22 March 2015

“အလုပ်သမားချွေးနှဲစာဘတ်ငွေ ကုဋေသုံးရာကျော် ထပ်ကုန်ပြန်ပြီသမ္မတကြီးခင်ဗျား”



                
          ထိုင်းနိုင်ငံအတွင်းမှာပြီးခဲ့တဲ့၆လက မြန်မာအလုပ်သမားပေါင်း  ခြောက်သိန်းခုနစ်သောင်းကျော်ကို
 နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကဒ်ကို ထိုင်းစစ် အစိုးရက လုပ်ပေးခဲ့ပါတယ်။ ပန်းရောင် ဘတ်ကဒ် ကနေ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအစီအစဉ်ကို မြန်မာအစိုးရ အလုပ်သမားအာဏာ ပိုင်တွေ ဟာ အလျှင်အမြန် မစီစဉ်နိုင်ခဲ့ပဲ ကိုယ်ကျိုးစီးပွားအခွင့်အရေးတစ်ရပ်အနေနဲ့ သာပြင်ဆင်စီစဉ်ခဲ့ကြ ပါတယ်။  အချက်အလက်၂၇ ချက်ကောက်ခံရမယ့် အစီအစဉ်တစ်ခုကို ဒုသမ္မတ ညွန်ကြားချက်အရဆိုပြီး အလုပ်သမားဝန်ကြီးဌာနက ထိုင်းရောက်အလုပ်သမားတွေကို ကောက်ခံခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ လုံးဝ မဖြစ်နိုင်တာမို့ “ကျောက်ခဲကိုဆီကြိတ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ် ကျနော်ရေးသားတင်ပြခဲ့ဖူး ပါတယ်။
          အယင်လက  အစိမ်းရောင် စာအုပ်ထုတ်မယ်ဆိုပြီး မြန်မာအာဏာပိုင်တွေက ပြင်ဆင်လာခဲ့ပြန်ပါ တယ်။ ဒီအစီအစဉ်အတွင်း အကျိုးအမြတ်ရှာဖို့ အေဂျင်စီများအဖွဲ့ချုပ်က ဒု.ဥက္ကဌ ကိုယ်တိုင်ကြီးကြပ်ပြီး ပွဲစားပေါင်း အယောက် ၆၀ ခန့်ဟာ တပ်ထောင်ကာဗိုလ်ဖွဲ့လို့ ထိုင်းနိုင်ငံအတွင်းကို အုံနဲ့ကျင်းနဲ့ ရောက်ရှိ လာခဲ့ကြပါတယ်။ ထိုင်းအစိုးရသတ်မှတ်ထားတဲ့ ၆လသာကြာသွားတယ် မြန်မာအစိုးရဘက်က ထိုင်းေ ရာက် အလုပ်သမားတွေအတွက် ဘာစာအုပ်မှ ထွက်ပေါ်မလာခဲ့ပါဘူး။ ၀န်ကြီးနဲ့ ညွန်ချုပ်တို့ဟာ ပြည်ပကို အလုပ်သမားတွေပို့နေကြတဲ့ ပွဲစားတွေခြံရံပြီး အကြိမ်ကြိမ်လာရောက်ခဲ့ကြပါတယ်။ ဒါ့အပြင်ဒုသမ္မတ တို့ လည်းရောက်ရှိခဲ့ကြပါတယ်။

            မတ်လ ၁၈  ရက်နေ့က အလုပ်သမားဒုဝန်ကြီးနဲ့ ညွန်ချုပ်တို့ဦးဆောင်တဲ့ အဖွဲ့တစ်ခုကြွချီလာခဲ့ပါ တယ်။ မြန်မာအလုပ်သမားတွေဆီက ခေါင်းပုံဖြတ် ဂုတ်သွေးစုတ်ဖို့ စိတ်ကြိုက် လက်ပါးစေ ပွဲစားတွေကို လုပ်ကိုင်ခွင့်ပြုထားတဲ့ ဘန်ကောက်နဲ့ မဟာချိုင်က ပတ်စပို့ထုတ်ပေးရေးစခန်းတွေကိုသွားလာခဲ့ကြပါ တယ်။ အလုပ်သမားဝန်ကြီးဌာနက ဥဏှောက်ရှိပါတယ်လို့ မိမိကိုယ်ကို ပြောကြသူတွေဟာ အကြိမ်ပေါင်း များစွာ ထိုင်းကိုလာခဲ့ပေမယ့် အဖြေကတော့ အလုပ်သမားတွေကို နေထိုင်ခွင့် ပန်းရောင် ဘတ်ကဒ် သက် တမ်းတိုးပေးရေးမှာပဲ ဂိတ်ဆုံးပါတော့တယ်။ ငါးမရတော့ရေချိုးပြန်ကြရတာပေါ့။

                                       “အလုပ်သမားအာဏာပိုင်တွေကြောင့်ပါ”
    
ဝန်ကြီးတွေ၊ ညွန်ချုပ်တွေ ထိုင်းကိုသွား မယ်ဆိုရင် သန်းချီရှိတဲ့အလုပ်သမားတွေအပေါ်မှာ ခေါင်းပုံဖြတ် ခွင့်ရရှိဖို့နဲ့ ပြည်တွင်းမှာအလုပ်အကိုင်မရှိလို့ ပြည်ပကို ထွက်ခွာအလုပ်ကြမယ့် အလုပ်သမားတွေကို   ပြည်ပသို့ ထုတ်ရောင်းခွင့်လို အခွင့်ထူးရရှိဖို့အတွက် ပွဲစားပေါင်းချုပ်အဖွဲ့ MOEAF က ကုန်ချင်သလောက်
ကုန်ပါစေ.. အဘ.. အဘ..နဲ့ ထီးဖိနပ်ကိုင်ပြီး အပါးတော်မြဲပြီး ပါလာတတ်စမြဲဖြစ်ပါတယ်။  အစိမ်းရောင် ပတ်စပို့ထုတ်ပေးရေးအစီအစဉ်မှာ MOEAF က ခေါင်းပုံဖြတ်ခွင့်တောင်းခံတာကို ဘန်ကောက်  မြန်မာသံရုံး
က ခွင့်မပြုဘူးလို့ လည်း ကြားသိရပြန်တယ်။

     ထိုင်းအစိုးရကကျမ္မာရေးစောင့်ရှောက်ခ ဘတ်ငွေ ၂,၁၀၀ နဲ့ တစ်နှစ်တာအလုပ်လုပ်ခွင့် ဘတ်ငွေ ၉၀၀ လို့သတ်မှတ်ပေမယ့် ဒီအလုပ်သမားတွေဟာ အငှါးသူဌေး၊ ပွဲစား၊ ကုမ္ပဏီ ၊ ထိုင်းနဲ့မြန်မာအလုပ်သမား ၀န်ကြီးတို့ကလည်း အမြန်ကြေးဆိုတာ ရှိတတ်ကြတာမို့ အလုပ်သမားတစ်ယောက်စီ အနည်းဆုံး ဘတ်ငွေ ငါးထောင်ထက် မနည်းကုန်ကျမှာ    သေချာပါတယ်။ အဲဒါကြောင့် ဘတ်ငွေသုံးကုဋေ ကျော်လို့ ဆိုလိုခြင်း
ဖြစ်ပါတယ်။ အယင်၆လကလည်း တစ်ကြိမ်ကုန်ခဲ့ပြီးဖြစ်တာကြောင့် ယခုတစ်ကြိမ်ဟာ ၂ထပ် ကွမ်းကုန်ကျ   ခြင်းဖြစ်ပါတယ်။

         မြန်မာအလုပ်သမားဝန်ကြီးဌာနက ဘယ်လိုအကွက်ရွှေ့ကြမယ်ဆိုတာ မသိရပေမယ့်မြန်မာ အလုပ် သမားတွေဟာ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်ကြတဲ့ ကြမ်းတမ်း၊ ပင်ပန်း၊ အန္တရာယ်များတဲ့ အလုပ်တွေကို ကျွန်သာသာလုပ်ပြီး ရရှိလာကြမယ့် ဘတ်ငွေ ကုဋေသုံးရာကျော်ကတော့ မြန်မာနိုင်ငံ ကိုမရောက်တော့ပဲ ထိုင်းနိုင်ငံအတွင်းမှာ ယိုဖိတ်ကြတော့မှာဖြစ်ပါတယ်။ ဒီငွေကြေးဟာ မြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်း ၁၀၀ ဆောက်လို့ မကုန်တဲ့ ငွေကြေးဖြစ်ပါတယ်။

                            “အလုပ်သမားဝန်ကြီးဌာနနဲ့ ပွဲစားတို့ ပေါင်းစားကြတဲ့ရာဇ၀င်”
            

   နယ်စပ် ပတ်စပို့ထုတ်ပေးရေးစခန်းတွေမှာ ပတ်စပို့အသစ်လဲလှယ်၊ သက်တမ်းတိုးတဲ့အခါ အလုပ်သမား ၀န်ကြီးဌာနက အလုပ်သမားတစ်ယောက်ဆီကနေ ဘတ်ငွေ တစ်ထောင်ကျော်စီ ကောက်ခံခဲ့ပါတယ်။ အလုပ်သမားဝန်ကြီးဌာနကို နိုင်ငံတော်စါရင်းစစ်ဌာနက စါရင်းစစ်တဲ့အခါ  ထင်မှတ်မထားတဲ့ ငွေတွေ အမြောက်အမြားရှိတယ်လို့ကြားသိခဲ့ရတယ်။  မြန်မာအလုပ်သမားဝန်ကြီးဌာနဟာ ပြည်ပရောက် မြန်မာ အလုပ်သမားတွေ အခက်အခဲကြုံကြရတာတွေကို ကူညီရကောင်းမှန်းမသိပေမယ့်  ဘယ်လိုခေါင်းပုံဖြတ် ကိုယ်ကျိုးရှာမလဲဆိုတာကိုတော့ ပွဲစားဂိုဏ်းစတားတွေအကြံပေးချက်အရ အထူးကျွမ်းကျင်ကြပါတယ်။
တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့၊ နိုင်ငံတော်သမ္မတရုံးညွန်ကြားချက် တစ်စုံတစ်ခုမရှိပဲ  အလုပ်သမား ညွန်ကြားရေးမှူးချုပ် လက်မှတ်ထိုးပြီး ထိုင်းကိုလာမယ့်အလုပ်သမားတွေဆီကနေ အာမခံကြေး ဘတ်ငွေ ၅၀၀စီ ကောက်ခွင့်ပြုထားခြင်းဟာ အလွန်ထင်ရှားတဲ့သက်သေဖြစ်ပါတယ်။ ဒါ့အပြင်ထိုင်းနိုင်ငံမှာ ဘတ်ငွေ ၄၀ နဲ့ လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ ဖုန်းဆင်းမ်ကဒ်တစ်ခုကို ဘတ် ၁၀၀ ပေးပြီး အတင်းရောင်းချခွင့်ပြု ပြန် ပါတယ်။  
 
           မြန်မာအာဏာပိုင်တွေဟာ  SSG မဲဆောက် လိပ်စာအတုနဲ့ ထောင်ပေါင်းများသော အလုပ်သမား   တွေကို အလုပ်မရှိပဲ အလုပ်သမားတွေတင်သွင်းပြီး ချမ်းသာနေကြတဲ့အလုပ်သမားသံအရာရှိနဲ့  အေဂျင်စီ ပွဲစားတွေကို  စိစစ်ရကောင်းမှန်းမသိပဲ မသိချင်ယောင်ဆောင်ထားကြဆဲဖြစ်ပါတယ်။ တိုင်စာတက်လာရင် ၀န်ကြီးနဲ့ ညွန်ချုပ်ဆီကို ကျပ်ငွေသိန်းဆယ်ချီပြီး ကန်တော့လိုက် ရင်အဆင်ပြေတယ်လို့ မှန်မှန်ကန်ကန်လုပ် ကိုင်ကြတဲ့ အေဂျင်စီတွေ ပြောပြချက်အရသိရပါတယ်။

                                                   “စိတ်ပျက်စရာအရေးယူမှုများ”
      
       ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က အကျင့်ပျက် အေဂျင်စီ ၁၁ ခုကို အရေးယူဆောင်ရွက် ဖို့အတွက် အချက်အလက်အပြည့်အစုံနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ပါတယ်။ ဒီကိစ္စကို ၂၀၁၅ ခု မတ်လ၇ ရက်နေ့ မှာ ရန်ကုန်တိုင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ခွဲ (၂) သို့ အရောက်လာရမယ်ဆိုတဲ့ အမိန့်စာကြောင့် ရန်ကုန်ကိုသွားရောက်ပြီး အချက်အလက်အပြည့်အစုံနဲ့ ထွက်ဆိုခဲ့ရပါတယ်။ 
      ၆လကြာမှ အဖြစ်အပျက်တစ်ခုကို စိစစ်ခြင်းဟာ အလွန်စိတ်ပျက်စရာကောင်းပါတယ်။ တိုင်ကြားခံရတဲ့ အကျင့်ပျက် အေဂျင်စီတွေဟာ ယနေ့တိုင် အလုပ်သမားတင်သွင်းခွင့်ရနေတာကိုကြည့်ခြင်းအားဖြင့်၎င်းတို့ အရေးယူမခံရဘူးဆိုတာကိုသိသာသလို ငွေ ပေး..ရန်မလို စနစ်ရှိသေးတယ်ဆိုတာ အတိအကျ ပြောနိုင် ပါတယ်။
           တရားဝင်အလုပ်သမားတင်သွင်းခြင်း  MOU လုပ်ငန်းစဉ်တွေကို အချက်အလက်အပြည့်အစုံနဲ့ တင်ပြရင်း၊ MOU အလုပ်သမားတွေရဲ့အခက်အခဲတွေကို စဉ်ဆက်မပြတ်ကူညီနေတဲ့ ဦးကျော်သောင်း ကို အေဂျင်စီများအဖွဲ့ချုပ် (ပွဲစားဂိုဏ်းချုပ် MOEAF) က အညှိးထားပြီး မင်္ဂလာဒုံ လေယာဉ်ကွင်းမှာ အမည် ပျက်စါရင်းသွင်းခဲ့ဖူးပါတယ်။ ထိုင်းရောက်အလုပ်သမားတွေ နေတဓူဝခံစားနေရာတာတွေကို အလုပ်သမား တင်သွင်းထားကြတဲ့ အေဂျင်စီတွေဟာ ကူညီဖြေရှင်းဖို့မစဉ်းစားကြသလို မြန်မာအလုပ်သမား ၀န်ကြီးဌာန ကလည်း မူဝါဒတွေကို ပြန်လည်သုံးသပ်ရကောင်းမှန်း ခုထိမတွေ့ရ သေးတာကဖြင့် ထိုင်းရောက်အလုပ် သမားလေးငါးသန်းအတွက်တော့ တကယ်ရင်လေးမိပါတယ်။ 

       
                 ထိုင်းကိုကြွရောက်လာကြတဲ့ မြန်မာအလုပ်သမားအာဏာပိုင်တွေဟာ MOU နဲ့လာပြီးထောင် ကျနေတဲ့ အလုပ်သမားတွေ၊ လုပ်အားခ တောင်းမရတဲ့အလုပ်သမားတွေ၊ ပတ်စပို့ အသိမ်းခံထားရတဲ့ အလုပ်သမားတွေ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူတွေနဲ့ လုပ်ငန်းရှင် အနိုင်ကျင့်ခံရတဲ့ အလုပ် သမား တစ်ယောက်တစ်လေလောက်ကိုများ သွားရောက်တွေ့ဆုံတာတွေ လုပ်ကြည့်ကြစေချင်ပါတယ်။  
        မြန်မာအလုပ်သမားဝန်ကြီးဌာနဟာထိုင်းရောက်အလုပ်သမားတွေဆီက အကျိုးအမြတ်ရဖို့အတွက်
 အေဂျင်စီတွေ၊ ပွဲစားတွေနဲ့ ပေါင်းပြီး ဂွင်းကောင်းတွေနဲ့ အစီအစဉ်တွေချမှတ်တတ်ကြသလို အခက်အခဲကြုံ ရတဲ့အလုပ်သမားတွေအတွက် တကယ်ကူညီတဲ့ နားခိုအားထားရာပေါ်ပေါက်သင့်ပါတယ်။ မြန်မာအလုပ် သမားများရဲ့ချွေးနှဲစာတွေယိုဖိတ်နေမှုများရပ်တန့်ကာ အမိမြန်မာပြည်သို့ ငွေအလုံးအရင်း ပြန်ပို့နိုင်ကြပါစေ လို့ ဆုတောင်းလိုက်ရပါတယ်။
                                                                       ကျော်သောင်း
                                                                           ဘန်ကောက်