02 February 2018

မတ္တရာမြို့နယ်၌ ကျောတွင် စက်ကိရိယာတပ်ဆင်ထားသည့် လင်းယုန်ငှက် ၁ ကောင် တွေ့ရှိ


2 February 2018         Ministry of Home Affairs, Myanmar




၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၀၉၀၀ အချိန်တွင် ကျော်ခိုင်ဝင်း(၂၇)နှစ်သည် မတ္တရာ မြို့နယ် ပတ်လည်အင်းကျေးရွာ ရက္ကန်းစင်တောင်၏ မြောက်ဘက် တောင်ယာကြီးကွင်း ရှားပြန့် တောသို့ ထင်းခုတ်ရန်ရောက်ရှိစဉ် ဦးခေါင်းမှ အမြီးဖျားထိ ၂ ပေ ခန့်၊ အမြင့် ၁ ပေခွဲခန့်၊ တောင်ပံ ဝဲမှယာထိ ၄ ပေခန့်ရှိ ဝဲပေါင်ကျိုးနေသော ဖြူ/ညိုရောင် လင်းယုန် ငှက် ၁ ကောင်အား ကျောတွင်သိုင်းကြိုးဖြင့် MWB-1605 စာတန်းပါ စက် ၁ လုံး(စိစစ်ဆဲ)နှင့် ဝဲခြေထောက် တွင် 272 ORNITH-LABINISTBIOL MONGLIA စာတန်းပါ သတ္တုကွင်း ၁ ကွင်း တပ်လျက် မြေပြင်၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။


ထို့နောက် ၎င်းမှရက္ကန်းစင်တောင်ပေါ် ဘုန်းကြီးကျောင်းမှ ဆရာတော် ဉူးဝါယမ(၆၅)နှစ် (၄၅)ဝါထံ လှူဒါန်းခဲ့ကြောင်း သတင်းအရ ၁၀၃၀ အချိန်တွင် ရေနံ့သာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များနှင့် သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အဆိုပါလင်းယုန်ငှက်အား သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ပြီး မတ္တရာမြို့နယ် သစ်တောဘိနယ်တာဝန်ခံထံ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် ၁၁၁၀ အချိန် တွင် ဥက္ကံသစ်တောဘိနယ် တောခေါင်းနှင့်အဖွဲ့ရောက်ရှိလာပြီး ဆရာတော်ထံမှ လင်းယုန်ငှက်အား လွှဲပြောင်းလက်ခံခဲ့ကြောင်းနှင့် ၁၁၃၀ အချိန်တွင် မတ္တရာမြို့နယ် သစ်တောဦးစီးဌာနရုံးသို့ သယ်ဆောင် သွားကြောင်း သတင်းရရှိပါသည်။