11 February 2018

ရခိုင်လွှတ်တော်မှ ဖွဲ့စည်းသည့် မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့နှင့် မပူးပေါင်းမဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ ရခိုင်ပြည်နယ်အစိုးရ ညွှန်ကြား


    မာန်ယုကျော် (ရွှေဝမြေ)စစ်တွေ၊ ဖေဖော်ဝါရီ ၁ဝ   2018


ရခိုင်ပြည်နယ်လွှတ်တော်မှ မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် ဥပဒေနှင့် မညီဟု ဆိုကာ ၎င်းအဖွဲ့စစ်ဆေးလာပါက မပူးပေါင်း မဆောင်ရွက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာများသို့ ညွှန်ကြားချက် တစ်စောင်ထုတ်ပြန်လိုက်သည်ဟု သိရသည်။




၎င်းညွှန်ကြားစာကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ (၅-၂-၂၁၀၈) ရက်စွဲပါစာအမှတ် (၀၅၁)/၃/၆-(လုံခြုံ)/ အဖရ(ရခိုင်)ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းညွှန်ကြားစာ ထုတ်ပြန်ပြီးနောက် ပြည်နယ်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ မြို့နယ် အဆင့် တာဝန်ရှိသူများသို့ ထပ်ဆင့် ညွှန်ကြားစာထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် ပညားရေးမှူးရုံးမှ ခရိုင်နှင့် မြို့နယ် အဆင့် ပညာရေးမှူးများသို့ ပေးပို့သော စာတွင် ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈) ၌ မြောက်ဦးဖြစ်စဉ်ကို စုံစမ်းရေး အဖွဲ့အား မြေပုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း ဥက္ကဋ္ဌ၊ မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် အတွင်းရေးမှူးတို့ အဖြစ်ပါဝင်လျက် အဖွဲ့ဝင် (၇) ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါစုံစမ်းရေးအဖွဲ့တာဝန်ပေးအပ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်နှင့်ညီညွတ်ခြင်းမရှိသည့်အပြင် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့မှ ဖိတ်ကြားစစ်ဆေး မေးမြန်းခြင်း ပြုလုပ် လာပါက ဖြေကြားရန်မလိုကြောင်းနှင့် စာရွက်စာတမ်း အထောက်အထားများ တောင်းခံ လာပါ ကလည်း ပြသပေးပို့ခြင်းမပြုရန်၊ အကယ်၍ ဖြေကြားခြင်း၊ အထောက်အထားများ တင်ပြခြင်းတို့ပြုလုပ်ခဲ့ပါက သက်ဆိုင်ရာပုဂ္ဂိုလ်၏ တာဝန်သာ ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းစာထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ပြည်နယ် ပညာရေးမှူးကိုယ်စား စာထုတ်ပြန်သူ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်လေးဦးကို ဖေဖော်ဝါရီ ၁ဝ ရက် ညနေပိုင်းက နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ သူက "ကျနော်တို့ ပညာရေးဌာန တစ်ခုတည်း မဟုတ်ပါဘူး။ ဌာနတိုင်းက ထုတ်ပါတယ်ဗျ။ ပြည်နယ်အစိုးရရဲ့ ဆုံးဖြတ်ချက်အရပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မကိုက်ညီဘူးလို့ ပြောပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ဒီစာကို ထုတ်တာပါ" ဟု ပြောသည်။

၎င်းစာကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လေးဦး(စီမံကိန်း/ကွန်ပျူတာ/စာရင်းအင်း) လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးဖြစ်စဉ်စုံစမ်းရေးအဖွဲ့ ကို ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးက အတည်ပြုဖွဲ့စည်းခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက် ညက မြောက်ဦးမြို့တွင် အရပ်သား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည့် ရဲတပ်ဖွဲ့၏ ဆန္ဒပြလူအုပ်အား သေနတ်ပစ် ဖြိုခွင်းမှုသည် ဥပဒေနှင့် အညီ ဟုတ်/မဟုတ်ကို စုံစမ်းစစ်ဆေးရန် အတွက် အဆိုပါအဖွဲ့ကို ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။