02 February 2018

လူသတ်သမား ကြည်လင်းကို ထောက်ခံသူများ၏ လုပ်ရပ် တရားစီရင်ရေးကို ခြိမ်းခြောက်နေဟုဆို


By ထွန်းထွန်း 2 February 2018
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေ အကြံပေး ဦးကိုနီ နှင့် အငှားယဉ်မောင်း ကိုနေဝင်းတို့အား သတ်ဖြတ်ခဲ့သည့် လူသတ်သမား ကြည်လင်း ရုံးထုတ်ကို လာရောက်ဝန်းရံသူ တစု၏ လုပ်ရပ်မှာ ခြိမ်းခြောက် နှောင့်ယှက်သည့် အသွင်သဏ္ဍာန် ဖြစ်နေသည်ဟု ဆိုသည်။


ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် တရားရုံးတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က သေနတ်သမား ကြည်လင်းနှင့် အဖွဲ့အား ရုံးထုတ်လာစဉ် “ထမင်းဝအောင် စားထား” ဆိုသည့် စာတမ်းပါသော အင်္ကျီကို ဝတ်ဆင်ထားသည့် လူတစု၏ လုပ်ရပ်အပေါ် တရားလို၏ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဌေး က ပြောဆိုလိုက်ခြင်း ဖြစ်သည်။



အဆိုပါ လူတစုက “ထမင်းဝအောင် စားထား” ဆိုသည့် စာတမ်းပါ အင်္ကျီကို ရုံးထုတ်လာသည့် သေနတ်သမား ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို လုံခြုံရေး ရဲတပ်ဖွဲ့များ ဝန်းရံထားသည့်အကြား တိုးဝှေ့ဝင်ရောက်၍ ပေးနေသည်ကို သတင်းမီဒီယာများလည်း တွေ့မြင်နေရသည်။
“ထမင်းဝအောင် စားထား” ဆိုသည့် စာတမ်းမှာ ခြိမ်းခြောက်နေသည့် သဘောကို သက်ရောက်နေပြီး ထိုအင်္ကျီများ ဝတ်ဆင်၍ တရားရုံးသို့ ရောက်ရှိလာခြင်းမှာ တရားဥပဒေစိုးမိုးမှုအပေါ် ခြိမ်းခြောက်ခြင်းဖြစ်ပြီး တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်စေ ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေး က သတင်းမီဒီယာများရှေ့တွင် ရှင်းလင်းပြောဆိုသည်။










ဦးခင်မောင်ဌေး က “ရဲတပ်ဖွဲ့တွေ မျက်စိအောက်မှာဘဲ မင်းတို့ ထမင်းဝအောင် စားထားဆိုတဲ့ ကိစ္စ သတင်းထောက်တွေကို ခြိမ်းခြောက်နေတာလား၊ တရားစီရင်ရေးအဖွဲ့ တရားသူကြီးတွေကို ခြိမ်းခြောက်နေတာလား၊ အစိုးရ ရှေ့နေတွေကို ခြိမ်းခြောက်နေတာလား၊ တရားခံ ရှေ့နေတွေကို ခြိမ်းခြောက်နေတာလားတရားလို ရှေ့နေတွေကို ခြိမ်းခြောက် နေတာလား၊ တရားခံတွေကို ချောက်ချအောင် လုပ်နေတာလား ဘာလဲတော့မသိဘူး။ သို့သော်ငြားလည်း အေးအေးဆေးဆေး မှန်မှန်ကန်ကန်ဖြစ်ဖို့အတွက်ကို စီရင်ဆုံးဖြတ်နေတဲ့ တရားစီရင်ရေးတခုကို အနှောင့်အယှက်ပေးတယ်ဆိုတာကတော့ မြင်သာတယ်ဗျ” ဟု ပြောသည်။
ကြည်လင်းနှင့် အပေါင်းအပါများအား လာရောက်ဝန်းရံခဲ့သည့် ကိုမြတ်ဖုန်းမိုရ်နှင့် ကိုတင်ဌေးအောင် (ခ) အကြီးကောင် ဆိုသူတို့မှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၇ ခုနှစ် မေလ ၉ ရက်နေ့ညပိုင်းက ခိုးဝင်ဘင်္ဂလီများ ရောက်ရှိနေသည်ဟု ဆိုကာ ဝင်ရောက် ရှာဖွေမှုများကြောင့် လူစုလူဝေးဖြစ်ပေါ်စေခဲ့သူများဖြစ်သည်။
၎င်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မျိုးချစ်သွေး ဓမ္မကွန်ရက်မှ ကိုမြတ်ဘုန်းမိုရ်နှင့် ကိုတင်ဌေးအောင်တို့ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ဂ)/၃၄ ဖြင့် အရေးယူကာထောင်ဒဏ်ချမှတ်ခဲ့သည်။
မျိုးချစ်သွေး ဓမ္မကွန်ရက်မှ ကိုမြတ်ဘုန်းမိုရ်သည် မကြာခင်ရက်ပိုင်းက လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာ ထက်တွင် ပျံ့နှံ့ခဲ့သော အင်းစိန်ထောင်ထဲတွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နှင့် အတူ ပဒေသာပင် တခုရှေ့၌ တန်းစီ၍ ရိုက်ကူးထားသည့် မှတ်တမ်း ဓာတ်ပုံတခုတွင် ပါဝင်သူဖြစ်သည်။
ကိုမြတ်ဘုန်းမိုရ် က “သူ့ (ကြည်လင်း) ဘက်မှာ ကျနော်တို့ ရပ်တည်တယ်ဆိုတဲ့ အကြောင်းပေါ့။ တခြားဘာမှ မဟုတ်ဘူး ပုဂ္ဂိုလ်ရေး ဆိုင်ရာ လေးစားမှုနဲ့ လာတာ။ လူတိုင်းကတော့ အမြင်ဘယ်တူမလဲဗျာ။ ကျနော်တို့ အမြင်မှာ သူက လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့ အတွက် အားပေးထောက်ခံတယ်ဆိုပြီးတော့ပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး” ဟု ဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေး က “မင်းတို့ ထမင်းဝအောင် စားထားဆိုတာဟာ အမှုစစ်နေတဲ့ တရားသူကြီးတွေကို ဖိအားပေးနေတာလား၊ မင်းတို့ ထမင်းဝအောင် စားထားလို့ ပြောတဲ့ အတွက် အမှုစစ်တဲ့ တရားသူကြီးတွေကို ဖိအားပေးနေတာ၊ ခြိမ်းခြောက်ခံနေရတာ။ အမှုစစ်တဲ့ တရားခွင်က ခြိမ်းခြောက်ခံနေရတာ။ အဲလိုဖိအားပေးတာကြောင့် တရားခွင်ဟာ မလုပ်ရဲ မကိုင်ရဲ ဖြစ်တော့မယ် ဆိုရင် ဒါဟာ တရားဥပဒေ စိုးမိုးမှုကို နှောင့်ယှက်ရာ ရောက်တယ်” ဟု ဆိုသည်။