10 January 2017

“MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က စွဲဆိုထားသည့်အမှု မြို့နယ်ဥပဒေအရာရှိထံသို့ရောက်ရှိ”



                
၂၀၁၇ နှစ် ဇန်န၀ါရီလ ၁၀ ရက်
မောင်မောင်မြတ်ညို(အလွတ်သတင်းထောက်)

          တရားမ၀င်ဆင်းမ်ကဒ်နှင့်အသက်အာမခံရောင်းချမှုတို့အတွက် အလည ညွန်ချုပ်နှင့် MOEAF ထိပ်ပိုင်း တာဝန်ရှိသူ ၃ဦးတို့အား မြောက်ဒဂုံရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသည့်အမှုတွဲ ယနေ့တွင် မြို့နယ် ဥပဒေအရာ ရှိရုံးသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းသိရှိရသည်။

          အလုပ်သမားအရေး၊လူ့အခွင့်အရေးနှင့်လူကုန်ကူးမှုတိုက်ဖျက်ရေးတို့အား ဘန်ကောက်အခြေစိုက် ၍ ၁၄နှစ်ကြာ စိုက်လိုက်မတ်တတ် လုပ်ကိုင်ဆောင်ရွက်နေဆဲဖြစ်သော ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ MAT ဒါရိုက် ဦးကျော်သောင်း က ထိုင်းနှင့်မလေးရှားနိုင်ငံထုတ် ဆက်သွယ်ရေးဖုန်းဆင်းမ်ကဒ် 
 ရောင်းချမှုနှင့် ထိုင်းနိုင်ငံသို့သွားရောက်ကြမည့်အလုပ်သမားများအား အသက်အာမခံကြေးရောင်းချမှုတို့ကို ပူးပေါင်းလုပ် ကိုင်ဆောင်ရွက်ခဲ့ကြသော အလုပ်သမားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် နှင့် ပြည်ပအလုပ် အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဌ၊ ဒု-ဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူး ဆိုသူတို့ကို၂၀၁၆ ခု အောက်တိုဘာလ (၇)ရက် နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း) ရဲစခန်းတွင် ပ/၁၆၄၆ ဆက်သွယ်ရေးပုဒ်မ ( ၆၅ ) ဖြင့်လည်းကာင်း ပ/ ၁၆၄၅ မြန်မာ့အာမခံ လုပ်ငန်းဥပဒေပုဒ်မ (၂၅ ) ဖြင့်လည်းကောင်း အမှုဖွင့် တိုင်ကြားထားခဲ့ပါသည်။


           မြောက်ဒဂုံရဲစခန်းမှ ၃လနဲ့ ၃ရက်ကြာပြီးမှ ယခုကဲ့သို့ မြောက်ဒဂုံဥပဒေအရာရှိရုံးသို့အမှုတွဲရောက် ရှိ သွားခြင်းကို အမှုဖွင့်တိုင်ကြားထားသူ ဦးကျော်သောင်း က လုပ်ငန်းစဉ် တစ်ဆင့်ရွှေ့သွားသဖြင့်ကြိုဆို   ကြောင်း၊ မြောက်ဒဂုံရဲစခန်းမှူးကိုကျေးဇူးတင်ကြောင်း ပြောဆိုပါသည်။ 

     အမည်မဖေါ်လိုသည့် တရားရုံးချုပ်ရှေ့နေကြီးတစ်ယောက်ကမူ“ယခုစွဲဆိုထားတဲ့အမှုဟာ ရဲက ၀ရမ်း မပါပဲ ဖမ်းဆီးခွင့်ရှိတဲ့အမှုဖြစ်ပါတယ်။ ပြီးတော့ အာမခံပေးလို့မရတဲ့အမှုဖြစ်တယ်။ ပြစ်မှုထင်ရှားရင် အမှု တစ်ခုချုင်းစီ ထောင်ဒဏ်၅နှစ်ထိကျခံရနိုင်ပါတယ်။ခုက မြောက်ဒဂုံရဲစခန်းကစွတ်စွဲခံရသူတွေကို  ခေါ်တော့
 ခေါ်တယ်၊ ပြန်လွှတ်ပေးလိုက်တယ်။ အမှုစွဲတင်ဖို့က အလွန်ကြန့်ကြာနေတယ်။ တရားခံအဖြစ်စွတ်စွဲခံ ထားရသူတွေထွက်ပြေးရင် ဘယ်လိုလုပ်မလဲ။ ဒါက စိုးရိမ်စရာအကောင်းဆုံးအချက်ပဲ။ ၆၆(ဃ) ဆိုတာ အမြင့်ဆုံး ထောင်၃နှစ်ပဲချလို့ရတဲ့ပြစ်မှုပါ။ ဒါတွေကိုဖမ်းတာဆီးတာတွေက တအားမြန်နေကြတယ်။ ဥပမာ အလဲဗင်းမီဒီယာ CEO နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း တို့ အမှုတွေပါ့” ဟု ထောက်ပြပြောဆိုသွားပါသည်။

       MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက“လူထုရွေးကောက်တင်မြှောက်တဲ့ခေတ်ကိုရောက်သွားပါပြီ။
 နိုင်ငံရပ်ခားမှာ ကျွန်သဖွယ်အလုပ်လုပ်ကြရမယ့်ရွှေ့ပြောင်း အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက် ရမယ့် အစီအမံတွေကို အကောင်းအထည်ဖေါ်ကြရပါတော့မယ်။ လုပ်ကိုင်ခွင့်ကိုအခွင့်ကောင်းယူပြီးအလုပ် သမားတွေကို မတရားခေါင်းပုံဖြတ်နေတာတွေကို ရပ်တန့်ဖို့ ကျနော်တို့ သတင်းစာရှင်းလင်းပွဲတွေလုပ်ခဲ့   ပေါင်းများပြီ၊ အကြီးအကဲတွေကို တိုင်ကြားပေါင်းလည်းများပြီး။ ဒါပေမယ့်မတရားသဖြင့်စီးပွားရှာမှုတွေက ပိုပြီးတော့ ဆိုးဝါးလာတယ်။ အလုပ်သမားတွေခေါင်းပုံဖြတ်ခံနေရတာတွေလုံးဝချုပ်ငြိမ်းသွားအောင်လို့ အချက်အလက်တွေခိုင်ခိုင်မာမာ စုဆောင်ပြီး ခိုင်လုံတဲ့သက်သေတွေနဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။