18 May 2016

“ထိုင်းငါးဖမ်းလှေများတွင်လူကုန်ကူးခံနေရသောမြန်မာများကိုNLD အစိုးရကယ်ထုတ်ပေးရန်မေတ္တာရပ်ခံတောင်းဆို”





၂၀၁၆ မေလ ၁၈ ရက်
မောင်ပေါ်ထွန်း

       လူကုန်ကူးသည့်ဂိုဏ်းများကရောင်းစားထားသဖြင့် ထိုင်းငါးဖမ်းလှေများပေါ်တွင် လုပ်အား ခလည်းမရရှိပဲ၊ နှိပ်စက်ညှဉ်းပန်းခံရပြီး ကျေးကျွန်သဖွယ်ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေကြရ
သည့်မြန်မာများအားကယ်ထုတ်ပေးပါရန်MATအဖွဲ့က မြန်မာအစိုးရသစ်သို့ မေတ္တာရပ်ခံတောင်း ဆိုလိုက်သည်။

         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT က ယမန်နေ့က ထိုင်းငါးဖမ်း လှေဆိပ်၂ခုတွင်လူကုန်ကူးခံနေခဲ့ကြရသည့်မြန်မာ၁၆ဦးအားမြ၀တီလူကုန်ကူးမှုတား
ဆီးနှိမ်နင်းရေးတပ်ဖွဲ့ရုံးသို့ ပို့ဆောင်ပေးခဲ့သည်။

         ထို့အထဲမှ ခနုန်ငါးဖမ်းလှေဆိပ်တွင် ၁နှစ်မှ  ၃နှစ်ကျော်အထိ ရောင်းစားခံခဲ့ကြရည့် အလုပ်သမား၁၃ဦးတို့သည် လုပ်အားခမရသည့်အပြင် ငါးလိပ်ကျောက်မြီးဖြင့်အရိုက်ခံရ၊သံရိုက် တူဖြင့်အထုခံရ၊ ဓါးဖြင့်  ပြင်းထန်စွာအလှီးဖြတ်ခံရသူများပါဝင်ပါသည်။

         ပြန်လည်လွတ်မြောက်လာသူများက ၎င်းတို့၏ လှေပိုင်ရှင်သူဌေးတွင် ငါးဖမ်းလှေ ၁၂စီး ရှိပြီး ၁၀စီးကို လိုင်စင်လုပ်ထားကြောင်း ထိုငါးဖမ်းလှေများတွင် ၎င်းတို့ကဲ့သို့ လုပ်အားခမရပဲ၊   နှိပ်စက်ညှဉ်းပန်းခံ၍ ကျေးကျွန်သဖွယ် အလုပ်လုပ်နေကြရသူ ၈၀ဦးခန့်ရှိနေကြောင်း MAT အဖွဲ့နှင့် မြ၀တီလူကုန်တားတပ်ဖွဲ့ စိတ်မှူး ဒုရဲမှူး မျိုးဇင် ထံတွင်တင်ပြခဲ့ကြသည်။ 

       MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းငါးဖမ်းလှေတွေပေါ်မှာ မြန်မာနိုင်ငံသားေ ပါင်းသိန်းချီ ပြီးလူကုန်ကူးခံနေရတာပါ။ ဒီလူတွေကို နိုင်ငံတကာဖိအားတွေကြောင့် ပန်းရောင် ဘတ်ကဒ်လုပ်ပေးထားတယ်။ အဲဒီကဒ်တွေကို လှေပိုင်ရှင်ကသိမ်းထားတာ။ မြန်မာတွေက ပိုက်ဆရာတွေ၊ လှေသူကြီးတွေဆီမှာ ရိုက်နှက်ညဉ်းပန်းခံပြီး လုပ်အားခမရပဲလုပ်နေကြရတာ ပါ။ လွတ်မြောက်လာတဲ့ အလုပ်သမာတွေက သူတို့လိုဘ၀တူတွေ ကြမ်းကြုတ်ရက်စက်တဲ့ ဒီ ငါးလှေပိုင်ရှင်လက်ထဲက ကယ်ထုတ်ပေးဖို့ အကြံပြု ကြတယ်။ 
          ဒီအနေအထားကိုနိုင်ငံတော်အစိုးရကပဲ ထိုင်းအစိုးရနဲ့ပူပေါင်းပြီး အလုပ်သမားတွေကို   တွေ့ဆုံခွင့်၊ စစ်ဆေးခွင့်တောင်းပြီး အလျှင်အမြန်အကောင်အထည်ဖေါ်ပေးပါလို့ တောင်းဆို ပါတယ်” ဟုပြောသည်။

     ခနုန်းငါးဖမ်းလှေဆိပ်မှာ ဘန်ကောက်မြို့တောင်ဘက် စီခြုံရခိုင်ထဲတွင်ရှိသော အလွန်ဂျောင် ကျသည့် ပင်လယ်ကမ်းစပ်တွင်တည်ရှိသည်။ အဆိုပါနေရာတွင် လူကုန်ကူးခံနေရသည့် မြန်မာ များ သတင်းအချက်အလက်များအားရရှိရန် အလွန်ခဲပါသည်။

          မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိသွားပြီဖြစ်သော လူကုန်ကူးခံခဲ့ရသည့် ချင်းအမျိုးသား လူငယ် ခင်ဦး က “ကျနော်ကထိုင်းလိုပြောတတ်တယ်။ ကျနော်ပြန်တော့မယ် လုပ်အားခပေးပါ လို့တောင်းတော့ သူဌေးက သေနတ်ယူမလား၊ ပိုက်ဆံယူမလားလို့ ခုံပေါ်မှာ သေနတ်ကိုပြပါ တယ်။ ပြီးတော့ ကျနော်လက်ကိုစားပွဲပ်ါမှာမှောက်ထားပြီး တူနဲ့၃ချက်ရိုက်တယ်။ သေလု မတတ်နာတာပဲ။ ပိုဆိုးတာက ထွက်မပြေးရအောင်ဆို ပြီး ကျနော့်ဒူးခေါင်းကို တူနဲ့ ၂ချက်ရိုက် တာ ကျနော်ခွေဆင်းသွားတယ်။ ခြေမထောက်နိုင်၊ လက်မကိုင်နိုင်ပေမယ့် ပဲ့နင်းရိုက်မှာစိုးလို့ ကျနော် အလုပ်လုပ်ခဲ့ရပါတယ်” ဟုပြောသည်။
 
          ယမန်နေ့က မြ၀တီသို့ပြန်လည်ပို့ဆောင်ပေးခဲ့သည့်မြန်မာအလုပ်သမားများမှာ မိမိတို့ လုပ်အားခများကိုရရှိခဲ့ပါသည်။ မြ၀တိလူကုန်တားစခန်းထဲတွင် ငွေလဲဒိုင်ကိုခေါ်ယူ၍ ကျပ်ငွေ   များဖြင့် လဲလှယ်ပေးခဲ့ပါသည်။ ထိုငွေများ လုံလုံခြုံခြုံ မိသားစုများထံသို့ရောက်ရှိရေးအတွက် အကူညီပေးပါရန် MAT အဖွဲ့က မြ၀တီလူကုန်တားတပ်စိတ်မှူး ဒုရဲမှူး မျိုးဇင် အား မေတ္တာရပ်ခံခဲ့ ပါသည်။

          ပြန်ပို့ထားသည့်မြန်မာ၁၆ ဦးတို့အား မြ၀တီလူကုန်တားတပ်ဖွဲ့က အသေးစိတ်မေးမြန်း မှတ် တမ်းတင်နေရသဖြင့် နက်ဖြန်တွင်ပြန်လည်ပို့ဆောင်ရလိမ့်မည်ထင်ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောသည်။