07 February 2018

ရခိုင်တွင် လူမျိုးတုံးသတ်ဖြတ်မှု သက်သေ မတွေ့ ဟု အင်ဒိုနီးရှား သံအမတ် ပြော


7 February 2018  DVB
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စွပ်စွဲ ပြောကြားနေကြသလို လူမျိုးတုံး သတ်ဖြတ်မှု သက်သေ မတွေ့ရှိရဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ တွေ့ဆုံစဉ်မှာ တာဝန် ထမ်းဆောင်ပြီး ပြန်လည် ထွက်ခွာ တော့မယ့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး အီတိုဆူမာဒီက ပြောကြားခဲ့တာပါ။


ဒါ့အပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စွပ်စွဲမှုတွေဟာ မျှတမှုမရှိလို့ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံဘက်က ရပ်တည်နေတယ် လို့လည်း ပြောပါတယ်။
“ရခိုင်ပြည်နယ် မောင်တောဒေသ ဖြစ်စဉ်ဟာ ဘာသာရေး ပဋိပက္ခ မဟုတ်ဘဲ ဒေသခံ လူမျိုးများနဲ့ ရွှေ့ပြောင်း နေထိုင်ကြတဲ့ လူမျိုးစု အကြား ပဋိပက္ခ ဖြစ်ပါတယ်။ နိုင်ငံတကာက စွပ်စွဲ ပြောကြားနေသလို လူမျိုးတုံး သတ်ဖြတ်မှု အတွက် သက်သေ တစုံတရာ မတွေ့ရှိရဘဲ ဒီလို စွပ်စွဲမှုများဟာ မျှတမှု မရှိဘူး။ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ဘက်က ရပ်တည်လျက် ရှိပြီး ပဋိပက္ခ ဒဏ် ခံစားရတဲ့ ပြည်သူများ အတွက် ယာယီ ခိုလှုံရေး စခန်းများ၊ စာသင်ကျောင်းများ၊ ဆောက်လုပ် ပံ့ပိုး ပေးလိုတယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ လူမှုရေးရာ စည်ပင် ဝပြောရေး တို့အတွက် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ကူညီ ပေးလိုပါတယ်”
နေရပ် စွန့်ခွာသူတွေ ပြန်လည် ဝင်ရောက်တဲ့ အခါ အစွန်းရောက် အကြမ်းဖက် သမားတွေ ပါမလာစေရေး သေချာစွာ စိစစ်သင့်တယ် လို့လည်း အင်ဒိုနီးရှား သံအမတ်က သတိပေးပါတယ်။
အင်ဒိုနီးရှားက ထောက်ပံ့တဲ့ ကန်ဒေါ်လာ ၂၈၆,၀၄၉ တန်ဖိုးရှိ အစားအစာနဲ့ တခြား လူသားချင်း စာနာ ကူညီမှု ဆိုင်ရာ ပစ္စည်းတွေ လက်ခံရရှိပြီး ရသေ့တောင်မြို့နယ်၊ စေတီပြင်၊ သာယာကုန်းနဲ့ အနောက်ပြင် ကျေးရွာရှိ နေရပ် စွန့်ခွာ ရွှေ့ပြောင်းသူတွေကို ထောက်ပံ့ပေးပြီး ဖြစ်ပါတယ်။ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲနဲ့ မြောက်ဦးမြို့နယ်ရှိ ပဋိပက္ခဒဏ် ခံစားရသူတွေ ကိုလည်း ကန်ဒေါ်လာ ၁၃,၃၂၀ တန်ဖိုးရှိ အစားအစာနဲ့ အဝတ်အထည်တွေ ဖြန့်ဖြူးပေးခဲ့တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စရက်နိုမာဆူဒီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ အတွင်း မြန်မာနိုင်ငံကို ရောက်လာပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။
ဒီတွေ့ဆုံမှု အတွင်းမှာ ကတည်းက ရခိုင်ပြည်နယ် အတွင်း လိုအပ်နေတဲ့ လူသားချင်း စာနာမှု အကူအညီတွေ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ပါဝင် ပံ့ပိုး ပေးမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။