08 February 2018

ဂျပန်ကူညီငွေ ဒေါ်လာ ၁၀သန်းဖြင့် ရခိုင် မြို့နယ် ၅ ခု ဖွံ့ဖြိုးရေး၊ အမျိုးသမီးရေးနှင့် ရခိုင်စီးပွား တိုးတက်ရေးကို ဆောင်ရွက်မည်


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈
ဂျပန် အစိုးရမှ ရခိုင်ပြည်နယ် အတွက် ဒေါ်လာ (၁၀) သန်း ကူညီ ထောက်ပံ့ထားရာ ၎င်းငွေဖြင့် ရခိုင်ပြည်နယ်မှ မြို့နယ် ၅ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အပါအ၀င် အမျိုးသမီးရေးရာကိစ္စနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။


ဂျပန်မှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၁၀ သန်းကို UNDP မှ တစ်ဆင့် ကူညီထားခြင်း ဖြစ်ပြီး ၎င်းအထဲမှ ဒေါ်လာ ၂ သန်းကို မြို့နယ် ၅ ခု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပထမဆုံး ဆောင်ရွက်သွားမည်ဟု သိရသည်။

“ မြို့နယ် ၅ မြို့နယ်ထဲမှာ သံတွဲခရိုင်က သံတွဲ၊ တောင်ကုတ်၊ ဂွနဲ့ ကျောက်ဖြူခရိုင်က ရမ်းဗြဲ၊ ပီးရင် စစ်တွေခရိုင်က ဆိုရင် ပုဏ္ဍားကျွန်းမြို့နယ်တို့ ဖြစ်ကြပါတယ်။ အခု ကျွန်တော်တို့ သံတွဲကို လာတာကလည်း ဒေါ်လာ ၂ သန်းနဲ့ မြို့နယ် ၅ မြို့နယ် အတွက် ဘယ်လို ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်ကြမလဲဆိုတာ လာရောက်ဆွေးနွေးကြတာပါ” ဟု ဖေဖော်ဝါရီ ၇ ရက်နေ့က UNDP မှ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌမှ နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
Image may contain: sky and outdoor













ဖေဖော်ဝါရီလ ၇ ရက်နေ့က သံတွဲတွင် ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အဆင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ဂျပန်ထောက်ပံ့ငွေ ဒေါ်လာ ၁၀ သန်းထဲမှ ၃ သန်းကို ရခိုင်ပြည်နယ်မှ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များတွင် သုံးစွဲသွားမည်ဖြစ်ပြီး ကျန် ၅ သန်းကိုမူ ရခိုင်ပြည်နယ် စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲသွားမည်ဟု ပြောဆိုသည်။

“ ရခိုင်စီးပွား ဖွံ့ဖြိုးရေးအတွက် Institution တည်ထောင်သွားမယ်။ အဓိကတော့ ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ပြီး ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌမှ ပြောဆိုသည်။

စီမံကိန်းကာလမှာ တစ်နှစ်ဖြစ်ပြီး ၂၀၁၈ ဧပြီလမှ ၂၀၁၉ ဧပြီလအတွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ၅ ခု ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်သည့် တောင်ကုတ်မြို့ဆိပ်ကမ်း)