13 May 2016

“ဓါတ်လိုက်သေဆုံးသူအတွက် နစ်နာကြေးအနည်းငယ်ရရှိ”




၂၀၁၆ -  မေ - ၁၃
ကိုတီး

        န၀နခွန် ထိုင်းဌာနီ ရှိ CES ပလပ်စတစ်စက်ရုံတွင် ၆.၅.၂၀၁၆ နေ့ညနေ  ၈နာရီခန့်က  မြန်မာ အလုပ်သမတစ်ဦး ဓါတ်လိုက်၍ သေဆုံးသွားခဲ့သည်။
     သေဆုံးသူသည် မွန်ပြည်နယ်၊ ကျိက်ထိုမြို့နယ်၊   ကော်ထင်ကျေးရွာမှ အဖ ဦးဌေးအောင် ၏ သမီး အသက် ၂၇ နှစ်အရွယ် မဇင်မာအောင် ဆိုသူဖြစ်သည်။ ယခုအလုပ်ရုံတွင် သူမ ၆လကြာလုပ်ကိုင်ခဲ့ပြီ ဖြစ်သည်။
        သူမ၏  ကြွင်းကျန်ရစ်သည့်  ရုပ်အလောင်းအား  ၁၁.၅.၂၀၁၆ နေ့က သဂြိုဟ်ကာ ယမန်နေ့က ဆွမ်း သွတ်ပြီး အလုပ်ရုံမှ နစ်နာကြေး အနည်းငယ်ပေး၍ အမှုပိတ်လိုက်သည်ဟု သိရသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က
“အလုပ်ရုံက ကျနော်တို့ကိုလှမ်းပြောတယ်။ ဘတ်သုံးသိန်း နစ်နာကြေးပေးလိုက်ပြီတဲ့၊ သေဆုံးသူရဲ့ အကိုဖြစ်သူ

ကတော့ တစ်သိန်းကျော်လို့ပြောတယ်။ ဘာစကားကိုမှ ကျနော်တို့အတည်မပြုတော့ဘူး။ ကျနော်က အလောင်းထုတ် ဖို့ သံရုံးက ထောက်ခံစာ ယူတဲ့နေကတည်းက သေဆုံးသူရဲ့ မိသားစု လုပ်ကိုင်ပုံတွေကိုသံသယရှိတယ်။ ထိုင်းချော့ တာကိုခံရတော့မယ်လို့ စိုးရမ်နေတယ်။ ထင်တဲ့အတိုင်းပဲ။ ကျနော်တို့ ပြောထားတဲ့တာက အနည်းဆုံး ဘတ်ငါး သိန်းပေးရမယ်လို့ပြောခဲ့တာ။ အလုပ်ရုံနဲ့ သေဆုံး သူမိသားစုနဲ့ ကျနော်တို့ကွယ်ရာမှာ ရှင်းလိုက်ကြ တာ၊   သေသူဘက်က ဆုံးရှုံးနစ်နာတာပေါ့” ဟုပြောသည်။

       ထိုင်းနိုင်ငံအတွင်း ဓါတ်လိုက်သေဆုံးမှုနှင့်ကိုယ်လက် အင်္ဂါထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသဖြင့် မြန်မာ အလုပ်သမားများ အထူးသတိထားလုပ်ကိုင်ဆောင်ရွက်ကြ ရန် MAT အဖွဲ့က သတိပေးစကားပြောသည်။ 

        အကယ်၍   လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိ လျှင်ဖြစ်စေ၊အသက် သေဆုံးလျှင်ဖြစ်စေအကူညီလို အပ်ပါ က MAT အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များဖြစ်သော ၀၈၉ ၆၅၂၅ ၆၉၆-၀၈၄ ၆၇၀၅၇၂၇-၀၈၀ ၅၈၈ ၅၅၄၈-၀၈၆ ၉၀၅ ၂၄၄၆ -  ၀၈၇ ၃၁၂ ၁၁၇၉-၀၈ ၃၇၃၅၂၀၈၇ တို့ ဆက်သွယ်အကူညီတောင်း ခံနိုင်ပါသည်။