုင်းညွန် နဲ့ ဒေါ်မွန်တို့က ၁၉၉၇ ခုနှစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဝှေ့ဆိုင် ရပ်ကွက်မှာ မောင်သောင်းဒီ ကို မွေးဖွားခဲ့ပါတယ်။

          ၂၀၀၉ ခုနှစ်အသက် ၁၂ နှစ်အရွယ် မောင်သောင်းဒီဟာ ထိုင်းနိုင်ငံချင်းမိုင်မြို့၊ မယ့်ဟိုင် ရပ်ကွက်က ဟွေ့ဆိုင်းကျောင်းမှာ  စတုတ္တတန်းတက်ရောက်နေသူဖြစ်ပါတယ်။
 ၂၀၀၉ ခုနှစ် သြဂုတ်လ ဘန်ကောက်မှာ ကျင်းပတဲ့ စက္ကူခေါက်လေယာဉ်ပြိုင် ပွဲမှာ သူရဲ့ စက္ကူခေါက် လေယာဉ်ကလေးက လေထဲမှာ ၁၂ ဒဿမ ၅၀ စက္ကန့်ကြာ ပျံဝဲနိုင်တာကြောင့် ပထမဆုရရှိပြီး ဂျပန်နိုင်ငံ သို့သွားရောက် ယှဉ်ပြိုင်ဖို့ ခေါ်ယူခြင်းကိုခံခဲ့ရပါတယ်။

         နိုင်ငံမဲ့ဖြစ်နေတဲ့ မောင်သောင်းဒီ ဂျပန်နိုင်ငံကို သွားရောက်ခွင့်ရရှိရေးအတွက် ဟွေ့ဟိုင်ဆိုင်းကျောင်းက ဆရာတွေ ရဲ့ကြိုးပမ်းမှုကြောင့် ထိုစဉ်ကာလက ၀န်ကြီးချုပ် အဘီဆစ် ဝေ့ချာချီဝက  အကူညီကို ရယူပြီး Temporary Passport (ယာယီပတ်စပို့) တစ်ခုကို ထုတ်ပေးခဲ့ပါတယ်။
                    
     ဂျပန်နိုင်ငံ၊တိုကျိုမြို့၊ မာကူဟာရီဒေသမှာ ကျင်းပတဲ့ နိုင်ငံတကာ စက္ကူလေယာဉ်အရုပ်ခေါက်ပြိုင်ပွဲမှာ မောင်သောင်းဒီ ရဲ့ စက္ကူခေါက် လေယာဉ်ဟာ လေထဲမှာ ၁၀ ဒဿမ ၅၃ စက္ကန့်ကြာပျံဝဲနိုင်ပြီး ဆုရခဲ့တာဖြစ်ပါတယ်။

     နိုင်ငံမဲ့ ဖြစ်လျက်နဲ့ အခက်အခဲ အမျိုးမျိုးကြားက အားမလျော့တမ်း ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံသား သျှမ်းလူမျိုး အသက် ၁၂နှစ်သား မောင်သောင်းဒီ လေးဟာ အဖွဲ့လိုက် ရွှေတံဆိပ်ဆုနဲ့တစ်ဦးချင်း တတိယ ဆုတို့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ ပါတယ်။

     မောင်သောင်းဒီ (Mong Thongdee) ထိုင်းနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ တာကြောင့် စက္ကူလေယာဉ်ပျံ ပြိုင်ပွဲ ဆုယူအပြီးမှာ၊ ထိုင်းတို့၏ ထုံးစံအတိုင်း ဘုရင်နဲ့မိဖုရား၏ ဓာတ်ပုံကို ကိုင်ဆောင်ပြီးအောင်ပွဲဆင်ခဲ့ပုံတွေဟာ အင်တာ နက်အွန်လိုင်းမှာ အကြီး အကျယ် ပြန့်နှံ့ခဲ့ပါတယ်။ အဲဒီအချိန်က ၀န်ကြီးချုပ်ဖြစ်တဲ့
အဘီဆစ် ဝေ့ချာချီဝက ကိုယ်တိုင် ဂုဏ်ပြုတွေ့ဆုံပြီး အားပေးစကားပြော ဆိုခဲ့သလို ထိုင်းအမျိုးသား သိပ္ပံနဲ့နည်းပညာဌာနတို့ကလည်း မောင်သောင်းဒီ ရဲ့ ပညာ ရေးဆုံးခန်းတိုင်အောင် တာဝန်ယူမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

         အဲဒီအချိန်က မောင်သောင်းဒီကို ထိုင်းနိုင်ငံက ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြု ကဒ်ထုတ်ပေးမယ်လို့ သတင်းတွေ  ကြီးခဲ့ပေမယ့် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က အသက် ၁၅ နှစ်အောက် ကျောင်းသားတွေကို ထိုင်းအစိုး ရက နိုင်ငံသားကဒ် ထုတ်ပေးခဲ့ရာမှာမရရှိခဲ့ပါဘူး။

ဖခင်ဖြစ်သူ ဦးစိုင်းညွန့် ကကျနော့်သားက လေကြောင်း စက်မှုသိပ္ပံအင်ဂျီနီယာ ဖြစ်ချင်တယ်။ ထိုင်းအစိုးရကသာ တာဝန် ယူပြီး သင်ကြားမပေးရင် ကျနော်တို့ အနေနဲ့ အဆင့်မြင့် ပညာတွေကို သင်ပေးနိုင်မှာ မဟုတ်ဘူးဟုပြောဆိုခဲ့ပါတယ်။
မောင်သောင်းဒီ ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံသားဖြစ်ရေးက အရေးပါပါတယ်။ ဒီ့အတွက်သူ့ဖခင်စိုးရိမ်ခဲ့ပါတယ်။

                                             “ဂျပန်လက်ရွေးစင်ရခိုင်မောင်နှစ်မနှစ်ယောက်”

          





















   ၁၉၉၀ ၀န်ကျင်းကာလက ကျွန်းဆွယ် နိုင်ငံ့လက်ရွေးစင်ဘော်လီဘောကစားသမားတစ်ဦးဖြစ်ခဲ့သူ ဦးမြတ်သူ ဟာ အခုအခါ ဂျပန်မှာနေထိုင်သူဖြစ်တယ်။ ဦးမြတ်သူ ဂျပန်မှာရန်ကုန်သူတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားပါတယ်။ ဘော်လီဘောလက်ရွေးစင်ဟောင်း ဦးမြတ်သူရဲ့ မြေတောင်မြှောက်ပြုစုပျိုးထာင်ပေး မှုတွေကြောင့် သားကြီး
  ဖြစ်တဲ့ မောင်ကောင်းစံမြတ် ဟာ ဂျပန်လူငယ် ဘောလုံးလက်ရွေးစင် ဂိုးသမားတစ်ယောက် ဖြစ်နေသလို၊ သမီးဖြစ်သူ မရည်မွန်မြတ် ကလည်း လူငယ်အမျိုးသမီးလက်ရွေးစင် ဘော်လီဘောကစားသမား ဖြစ်နေပါတယ်။ ကမ္ဘာမှာ အရာရာရှေ့ဆုံး တန်းရောက်နေတဲ့ဂျပန်လိုနိုင်ငံမှာ မြန်မာနိုင်ငံ ရခိုင်နွယ်ဖွား ဒီခလေး၂ ယောက် ဂျပန်ကိုယ်စားပြုအသင်းမှာ ၀င်ရောက်ကစား ခွင့်ရနေခြင်းဟာ သာမန်အရည်အချင်းတော့မဖြစ်တန်ရာ။ စာရေးသူနဲ့ ဦးမြတ်သူ တို့ဟာ တစ်ရွာတည်း သားတွေဖြစ်ရုံသာမက   ကျောင်းနေဘက် ငယ်သူငယ်ချင်းတွေမို့ ၀မ်းမြောက်ဂုဏ်ယူ မဆုံး ဖြစ်မိပါတယ်။

                                                “လောက်လေးဂွလက်ဖြောင့်သမားညီအစ်ကို”

           ဘောလုံးစွမ်းရည်ပြခဲ့တဲ့ ဆူဗင် (ခေါ်) နောင်ပီး သတင်းတွေ ထိုင်းနိုင်ငံမှာ ဟိုလေးတစ်ကျော်ဖြစ်နေချိန်မှာ ဇန်န၀ါရီလ ၁၇ ရက်နေ့က၊ အသက် ၈နှစ် အရွယ်ခန့် လောက်လေးဂွလက်ဖြောင့်သမား၊ ….လူမျိုးအမွှာညီကို၂ဦးကိုထိုင်းတီဗွီတွေကထပ်မံပြ သတာကို ကြည့်ရှုခွင့်ရရှိခဲ့ပါတယ်။ ဒေါက်တိုင်ပေါ်မှာ ချည်နှောင်ထားတဲ့ ရေသန့်ပုလင်း အ၀ ကျဉ်းကို ၃ကြိမ်တိုင်တိုင် လောက် စာလုံးဝင်အောင် ၁၅ ပေအကွာက လောက်လေးဂွနဲ့ ပစ်နိုင်စွမ်းသူတွေဖြစ်နေပါတယ်။

        ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီနယ်မြေမှာနေတဲ့  လက်ဖြောင့်သမားဒီအမွှာကလေး ၂ယောက်ကို ရုပ်မြင်သံကြားထုတ်လွှင့် တဲ့ဌာနက ဆုအနေနဲ့ ဘာလိုချင်သလဲလို့မေးတဲ့အခါ ညီအစ်ကို ၂ယောက်လုံးက ၀မ်းသာလွန်းပြီး မျက်ရည်ကျကြပါတယ်။ ပြီးတော့  “ကျနော်တို့ကဆင်းရဲတယ်။ အိမ်ခေါင်မိုးမလုံဘူး၊ မီးလည်းမလာဘူး။ အဲဒါတွေကိုလုပ်ပေးစေချင်ပါတယ်” လို့အသံ လွှင့်ရုံစင်ထက်က ၀မ်းသာမျက်ရည်တွေကျပြီး တောင်းဆိုခဲ့တာကြောင့် နောက်နေ့မှာသူတို့တောင်းဆိုချက်တွေကိုချက်ခြင်း
 ဆောင်ရွက်ပေးခဲ့ပါတယ်။

                                                       “ရင်ထဲမှာဟာတာတာ ရေဆာသလိုပ”   
         ၁၉၅၀ ၀န်ကျင်မှာ ကမ္ဘာကျော်ခဲ့တဲ့ မြန်မာဘောလုံး၊ ကျွန်းဆွယ်ပွဲတိုင်းမှာ အမြဲတမ်းအောင်ပွဲဆင်နိုင်ခဲ့တဲ့ မြန်မာ့အား ကစားလောကဟာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခြင်းနဲ့အတူ အလုံးစုံ မှေးမှိန်သွားခဲ့ရတယ်။ တိုင်းပြည်က မြေတောင်မမြှောက်   ပေးတာကြောင့်၊ အားကစားလောကသာမက အရာခပ်သိမ်း ကမ္ဘာမှာရော အာရှမှာပါ နောက်ဆုံးဘိတ်ဆုံးဖြစ်သွားခဲ့ပြီ။

        အတိုင်းအဆမဲ့ အခွင့်အာဏာကို သုံးပြီး တိုင်းပြည်ဘဏ္ဍာအားလုံးကို သူတို့ကိုယ်ပိုင် သိမ်းကျုံးယူငင်သွားခဲ့ကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်အောက်မှာနှစ် ၆၀ နီးပါး နစ်မွန်းနေခဲ့ရတော့ ပြဿ     နာပေါင်း သောင်းခြောက်ထောင် ရှင်းလင်းလို့မကုန်တော့ဘူး။ နိုင်ငံ့ခေါင်းဆောင် အမေစု ဆိုတာလည်း ၇၃နှစ်အဖွားကြီးအရွယ်ရာက်မှ နိုင်ငံကို ဦးဆောင်ခွင့် ရတယ်။

           အာဏာရှင်နဲ့ ခရိုနီတွေဟာ နိုင်ငံပိုင်၊ သစ်တော၊စိုက်ပျိုးမြေတွေကိုသာမက လူကြီးကစားကွင်းတွေကိုရော ကလေးကစားကွင်းတွေကိုပါမကျန် တစ်နိုင်ငံလုံးမှာ အပိုင်စီးကြရုံသာမက ကလေးကစားကွင်းကိုပါ လက်မရှောင်ပဲ သိမ်းယူခဲ့ကြတယ်။ ကလေးတွေလွတ်လပ်ပျော်ပါးစွာ ကစားစရာအားကစားကွင်းမရှိတော့တာဟာလည်း၊ မြန်မာအား ကစားလောက မှေးမှိန်စေတဲ့အထဲက အကြောင်းအရာတစ်ခုလို့လည်း ပြောနိုင်မယ်ထင်ပါတယ်။

                                                      “နေရာတိုင်းမှာ ဘ၀အနာဂတ်ရှိပါမှ”    
         မြန်မာနိုင်ငံမှာ ဘောလုံး၊ ဘော်လီဘော အားကစားသမားတွေကို ဌာနဆိုင်ရာတစ်ခုခုမှာ ၀န်ထမ်းအဖြစ် ထည့်သွင်း ထားလေ့ရှိပါတယ်။ မြန်မာအားကစားသမားတွေမှာ ကစားနိုင်တဲ့အချိန်မှာရော၊ အရွယ်လွန်တဲ့အခါမှာပါရေရာတဲ့အနာဂတ် မရှိပါ။ လက်ရှိ မြန်မာအမျိုးသမီးဘောလုံးအသင်းရဲ့စွမ်းရည်ဟာ အာရှမှာထိပ်တန်းဖြစ်ပါတယ်။ သူတို့အတွက်ကောင်းမွန် တဲ့အနာဂတ်အဖြစ် တိကျတဲ့မူဝါဒရှိနေမယ်ဆိုရင်၊ နောက်မျိုးဆက်တွေ အားကျပြီး ဆက်လက်လိုက်ပါလာမှာဖြစ်ပါတယ်။
ဒါမှ မြန်မာအားကစားဟာ ထိပ်တန်းသို့ ပြန်လည်ရောက်လာမှာ မြေကြီးလက်ခပ်မလွဲပါ။

        လက်ရှိအချိန်မှာ ပြိုင်ပွဲတိုင်းမှာရှုံးနိမ့်ပြီး အားကစားမျိုးဆက်တွေပြတ်နေတဲ့ အဓိကအကြောင်းက အားကစားသမား တွေ အတွက် အနာဂတ်မသေချာတာကြောင့်ဖြစ်တယ်ဆိုတာကို သက်ဆိုင်သူတွေ သိရှိအကောင်အထည်ဖေါ်ဖို့လို အပ်ပါ တယ်။ အနိုင်ပွဲတွေရရှိဖို့အတွက် ပြိုင်ပွဲတစ်ခုဝင်ကာနီးမှ တရုတ်ကိုသွားလေ့ကျင့်၊ ထိုင်းကိုသွားလေ့ကျင့်၊ ဖုတ်မီးပူတိုက် လေ့ကျင့်လို့ ရကောင်းတဲ့အရာမျိုးမဟုတ်ပါ။ ငါတို့ အားကစားကို ကြိုးစားခြင်းကြောင့် ငါတို့အနာဂတ်ကောင်းစားမယ်။ တိုင်းပြည်လည်း ဂုဏ်သိက္ခာတက်မယ်ဆိုတဲ့ ထပ်တူအချိုးကျတဲ့ လက်တွေ့ဆန်တဲ့ အကျိုးသက်ရောက်မှုရှိမှ အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါတယ်။

          လက်ရှိ အာရှချန်ပီယံဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ အားကစားသမားတစ်ယောက်ဟာ တိုင်းပြည်အတွက်အားကစား အလုပ် တစ်ခုတည်းကိုပဲ နေ့စဉ်နေ့တိုင်း လေ့ကျင့်နေရပါတယ်။ လက်ရွေးစင်ကစားသမားတစ်ယောက်ဟာအခြားဝန်ထမ်းတွေလို အထောက်အပံ့ လစာအပြည့်အစုံရရှိပါတယ်။ နိုင်ငံတကာပြိုင်ပွဲတစ်ခုခုမှာများ ရွှေ၊ငွေ ဆုတံဆိပ် တစ်ခုခုရရှိခဲ့လို့ ရှိရင် အဲဒီအား ကစားသမားတစ်ယောက်အတွက် ဘ၀တစ်လျှောက်လုံး မပူမပင်မကြောင့်မကျ နေထိုင်ရပ်တည်လို့ရအောင် ချီးမြှင့်ပေးပါတယ်။ ထိုင်းအားကစားသမားတစ်ယောက်အတွက် အနာဂတ်ဟာ သေချာရေရာပြီး အာမခံမှုအပြည့် အ၀ရှိပါတယ်။

           အထူးသဖြင့် ကလေးအရွယ်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပေါင်းစုံ၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ အစရှိသဖြင့် အားကစားပွဲပေါင်းများစွာ စဉ်ဆက်မပြတ်ကျင်းပပေးပြီးတကယ့်အရည်အချင်းရှိသူ တွေကိုစဉ်ဆက် မပြတ်လေ့ကျင့်မွေးမြူပေးနေပါတယ်။ အခြေခံဖြစ်တဲ့ ကလေးကစားကွင်းနဲ့ ဘောလုံးကွင်းတွေကို လို အပ်တာထက် ပိုလျှံအောင် တည်ဆောက်ပေးထားပါတယ်။ ကစားကွင်းတွေက ကစားသမားတွေပေါ်ထွန်းဖို့အတွက် အမြဲတမ်းလူလိုနေတယ်၊ အမြဲတမ်း ဖိတ်ခေါ်နေတယ်၊ထူးချွန်သူတွေအတွက်ခိုင်မာတိကျတဲ့အနာဂတ်ဘ၀ရှိတယ်၊ဘယ်အားကစားသမားတွေကိုကြည့်ဆိုတဲ့ ပြယုဒ်ဟာ ထိုင်းနိုင်ငံကို အာရှချန်ပီယံဖြစ်စေတဲ့ ပီယဆေးနည်းပါပဲ။   

                                                      ကျော်သောင်း (ဘန်ကောက်)