07 July 2012

“MOU ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်သူများ အခက်ကြုံ”

                            
ဇူလိုင် ၇
မြတ်ညို (အလွတ်သတင်းထောက်)

             နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (တရားဝင် အလုပ်သမား တင်သွင်းခြင်း)MOU ဖြင့် လာခဲ့ ကြ သည့် မြန်မာအလုပ်သမား၁၉ဦးတို့ထံမှ ကျသင့်  ငွေများ ဖြတ်တောက်ပြီးသော်လည်း မိမိတို့ပိုင်ဆိုင်ခွင့် ရှိသော ယာယီနိုင်ငံကူး လက်မှတ်အား မရရှိဖြစ်နေကြောင်း အလုပ်သမား များပြောပြချက်အရသိရှိရသည်။

        အဆိုပါအလုပ်သမားများမှာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် တွင်အခြေစိုက်သော ဟိန်းသူထက် ကုမ္ပဏီတွင် အနည်းဆုံး ကျပ်ငွေ သုံးသိန်းခွဲမှ ငါးသိန်းအထိ ပေးချေခဲ့ကြရသူများဖြစ်ကြ သည်။ ဖူးခက်ခရိုင် ကော့ဖိုးခေါင်ကျွန်းတွင် ဟိုတယ်နှင့် လူနေအိမ်များ ဆောက်လုပ်သည့် ဖူးခက်ဘဲလ် ကုမ္ပဏီ တွင် ၆လကျော်ကြာပန်းရံ အလုပ်လုပ်ခဲ့ကြသူများဖြစ်ကြသည်။


အလုပ်သမား ကိုကျော်ကျော်မင်း က “ကျနော်တို့ ဆီက တစ်ယောက်စီ ဘတ်ငွေ ၁၆၀၀၀ စီ ဖြတ်ထား ပြီးဖြစ်တယ်။ ပြန်မယ်ဆိုရင်လည်း အေးအေးချမ်းချမ်းပြန်ချင်တယ်။ ကျနော်တို့ ပတ်စပို့ စာအုပ်ကို လွတ် လွတ်လပ် လပ် ကိုင်ချင်တယ်။ အခြားနေရာမှာ အလုပ်လုပ်ခွင့်ရချင်တယ်”ဟုပြောသည်။

အဆိုပါ အလုပ်သမားများတို့သည် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FEDရုံးသို့ အကူအညီတောင်းခံရန် ရောက်ရှိနေကြသည်။

FED ဒါရိုက်တာ ဦးထူးချစ် က “MOU ချုပ်ဆိုထားတာတွေက အလုပ်သမားတွေအတွက် အခွင့်အရေးတစ်ခု မှမပါဘူး။ ကန့်သတ်ချက်တွေ အလွန်များတယ်။ အလုပ်ရှင်ကောင်းရင် အလုပ်သမားတွေ အလုပ်ပြောင်း မှာမဟုတ်ဘူး။ စာချုပ်ပါစည်းကမ်းချက်တွေအတိုင်း ဒီဘက်က ကုမ္ပဏီတွေ တစ်ခုမှ မလိုက်နာဘူး။ ဥပမာ
တစ်လကို ဘတ်တစ်ထောင်စီပဲဖြတ်ရမယ်ဆိုပေမယ့် နှစ်ထောင်သုံးထောင်ဖြတ်တယ်။ အလုပ်သမားတွေ
မလုပ်ချင်တော့ရင် ပြန်ပို့မယ်ဆိုတဲ့ စာချုပ်ပါ စည်းကမ်းချက်အတိုင်းတော့ ထိုင်းတွေဘက်ကလုပ်တယ်။
အတော်ရည်ဖို့ ကောင်းတယ်” ဟုပြောသည်။

ဇွန်လ ၁၆ ရက်နေ့က Thai Food  ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံသို့ ကန်ချနဘူရီသို့ ၀င်ရောက်လာခဲ့သည့် အလုပ်သမား တစ်ရာကျော်အနက် အလုပ်သမား လေးဆယ်ကျော်မှာ အလုပ်အကိုင်မရှိသဖြင့် အလုပ် သမား ၄၀ခန့် အခန်းထဲတွင် ၂ပတ် ကျော်ကြာ နေထိုင်နေရဆဲဖြစ်ကြောင်း အလုပ်သမား များပြောသည်။

ထိုအလုပ်သမားထဲမှာ အလုပ်သမား ၈ ယောက် မှာ ဆက်လက်မစောင့်ဆိုင်းနိုင်တော့သဖြင့်  ယမန်နေ့က ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ကြသည်။ထိုအလုပ်သမားများအား မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ညှိနှိုင်းပေးမှုဖြင့် မူလ ကုမ္ပဏီ ကိုယ်စားလှယ်က လာရောက် ခေါ်ဆောင်သွားခဲ့သည်။

ယမန်နေ့က Human Resource International(HRI)  MOU ဖြင့် တင်သွင်းပြီး ဖူးခက်မြို့ရှိ DCM ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများအား Work Permit မရှိဟု ဆိုကာထိုင်းပုလိပ်များ ၀င်ရောက် ဖမ်းဆီးသဖြင့် အလုပ်သမား ၂၀ ဦးတို့အား နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မြန်မာအလုပ်သမားများ၏ ကျန်နေခဲ့သည့် လုပ်အားခများ နှင့် MOU လုပ်စဉ်က ကုန်ဆုံးထားခဲ့သည့်ငွေ
ကြေးများမှာ ဆုံးခံကြရသည်။MOU ဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာလာသည့်အလုပ်သမားများအနေဖြင့် မိမိထွက်ခွာလာသည့် ကုမ္ပဏီ အားစာချုပ်ပါ အတိုင်း လုပ်ကိုင်ဆောင်ရွက် ပေးပြီးနောက် မိမိဆန္ဒ အလျှောက် နေရပ်ရင်းသို့ မပြန်လိုသေးပါက အခြား အလုပ်တစ်ခုခုသို့ လွယ်လင့်တကူ တရားဝင် ပြောင်းလဲခွင့်ပြုသင့်ကြောင်း FED နှင့် BAT တို့က
ထောက်ပြပြောဆိုနေကြသည်။