14 May 2016

“ငါးဖမ်းလှေအလုပ်သမား၃ဦးအားMAT အဖွဲ့ကယ်ထုတ်”



                        
၂၀၁၆ - မေလ - ၁၄ ရက်
ကိုတီး
               ထိုင်းနိုင်ငံခြုံဘူရီခရိုင်၊ ချောင်းစမေးစံလှေဆိပ် မဲခေါင်တံတား လှေအမှတ်(၉) ပေါ်တွင် ၅လ ကြာရောင်းစားခံနေခဲ့ရသည့် ရခိုင်အလုပ်သမား ၃ဦးအား မြန်မာသံရုံးအလုပ်သမား ကူညီ   စောင့်ရှောက်aရးကော်မတီMATက ကယ်ထုတ်နိုင်လိုက်သည်။

         ရောင်းစားခံနေခဲ့ကြရသူများမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ အမျက်ထွက်ရွာမှ အသက် ၃၅ နှစ် အရွယ် ဦးတင်ရွှေ၊ အသက် ၄၂နှစ်အရွယ်ဦးအောင်ဘခင်နှင့် အသက် ၄၂နှစ်အရွယ် ဦးထွန်းမောင်သိန်း ဆိုသူတို့ဖြစ်ကြသည်။

 ဦးထွန်းမောင်သိန်း က“ ကျနော်ဆီမှာ အလုပ်မရှိဘူး။ ရခိုင်ပွဲစားတစ်ယောက်ကို ကျပ်ငွေလေး သိန်းစီပေး ပြီးတော့ ရန်ကုန်လာခဲ့တယ်။ မြ၀တီကတစ်ဆင့် ထိုင်းဘက်ကိုကူလာခဲ့ပြီး တော လမ်းကို ပင်ပင်ပန်းပန်း လျှောက်ပြီး ဒီလှေဆိပ်ကိုရောက်ခဲ့တယ်။ ကျနော်တို့ကို ဘတ်လုပ်ပေး ထားတယ်။ လှေတစ်ခါဝင်ရင် ဘတ်  ၅၀၀စီသုံးရတယ်။ ဦးကျော်သောင်း ဖုန်းနံပတ်ကို ဘန်ကောက်က ရခိုင်အလုပ်သမားတစ်ယောက် ကပေး တယ်။ ကျနော်တို့ လွတ်မြောက်လာတဲ့ အတွက်ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက် ဦးကျော်သောင်း က “ဘတ်လုပ်ခြင်း၊ ပတ်စပို့လုပ်ခြင်းက လူကုန်မှုလျှော့နည်းပပျောက်ရေး အတွက် အဓိကမကျဘူး။ ထိုင်းငါး ဖမ်းလှေမှာ အလုပ်သမားတွေ ဘာကြောင့်အမြဲတမ်း လိုအပ်နေသလဲ။ ကျနော်တို့ အကြောင်းခံတရားကို သိတယ်။ ပင်လယ်အစားအစာ ကမ္ဘာ့ကိုဖြန့်ချိ တင်ပို့ပြီး ကြွယ်ဝချမ်းသာနေတဲ့ ထိုင်းလုပ်ငန်းရှင်တွေ မသိပဲ မနေပါဘူး။ သိမှာပါ။  ဒါတွေကို ပြုပြင်ဖို့ထိုင်းအစိုးရက ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့   ပြုပြင် ပြောင်းလဲမှဖြစ်ပါမယ်။ လူကုန်ကူးမှုနဲ့နာမည်ပျက်နေတဲ့ ထိုင်းငါးဖမ်းလှေနဲ့ ပင်လယ်အစားအစာထုတ် လုပ်တဲ့ လုပ်ငန်းစုကြီးထဲကို MOU နဲ့ ပို့ဖို့စဉ်းစားနေတဲ့ မြန်မာ အစိုးရသစ်အနေနဲ့ ဘယ်အပေါ်မှာမူတည်ပြီး ဆုံးဖြတ်မလဲတော့ ကျနော်တို့အထူးစိုးရိမ်ပါတယ်” ဟုပြောသည်။ 

         တစ်နေ့ကို နာရီပေါင်းများစွာ မနားမနေလုပ်ကိုင်နေကြရသည့် ထိုင်းငါးဖမ်းလှေများပေါ် မှ မြန်မာ အလုပ်သမားများမှာ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးစားနေကြရသည်။ တချို့မှာ သေမထူး နေမထူး  ဆုံးဖြတ်၍ ရေထဲသို့  ခုန်ချသေဆုံးသူများရှိသလို သေခါမှသေရော ကမ်းမမြင်လမ်းမမြင် ပင်လယ် ပြင်တွင် ကူးခတ်နေသဖြင့် ယမန်နှစ်က ဓါတုပစ္စည်းတင်ဆောင် သည့် သင်္ဘောတစ်စင်မှ ကယ်တင်ခေါ် ဆောင်လာခဲ့သည့် အလုပ်သမား ၂ဦးကို MAT အဖွဲ့က သွားရောက်ခေါ်ဆောင်ခဲ့ဖူးသည်။