05 February 2018

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာသူတွေ ရှိနေဆဲ

နှစ်နိုင်ငံနယ်စပ် နတ်မြစ်ကိုဖြတ်ပြီး တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာနေတဲ့ မွတ်စလင်တွေကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
နှစ်နိုင်ငံနယ်စပ် နတ်မြစ်ကိုဖြတ်ပြီး တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာနေတဲ့ မွတ်စလင်တွေကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: AFP













2018-02-05   RFA
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဒီရက်ပိုင်းတွေအတွင်း နှစ်နိုင်ငံနယ်စပ် နတ်မြစ်ကိုဖြတ်ပြီး တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာနေတဲ့ မွတ်စလင်တွေ နေ့စဉ်နဲ့အမျှ ရှိနေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။


လက်ရှိမှာ နယ်မြေ တည်ငြိမ်အေးချမ်းနေပြီဖြစ်ပေမယ့် မွတ်စလင်တွေက အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောပါတယ်။
အဲဒီလို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ခွာနေသူတွေကို အစိုးရဘက်က မထွက်ခွာဖို့ ဆက်သွယ်စည်းရုံးတဲ့ ကြားကနေ ထွက်သွားကြတာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်၊ ဒိုးတန်း၊ အလယ်ချောင်း၊ ဖိုးခေါင်ချောင်း၊ ဆင်ခုန်တိုင်၊ ရွက်ညိုတောင် စတဲ့ကျေးရွာပေါင်း ၁၂ ရွာက မွတ်ဆလင် ၈၅၀ ကျော်ဟာ ဇန်နဝါရီလ ၂၈ ရက်နေ့က မောင်တောမြို့နယ် မှိုဝင်ချောင်းဝနဲ့ ဂေါ်ဒူသာရချောင်းဝကင်းစခန်း ပင်လယ်ကမ်းခြေအနီးကို ရောက်ရှိလာကြတာဖြစ်တယ်လို့ သိရပါတယ်။
သူတို့တွေကို မေးမြန်းကြည့်ချက်အရ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် မိမိတို့ရဲ့ ဆန္ဒသဘောအလျောက် ထွက်ခွာလာကြတာဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ရောက်ရှိနေတဲ့ ပင်လယ်ကမ်းခြေကနေတစ်ဆင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေ့စဉ်နဲ့အမျှ လှေငယ်တွေနဲ့ ထွက်ခွာနေကြရာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ လူပေါင်း ၇၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။
မောင်တောမြို့နယ်က မွတ်စလင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ သူတို့ ဘာကြောင့် အခုလို ထွက်ခွာနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရောက်ရှိနေသူတွေကို မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ငခူရနဲ့ တောင်ပြိုလက်ဝဲတို့မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၃ ရက်နေ့ကစတင်ပြီး ပြန်လည်လက်ခံဖို့ စခန်းတွေ ဖွင့်လှစ်ထားပါတယ်။