31 July 2012

“ပတ်စပို့ရှိသည့်အလုပ်သမားအား ထိုင်းပုလိပ်ဖမ်းဆီးမှု မြန်မာသံမှူးနှင့်BAT ကယ်ထုတ်နိုင်”



 ဇူလိုင် ၃၁
ကိုခိုင်( မဟာချိုင်)
          မဟာချိုင် လေးထပ်ရဲစခန်းအချုပ်ခန်းတွင် ပတ်စပို့ရှိလျှက် နှင့်ဖမ်းဆီးငွေတောင်း ခံနေရသည့်  မြန်မာအလုပ်သမား ၁၂ဦး တို့အား ဘန်ကောက်မြန်မာသံမှူးကြီး ဦးနိုင်ထွန်းက ကယ် ထုတ်နိုင် ခဲ့ကြောင်း သိရှိရသည်။
           ဘန်ကောက်မြို့အနီး မဟာချိုင်မြို့နယ်၊ ကထုန်ဘန်နယ်မြေ၊ အုန်းနွဲ့ တလာခေါင်ကယ်   ဈေးအနီးတွင် ယနေ့ နံနက်က အလုပ်ရှာရန် စုဝေးနေကြသည့် မြန်မာအလုပ်သမား ၂၈ဦးတို့ အား မဟာချိုင် လေးထပ်ရဲစခန်းမှဖမ်းဆီးသွား ခဲ့သည်။
      ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT အား အကူညီတောင်းခံလာခဲ့သည်။ BAT လိုအပ် သည့်အချက်အလက်များအားစုဆောင်းပြီး မြန်မာသံမှူးကြီးထံသို့ ဆက်လက် အကူညီတောင်းခံခဲ့သည်။
အလုပ်သမား ၂၈ဦးအနက် ၁၆ဦးတို့ မှာ မိတ်ဆွေများက တစ်ဦးလျှင် ဘတ်ငွေ ၁၅၀၀ စီပေးချေပြီး ရဲစခန်း
မှ နေ့လည် ၁၂နာရီကျော်တွင် လာရောက် ထုတ်ယူသွားကြသည်။



မြန်မာသံမှူး ဦးနိုင်ထွန်း က “ ကျနော် မဟာချိုင် က အာဏာပိုင် အကြီးဆုံး ဆီကို ဖုန်းဆက်လိုက် တယ်။ပြီးတော့ မဟာချိုင် လေးထပ်  အချုပ်က တာဝန်ကျ ရဲအရာရှိကို  အလုပ်သမားတစ်ယောက် အတွက် ၁၅၀၀နုန်းနဲ့ လာရွေးမယ်လို့ ပြော လိုက် တယ်။ ဒီတော့မှ သူတို့ က ခဏနေရင်လွှတ်ပေး လိုက်တာဖြစ်တယ်”
လွတ်မြောက်လာသူများမှာ ဦးစိုးဝင်း၊ ကိုသန်းရွှင်၊ ကိုဆက်မောင်၊ ကိုအောင်ဆန်း၊ ကိုကျော်၊ ကိုအောင်အောင်၊ မညီညီအောင်၊ ကိုသက်မောင်ေ မာင်၊   ကိုကရင် မလှလှဆွေနှင့် မသက်သက်မာ တို့ ဖြစ်ကြသည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့  BAT တာဝန်ခံ ဦးကျော်သောင်း က “ ကထုန်ဘန်တို့ မဟာချိုင်တို့ မှာ ဘတ်ရှိရှိ၊ ပတ်စပို့ ရှိရှိဖမ်းနေကျဖြစ်တယ်။  ကျနော်က အလုပ်သမားတွေကို ကိုယ့်မှာစာအုပ်စာတမ်းအပြည့်အစုံရှိရင် ငွေမပေးကြနဲ့ ၊ မဟာချိုင် ပုလိပ်ေ တွ အကျင့်ဖြစ်သွားမယ် လို့ အမြဲ ပြောပြတယ်။ ဒီနေ့ လည်း မြန်မာသံရုံး အကူညီနဲ့ ကျနော် ဒီအလုပ် သမားတွေ လွတ်မြောက်အောင် ပြင်ဆင်တုန်း ပိုက်ဆံပေးပြီး ထွက်သွားကြတယ်။  ဗမာအလုပ်သမားကို ဖမ်းချင်းတိုင်း ဖမ်းလို့ မရတော့ဘူး ဆိုတဲ့အသိ ထိုင်းပုလိပ် အထူးသဖြင့် မဟာချိုင်ပုလိပ်တွေ သိအောင် လုပ်ရမှာ။ မြန်မာအလုပ်သမားတွေ ပူးပေါင်းပါဝင်မှုအားနည်းတယ်” ဟု ပြောဆိုသည်။
နောက်ဆုံး ဖြစ်စဉ်
           မြန်မာသံမှူးကြီး ဦးနိုင်ထွန်း က မဟာချိုင် အာဏာပိုင်းများအား ဖုန်းဖြင့် ဆက်သွယ် ပြောဆို လိုက်သဖြင့် လက်ကျန် အလုပ်သမား ၁၂ ဦးတို့အား လွှတ်ပေးခြင်းမှာ အလုပ်သမားများ၏ ပတ်စပို့ များအား မိတ္တူကူး ယူ လက်ဗွေနှိပ်ပြီး  အသက် ၄၅ နှစ်အရွယ် ထိုင်းအမျိုးသား ပွဲစားတစ်ဦးအား လက်ပြောင်းလက်လွှဲ လုပ်လိုက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
  မဟာချိုင် လေးထပ် ပုလိပ်အရာရှိတစ်ဦးက  အဆိုပါ ထိုင်းပွဲစားအား အလုပ်သမားများကို အလုပ်သွင်းပေး ခိုင်း ပြီး အလုပ်သမားများထံမှ ပတ်စပို့ ကို သိမ်းထားခိုင်းကြောင်း၊ အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ်၁၅၀၀ ရမှ သွားလိုရာသို့ သွားခိုင်းကြောင်း  အသက်အကြီးဆုံး အလုပ်သမား ဦးစိုးဝင်း ကပြောသည်။ ထို့ကြောင့် BAT အဖွဲ့က အဆိုပါ ပွဲစားထံသို့ လိုက်ပါသွားခဲ့ပြီး အလုပ်သမား ၁၂ ဦးလွတ်လွတ် ကင်းကင်းဖြစ်ရန် ဆက်လက် ဆောင်ရွက်ခဲ့သည်။ ပွဲစားက အလုပ်သမားများအတွက် အငှါးကားခ ၅၀၀ ဘတ်ပေးရမည်
ဆိုသဖြင့် BAT ပေးချေခဲ့ပြီး အလုပ်သမားများအား အိမ်တိုင်ယာရောက် ပို့ ပေးခဲ့သည်။