31 March 2015

“ရွှေငါးကျပ်သားပေးမှပြန်ပေးမယ့်ပတ်စပို့စာအုပ်MATတောင်းပေးလိုက်ပြီ”



                 ၂၀၁၅ မတ်လ ၃၁  ၊ စောမြတ်ချို
           ထိုင်းနိုင်ငံသားကဒ်ကိုင်ထားသည့် မြန်မာနိုင်ငံသား ဇနီးမောင်နှံ၂ဦးက မြန်မာအလုပ်သမား၆ ဦးတို့၏ ပတ်စပို့အား ရွှေ၅ကျပ်သားပေးမှ ပြန်ပေးမည်ဟု   ပြောဆိုသိမ်းဆည်းထားခဲ့သည့်ကို MAT အဖွဲ့သို့ အကူညီတောင်းခံသဖြင့်ယနေ့ရရှိသွားပြီဖြစ်သည်။
     ဘန်ကောက်မြို့အနီး ပထုန်ဌာနီ ၀တ်ခုတ် မက်ယိုင်တွင်နေထိုင်သော  ထိုင်းနိုင်ငံသားကဒ် ကိုင်ဆောင် ထားသည့်ဇနီးမောင်နှံ၂ဦးမှာ  မွန်ထီယန်(ခ) ကိုရှမ်းကလေး ဟူသည့် တောင်ကြီးရှမ်း တိုင်းရင်းသားဖြစ်ပြီး  ဇနီး ဖြစ်သူ မစိုးအိ ဆိုသူမှာ မွန်တိုင်းရင်းသူများဖြစ်ကြသည်။ ၎င်းတို့သည် ဈေးဆိုင် လုပ်ငန်းနှင့် MOU အလုပ်သမားသွင်းပေးခြင်းနှင့် အလုပ်သမားခေါ်စာများရှာပေးသည့် အလုပ်ကိုလုပ် ကိုင်ကြသူများဖြစ်ကြ သည်။
      
  ၁၁၊ ၃၊ ၂၀၁၅ နေ့က မြန်မာအလုပ်သမား ၆ဦးတို့အား အလုပ်ရှာပေးမည်ဟုဆိုကာ ခေါ်ယူစည်းရုံး ထားခဲ့သည်။  ပွဲစား၏နေအိမ်ကို အခကြေးငွေမပေးပဲ ခိုင်းစေခြင်းများအပြင် ပန်းရံလုပ်ငန်းခွင်  တစ်ခုသို့ လည်းပို့ ဆောင်ပေးခဲ့သည်။ အချိန်ကြာလာသည့်တိုင်အောင် အလုပ်အဆင်မပြေသဖြင့် အလုပ်သမားများ ကအခြားနေရာသို့ ပြန်သွားရန်အတွက်မိမိတို့ပတ်စပို့စာအုပ်အား ပြန်လည် တောင်းခံရာ ရွှေငါးကျပ်သား
ပေးမှ ပတ်စပို့စာအုပ်များကို ပြန်ပေးမည်ဟု မစိုးအိ ကပြောဆိုကြောင်း အလုပ်သမားများက ပြောဆိုသည်။

          သို့ဖြစ်၍ အလုပ်သမားများက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သို့ အကူညီ   တောင်းခံခဲ့သဖြင့် မတ်လ၂၈ ရက်နေ့ကနယ်မြေရဲစခန်းသို့သွားရောက်၍ အမှုဖွင့်တိုင်ကြားခဲ့ကြသည်။
ပွဲစား မွန်ထီယန်(ခ) ကိုရှမ်းကလေး က ထိုင်းသူဌေးထံတွင်အပ်နှံထားသဖြင့် ယနေ့တွင်ပြန်ပေးမည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။ 
ပတ်စပို့ရရှိပြီးနောက် အလုပ်သမားများလည်း အခြားနေရာသို့ ပျော်ရွှင်စွာ ထွက်ခွာသွားကြပြီးဖြစ်သည်။