11 March 2015

7Day Hero - ထိုင်းရောက် မြန်မာလုပ်သားများအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသူများ ,ဦးထူးချစ်(FED)နှင့် ဦးကျော်သောင်း(MAT)


မြန်မာနိုင်ငံသားအများဆုံး သွားရောက်လုပ်ကိုင်သော ထိုင်းနိုင်ငံတွင် မြန်မာလေးသန်းဝန်းကျင်ရှိသည်။ ထိုင်း တွင် မြန်မာလုပ်သားများအများအပြားရှိနေခြင်းနှင့်အတူ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု၊ လူကုန်ကူး ခံရမှု၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှုများနှင့် သတ်ဖြတ်ခံရမှုများမှာလည်း အခြားနိုင်ငံများထက် ပိုများသည်။

မြန်မာအများစုကို အလုပ်ကြမ်းလုပ်သူများအဖြစ်သာရှုမြင်ခံထားရသော ထိုင်းတွင် မြန်မာလုပ်သားများကို အခွင့်အရေးများရရှိရန်၊ သတ္တိရှိရှိစွာဖြင့် စွန့်စွန့်စားစားကူညီကယ်တင်ပေးနေသည့် အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍမှာ မြန်မာလုပ်သားများအတွက် အလွန်အရေး ကြီးသည်။

အကြောင်းမှာ မြန်မာအစိုးရအဆက်ဆက်က ပြည်ပရောက်မြန်မာလုပ်သားများကို အမြဲလျစ်လျူရှုခဲ့
 သောကြောင့်ဖြစ်သည်။


သည်လိုအခြေအနေတွင် ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း (FED)က မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန် အဖွဲ့ဝင်အင်အား ၃၀ ကျော်ဖြင့် အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဦးဆောင်၍ ၂၀၀၀ ပြည့်နှစ်မှ စတင်ဖွဲ့စည်းခဲ့သည်။ ထိုင်းရောက်မြန်မာများ၏ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်မှုနှင့် အလုပ်သမား ဖွံ့ဖြိုးတိုး တက်စေရေးတို့ ဆောင်ရွက် ရန်ဖြစ်သည်။

မြန်မာလုပ်သားများ၏ ကလေးငယ်များအတွက် စာသင်ကျောင်းသုံးကျောင်းဖွင့်လှစ်၍ ကျောင်းသား သုံးထောင်ကျော်အား ပညာသင်ပေးခဲ့သည်။ ယနေ့အချိန်အထိ လူကုန်ကူးခံရသော မြန်မာလုပ်သား ၄,၀၀၀ ကျော်ကို ကယ်တင်ပေးခဲ့ပြီး လုပ်သား ၁,၀၀၀ ကျော် လုပ်အားခမရခြင်းကို ရရှိအောင်ဆောင် ရွက်ပေးခဲ့သည်။

ထို့အပြင် အဓမ္မပြုကျင့်ခံရသော အမျိုးသမီး ၁၀ ဦးအား ဥပဒေအရ အကူအညီပေးခဲ့ပြီး လုပ်ငန်းခွင်မှ ထိခိုက်ဒဏ်ရာရသူ အလုပ်သမား ၃၀ ကျော် လျော်ကြေးရရှိအောင် ဆောင်ရွက်ပေးကာ အသတ်ခံရသော လုပ်သားကိုးဦးအမှုကို ကူညီပေးခြင်း စသော မြန်မာလုပ်သားများ အနှိမ်ခံရမှုများ ထိုင်းတွင် နေရာဒေသ မခွဲခြားဘဲ လိုက်လံကူညီပေးခဲ့သည်။

၂၀၀၄ ဆူနာမီကြောင့် အတိဒုက္ခရောက်ခဲ့သော မြန်မာလုပ်သားတစ်သောင်းကျော်အတွက် ကျန်းမာရေး
 စောင့်ရှောက်မှုနှင့် လိုအပ်သော အကူအညီများပေးခဲ့သည်။

အလားတူ မြန်မာလုပ်သားများအရေး ကူညီ ဖြေရှင်းပေးရာတွင်စွန့်စွန့်စားစားဆောင်ရွက်မှုဖြင့် ထိုင်းရောက်
မြန်မာ လုပ်သားများ၏ အားကိုးမှု ရရှိလာသော MAT အဖွဲ့ (ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့) မှာ ၂၀၀၃ ခုနှစ်တွင် စတင်ပေါ် ပေါက်လာသည်။ MAT အဖွဲ့ကို အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ဦးစီး၍ အဖွဲ့ဝင်ရှစ်ဦးဖြင့် ဖွဲ့စည်းကာ မြန်မာလုပ်သားများ၏အရေး ရဲရဲဝံ့ဝံ့လုပ်ကိုင်ပေးနေသည်။
ပြဿနာပေါင်းစုံကြုံတွေ့နေသော မြန်မာလုပ်သား ၃,၀၀၀ ကျော်အား ကူညီဖြေရှင်းပေးခဲ့သောကြောင့် ထိုင်းလုပ်ငန်းရှင်အချို့နှင့် လူမိုက်အချို့၏ ပစ်မှတ်ဖြစ်ခဲ့ကာ ဦးကျော်သောင်းမှာ သေနတ်ဖြင့် လေးကြိမ် ပစ်ခတ် လုပ်ကြံခံခဲ့ရပြီး သေကံမရောက်ဘဲ လွတ်မြောက်ခဲ့သူဖြစ်သည်။

၂၀၁၁ မှ ယနေ့အချိန်ထိ လူကုန်ကူးခံရသူ ငါးရာကျော် ကယ်တင်ခဲ့သည်။ ကယ်တင်ခဲ့သူများတွင် ၂၀၀၈ ခုနှစ်က မလေးရှားသို့ သူတောင်းစားအဖြစ် ရောင်းစားခံရသော သန်လျင်မြို့မှ ကလေးငယ်ငါးဦး ကယ်ထုတ်ခဲ့ပြီး  မဲဆောက်မြို့ရှိ အဘိုင်ကြီးဆိုသော လူကုန်ကူးဂိုဏ်းဖြိုခွင်းရာ၌ အဓိကနေရာမှ ပါဝင်ခဲ့ကာ မြန်မာပြည့်တန်ဆာများ၊ ကလေးလုပ်သားများ၊ အိမ်ရှင်၏ အဓမ္မပြုကျင့်ခံရသော အိမ်အကူများကို ၎င်းတို့အဖွဲ့က စွန့်စားကယ်ထုတ်ခဲ့သည်။

ထိုင်းတွင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာ၍ ဖခင်အမည်တပ်စရာမရှိသော မြန်မာအမျိုးသမီး ၁၆ ဦး မီးဖွားနိုင်ရန် ဖခင်နေရာ၌ ဦးကျော်သောင်းဟု လက်မှတ်ထိုးပေးခဲ့သူဖြစ်သည်။ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးကော်မတီမှာ စုံစမ်းရေးတာဝန်ခံအဖြစ် သတင်းအချက်အလက်စုဆောင်းနေသူဖြစ်သည်။
FEDနှင့် MATအဖွဲ့နှစ်ဖွဲ့စလုံးမှာ၂၀၁၄ တွင် ကမ္ဘာကျော်အမှုဖြစ်သော လိပ်ကျွန်း ဗြိတိန်စုံတွဲသေဆုံး မှု၌ မြန်မာလုပ်သားနှစ်ဦး လူသတ်မှုဖြင့် တရားစွဲဆိုခံရမှုတွင် မည်သည့်အချိန်ကမှ မရှိခဲ့ဖူးသော လုပ်သားနှစ်ဦးအတွက် တရားမျှတရန် လိုက်ပါဆောင်ရွက်နေသည့် သံရုံးအထူးအဖွဲ့တွင်ပါဝင်ခဲ့သည်။

 သက်တမ်းတစ် လျှောက်လုံး စွမ်းဆောင်မှုနှင့် ၂၀၁၄ မတ်လမှ ၂၀၁၅ ဖေဖော်ဝါရီလအထိ အလုပ်သမား အရေးအတွက် ဆောင်ရွက်ပေးမှုများကြောင့် FED နှင့် MAT တို့ကို ၂၀၁၄ အတွက် 7Day News Hero ဆု ချီးမြှင့်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။