01 March 2015

“လုပ်ငန်းရှင်ညစ်ပတ် ထိုင်းရဲဖမ်းဆီးတာကို MAT ကအချိန်မီကယ်တင်ခဲ့ပြန်”


၂၀၁၅ ခု မတ်လ ၁ ရက်နေ့ ၊မြတ်ညို (အလွတ်သတင်းထောက်)

        ရာဘာခြံလုပ်ငန်းရှင်တစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက် ပတ်စပို့ကိုသိမ်း ထားသဖြင့် အလုပ်ပြောင်းရွှေ့လာစဉ် စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးခံခဲ့ရသည့် မိသားစု၃ဦးတို့အား မြန်မာသံရုံး အလုပ်သမားကူညီ စောင့်ရှောက်ရေးကော် မတီဝင် MAT အဖွဲ့က အချိန်မီကယ်တင်နိုင်ခဲ့သည်။
           ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၃၇၇ အကွာတွင်ရှိသော ဖိစိနုလို့မြို့နယ် ကင်ရိုင်ကျေးရွာမှ ရာဘာခြံလုပ်ငန်းရှင်တစ်ဦးကမန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်မှ ကိုမျိုးအေး နှင့်မထွေးလှ တို့၏ မိသားစုများအား အနိုင်ကျင့် ဖိနှိပ်မှုများပြုနေသဖြင့် အလုပ်ပြောင်းရွှေ့ရန် စဉ်းစားခဲ့ကြသည်။ ထိုအချင်းအရာကို ခန့်မှန်းနိုင်သောလုပ်ငန်းရှင်ကသေနတ်ဖြင့်ခြိမ်းခြောက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ ရာဘာခြံပိုင်ရှင်က ကိုမျိုးအေးတို့ဇနီးမောင်နှံ၏ ပတ်စပို့စာအုပ်အား သူဌေးပြောင်းပေးမည် ဟုအကြောင်းပြကာသိမ်းဆည်းထားခဲ့သည်။
    ကိုမျိုအေး က“ကျနော်တို့မှာပတ်စပို့မိတ္တူပဲရှိပါတယ်။ သူဌေးအကုန်လုံးကိုသိမ်းထားတယ်။ ဆက်နေရင် ကျနော် အသတ်ခံရမယ်။ ကျနော့်ကလေးနဲ့ဇနီးတို့ ဒုက္ခရောက်ကြမယ်လေ။ ဒါကြောင့်  သူဌေး လစ်တုန်း ရပ်ခ်ျဘူရီမှာရှိတဲ့ ညီမတို့ဆီကိုရှောင်လာတာ။ ဂိတ်မှာပုလိပ်ဖမ်းတော့နယ်စပ်ကိုပြန်ပို့မယ်တဲ့။ MATအဖွဲ့ကူညီပေးခဲ့လို့ လွတ်လာတာ ပါ။ ကျေးဇူးတင်ပါတယ်ဗျာ”
  
        ယနေ့နံနက် စောစော ၄နာရီခွဲခန့် အိပ်ကောင်းတုန်းအချိန်တွင် ဖုန်းဆက်လာသဖြင့် ကူညီခဲ့ရပုံကို ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MATမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး က“ နကပထုန်ဂိတ်က ပုလိပ်ကို ကျနော်က  မြန်မာသံရုံး အလုပ်သမား ကူညီစောင့်
ရှောက် ရေးကော်မတီကပါ။ ဒီအလုပ်သမားတွေဟာ လုပ်ငန်းရှင်က သေနတ်နဲ့ ပစ်မှာစိုးလို့ ထွက်ပြေး လာတာ။ အရမ်းဆင်းရဲကြပါတယ်။ပန် မပို့ပါနဲ့ဆိုပြီး တော်တော်ကြီး ကို တောင်းတောင်း ပန်ပန်ပြောရ တယ် ဗျာ။ အဲဒီပုလိပ်က ပြန်ပို့မယ်၊ ပြန်ပို့မယ်ပဲ ပြောနေ တာ။ မနည်းပြောရတယ်။ ပြေလည်သွားတော့ မိသားစုဘ၀ တစ်ခုကို ကယ်တင်နိုင်လိုက်တာပေါ့ဗျာ”
            မြန်မာအလုပ်သမားများ မိမိတို့ ငွေဖြင့် အကုန်အကျခံ၍ ပတ်စပို့လုပ်ကိုင်ထားကြသော်လည်း ထိုင်းနိုင်ငံအနှံ့အပြား နေရာအတော်တော်များများတို့တွင် လုပ်ငန်းရှင်အချို့တို့က ပတ်စပို့ကို သိမ်းဆည်း ထားတတ်ကြသည်။ အချို့အလုပ်ရုံများသည် ရက်ပေါင်း ၉၀ တံဆိပ်တုံးထုရန်ဟု အကြောင်းပြ၍ လည်း   ကောင်း အချို့လုပ်ငန်းရှင်များမှာ အလုပ်သမားများထွက်မပြေးနိုင်ရန်အတွက်လည်းကောင်း၊ အချို့ လုပ်ငန်းရှင်များမှာ ပတ်စပို့ကိုသိမ်းထားခြင်းဖြင့် နွားကိုနဖါးထိုးသကဲ့သို့ မြန်မာအလုပ်သမားများကို ကိုင် တွယ် ရန်လွယ်ကူစေရန်လည်းကောင်း သိမ်းဆည်းထားတတ်ကြသည်။ 
           ဤအချင်းအရာများအား မြန်မာ အစိုးရအား အလုပ်သမားအရေးဆောင်ရွက်သူများက တင်ပြကြ သည့်အခါ ပတ်စပို့ကိုမိမိတို့ ကိုင်ထားရမည် ဖြစ်ကြောင်းသာပြောပြီး  ယခုကဲ့သို့ အဖြစ်အပျက်များ နောက် ထပ်မကြံကြရလေအောင် မည်သို့သော အစီအမံများဖြင့် ဆောင်ရွက်သင့်သည်ကိုမူ  ယနေ့တိုင် စဉ်းစားကြ ဟန်မတူသေးကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကပြောသည်။