04 February 2018

စောဘဦးရုပ်ထု စိုက်ထူခွင့်မရ


4 February 2018   RFA Burmese



ရန်ကုန်ကနေ သယ်ဆောင်လာတဲ့ စောဘဦးကြီး ရုပ်တုကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်/ Photo: Nay Myo Zin's facebook
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် KNU တပ်မဟာ ၆ ဒူးပလယာခရိုင် ဝင်းရေး ဌာနချုပ်မှာ ထားရှိဖို့ ရန်ကုန်ကနေ သယ်ဆောင်လာတဲ့ စောဘဦးကြီး ရုပ်တုကို ဒေသခံ စစ်တပ်က မနေ့က တားမြစ်ခဲ့ပါတယ်။

ရုပ်ထုသယ်ဆောင်လာတဲ့ လမ်းတစ်လျှောက်လုံး မကန့်ကွက်ခဲ့ဘဲ ဌာနချုပ်မှာ စိုက်ထူဖို့ လုပ်ချိန်မှာ ဒေသအခြေစိုက် စစ်တပ်ဗျူဟာက ကန့်ကွက်တာကြောင့် မစိုက်ထူရဘူးလို့ စောဘဦး ရုပ်တု ဖြစ်မြောက်ရေး အဖွဲ့ ခေါင်းဆောင် စောအဲဒါးက ပြောပါတယ်။

စောဘဦးကြီး ရုပ်တုကို အစက ဘုရားသုံးဆူမှာ ထားရှိဖို့ စီစဉ်ပေမယ့် တပ်ဘက်က ကန့်ကွက်တာကြောင့် ဒူးပလာယာခရိုင် ဝင်းရေး ဌာနချုပ်မှာ ထားရှိဖို့ သယ်ဆောင်လာတာကို ထပ်မံကန်ကွက်ခံရတာလို့ စောအဲဒါးက ပြောပါတယ်။

ရုပ်တုကို လက်ရှိမှာ ယာယီရွှေ့ပြောင်းထားရပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ စာရေးသား တောင်းဆိုသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီရုပ်တုကို ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဦးဆောင်တဲ့ မြန်မာ လူမှုဘဝ ဖွံဖြိုးတိုးတက်ရေး အသင်းက ရန်ကုန်ကနေ သယ်ဆောင်သွားတာဖြစ်ပါတယ်။