24 February 2018

စစ်တွေမှာ အလုပ်သမားတွေ နစ်နာကြေးပေးဖို့ တောင်းဆို



2018-02-22 RFA

ရခိုင်ပြည်နယ် စစ်တွေမြို့က Gallant Ocean Co., Ltd ရဲ့ ငါး၊ ပုစွန်လုပ်ငန်း အအေးခန်းစက်ရုံမှာ အလုပ်သမား ၁၉ ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ဖို့ စက်ရုံတာဝန်ရှိသူတွေက ကြေညာလိုက်တာကြောင့် အလုပ်သမား ၁၀၀ ကျော်လောက်က ဒီကိစ္စဖြေရှင်းပေးဖို့ စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးကို ဒီနေ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားတွေက စက်ရုံတာဝန်ရှိသူနဲ့ ညှိနှိုင်းဖို့ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အခုလို သွားရောက်တောင်းဆိုခဲ့တာလို့ အလုပ်သမားတစ်ဦးဖြစ်တဲ့ မဦးဝင်းစိန် က ပြောပါတယ်။

"အလုပ်ထုတ်ရင် သုံးလစာပေးရတယ်၊ သူတို့က မပေးဘူး သူတို့မှာ သုံးလစာပေးဖို့လည်း ပိုက်ဆံမရှိဘူးတဲ့"

ပြည်နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးမှာ အလုပ်သမားတွေနဲ့ စက်ရုံတာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြရာမှာ အလုပ်သမား ၁၉ ဦးကို အလုပ်က မထုတ်ပယ်တော့ဘဲ မူလအတိုင်းပြန်လည်ထားရှိဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူတွေဘက်က အလုပ်နဲ့ မသက်ဆိုင်တဲ့ကိစ္စတွေကို ခိုင်းစေမှုတွေ ရှိနေတာတွေကို ရပ်တန့်ဖို့ စတဲ့ အချက်တွေနဲ့ သဘောတူညီမှုရခဲ့ကြတယ်လို့ သိရပါတယ်။

Gallant Ocean Co., Ltd ရဲ့ အအေးခန်းစက်ရုံဟာ တရုတ်အမျိုးသားတွေ ဦးစီးလုပ်ကိုင်နေတာဖြစ်ပြီး စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။