11 February 2018

သိန်းပေါင်တစ်သောင်းကျော် အကုန်အကျခံ ဖောက်လုပ်သည့် မြေငူကျွန်း ဆံတော်ရှင်လမ်း သုံးနှစ်ကြာလာသော်လည်း မပြီးပြတ်ဘဲ တစ်ပိုင်းတစ်စဖြစ်နေ


February 10, 2018
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀

သိန်းပေါင်း ၁၆၀၀၀ ကျော် အကုန်အကျခံကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တစ်နှစ်နှင့် အပြီး ဖောက်လုပ်သည့် ပေါက်တောမြို့နယ် မြေငုံကျွန်းပေါ်ရှိ မြေသားလမ်းမှာ သုံးနှစ်ကျော် ကြာလာသော်လည်း လမ်းမပြီးဘဲ တစ်ပိုင်းတစ်စ ဖြစ်နေကြောင်း သတင်းရရှိသည်။



ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က “ ဒီလမ်းကို ယခင်အစိုးရလက်ထက် ၂၀၁၄-၂၀၁၅ ဘဏ္ဍားရေးနှစ်မှာ တစ်နှစ်နဲ့အပြီး ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီ နှစ်ခုက ဖောက်လုပ်ရာမှာ ကုမ္ပဏီတစ်ခုက အပြီးအစီးဖောက်လုပ်ခဲ့ပေမယ့် ကျန်ကုမ္ပဏီတစ်ခု လမ်းကို အပြီးမဖောက်လုပ်ခဲ့တဲ့ အတွက် သုံးနှစ်ကျော် ကြာလာပေမယ့် လမ်းက မပြီးဘဲ တစ်ပိုင်း တစ်စဖြစ်နေပါတယ်။ ပြည်သူတွေ အသုံးပြုလို့ မရဖြစ်နေပါတယ်” ဟု ပြောသည်။

သန်းနိုင်နှင့် မိသားစု ကုမ္ပဏီဘက်မှ သူ့လမ်းပိုင်းကို အပြီး ဖောက်လုပ်ခဲ့သော်လည်း ရိုးမမြေ ကုမ္ပဏီမှ အပြီးမဖောက်လုပ်ဘဲ တစ်ပိုင်းတစ်ဖြင့် ပစ်ထားခဲ့သည်ဟု ဦးတက်ထွန်းအောင်က ပြောဆိုသည်။
“ ကျွန်တော်က ဒီလမ်းကိစ္စ လွှတ်တော်မှာ မေးမြန်းဖို့တင်ထားပါတယ်။ ဒါပေမယ့် မကျသေးဘူး။ အခု ရိုးမမြေကုမ္ပဏီက လုပ်ငန်းပြီးစီးကြောင်းတင်ပြီး ငွေတွေကိုလည်း အကုန် ထုတ်သွားပြီလို့ သိရတယ်။ လမ်းက မပြီးဘဲကျန်နေခဲ့တယ်။ ကုမ္ပဏီရော၊ လွန်ခဲ့တဲ့အစိုးရသက်တမ်းက အစိုးရအဖွဲ့ရော၊ စာရင်းစစ်တွေမှာ တာဝန်ရှိပါတယ်” ဟု ဦးတက်ထွန်းအောင်က ပြောကြားသည်။

ယခု တစ်ပိုင်းတစ်စနှင့် အပြီးမသတ်နိုင်ဘဲ ဖြစ်နေသော လမ်းသည် မြေငူကျွန်း မြောက်ဘက် သဲခုံမှ သမိုင်းဝင် ဆံတော်ရှင်ဘုရားသို့ ဖောက်လုပ်သည့် လမ်းဖြစ်ပြီး လမ်းအရှည် မိုင် (၂၀) ရှိကြောင်း၊ လမ်းပြီးစီးပါက စစ်တွေတစ်ဘက်ကမ်း သဲခုံမှ ဆံတော်ရှင်ဘုရားသို့ အချိန်တိုအတွင်း ကားများ၊ မော်တော်ဆိုင်ကယ် များဖြင့် သွားလာနိုင်မည့် လမ်းဖြစ်ကြောင်း သိရှိရသည်။

၎င်းမြေသားလမ်းနှင့် တံတားများတည်ဆောက်ရေးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် အစိုးရ ရန်ပုံငွေနှင့် နယ်စပ်ဒေသ ၀န်ကြီးဌာနမှ ဖောက်လုပ်ခဲ့ကြောင်း၊ ကုမ္ပဏီတစ်ခုကို သိန်းပေါင်း ၈၃၀၀ စီဖြင့် ခွင့်ပြုပေးခဲ့ကြောင်း ဦးတက်ထွန်းအောင်က ပြောဆိုသည်။

ပေါက်တောမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက မြေငုံကျွန်း ရွာချင်းဆက်လမ်း ဖောက်လုပ်ရာတွင် လုပ်ငန်းမပြီးပြတ်ဘဲ လုပ်ငန်းကို ရုပ်သိမ်းသွားသည့်ကုမ္ပဏီကို ရခိုင်ပြည်နယ်အစိုးရမှ ထိရောက်စွာ အရေးယူသင့်သည်ဟု ပြောဆိုသည်။

“ပထမလမ်းပိုင်း ကိုသန်းနိုင်နဲ့ မိသားစုလုပ်တာကတော့ အဆင်ပြေတယ်၊ သွားလာလို့ရတယ်၊ အားလုံး အလုပ်ပြီးပါတယ်။ ဒါပေမယ့် ရိုးမမြေကုမ္ပဏီကလုပ်တဲ့အပိုင်းမှာတော့ လမ်းရော တံတားရော ၃၀ ရာခိုင်နှုန်းလောက်သာပြီးစီးခဲ့ပါတယ်။ အဲ့ဒီလမ်းကို ပြည်နယ်အစိုးရက ပေါင်းစပ်ညှိနှိုင်းပြီးတော့ လမ်းကို ပြန်လုပ်ပေးမယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် အခုအချိန် အကောင်အထည်ဖော်တာ မရှိသေးဘူး ”ဟု ဦးအောင်ကျော်ထွီးက ဆက်လက် ပြောကြားသည်။

ငွေကြေး အပြည့် အ၀ ထုတ်သွားပြီး လမ်းကို ပြီးပြတ်အောင် မလုပ်ဘဲ ချန်ထားခဲ့သည့် လမ်းပိုင်းကို ပြည်နယ်အစိုးရမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း သိရသည်။

“အမှန်ကတော့ ပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ ဒီလောက်လုပ်ငန်းကြီးတစ်ခု အကောင်အထည် ဖော်မှု မရှိခဲ့တာကို သူတို့ကိုယ်တိုင်လည်း စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ လက်ထက်တုန်းက ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ လုံးဝ အရေးယူမှုအပိုင်း၊ နောက်ပြီးတော့ တစ်စုံတစ်ခု လုပ်ဆောင်မှုအပိုင်းတွေ မတွေ့ရပါဘူး”ဟု ဦးအောင်ကျော်ထွီးက ပြောသည်။

ယခုကဲ့သို့ ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်ကာလတွင် ငွေကို အပြည့်အ၀ ယူပြီး ပြီးပြတ်အောင် မလုပ်ခဲ့သည့် ကုမ္ပဏီအပေါ် ပြည်နယ်အစိုးရအတေစ်စုံတစ်ရာ အရေးယူမှု မရှိ၍ ဒေသခံများက အဆိုပါကိစ္စနှင့်ပတ်သက်၍ အားမလိုအားမရ ဖြစ်နေကြသည်ဟု ဆိုသည်။

“ ပြည်သူတွေ အတွက် အခြေအခံအဆောက်အအုံ ဖွံ့ဖြိုးရေးအပိုင်းကို ဆောင်ရွက်တဲ့နေရာမှာ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပြတ်ပြတ်သားသား အရေးယူသင့်ရင် ယူရပါ လိမ့်မယ်။ အဓိက လုပ်ငန်းမပြီးပြတ်ခဲ့ရင် ဥပဒေအတိုင်း အရေးယူဆောင်ရွက်ဖို့ လိုအပ် ပါတယ်”ဟု ဦးအောင်ကျော်ထွီးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပေါက်တောမြို့နယ် ကျေးလက်ဦးစီးဌာနမှ ဦးစီးမှုကို နိရဉ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ “ဒါက ကျေးလက်ဦးစီးနဲ့ မဆိုင်ဘူး။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနကို မေးကြည့်ပါ။ သူတို့က တစ်ခြား ဦးစီးဌာနတစ်ခုပါ” ဟု ဖြေကြားသွားခဲ့သည်။

လမ်းဖောက်လုပ်ရာ ရိုးမမြေကုမ္ပဏီသို့ ဆက်သွယ်ရန်ကြိုးစားသော်လည်း ရုံးခန်းလိပ်စာနှင့် တယ်လီဖုန်းနံပတ်ကို စုံစမ်း၍ မရသဖြင့် မေးမြန်းနိုင်ခြင်း မရှိပါ။
(ဓါတ်ပုံ- ဦးမြတ်ထွန်း)