27 February 2018

စစ်တွေဗုံးပေါက်ကွဲမှုကြောင့် ခေါ်ယူစစ်ဆေးခြင်းခံနေရသူ ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရမန်ယူ



26 February 2018    Central News Myanmar



စစ်တွေ၊ ဖေဖော်ဝါရီ ၂၆။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ခေါ်ယူစစ်ဆေးခြင်းခံနေရသူ ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(က)(ဈ)တို့ဖြင့် မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရမန်ယူလိုက်ပြီ ဖြစ်​သည်​။

သူတို့အား ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်တွင် စစ်တွေမြို့နယ်တရားရုံး၌ ချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။

"အပြစ်မရှိဘဲ အခုလို မတရားချုပ်နှောင်ထားတာကို ပြန်လွှတ်ပေးစေချင်ပါတယ်"ဟု ခေါ်ယူစစ်ဆေးခြင်းခံနေရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်တွေတွင်ဗုံးပေါက်ကွဲမှုကြောင့် သံသယရှိသူ ၃ ဦးအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ ညမှစတင်ကာ စစ်တွေမြို့မရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် နောက်ထပ် ၂ ဦးအား ထပ်မံခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့၊ ညက ခေါ်ယူစစ်ဆေးခြင်းခံရသူများ၏နေအိမ်များကိုလည်း ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး တစ်စုံတစ်ရာတွေ့ရှိသွားခြင်းမရှိကြောင်း မိသားစုဝင်များက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့အား ဆက်သွယ်သော်လည်း တစ်စုံတစ်ရာတုန့်ပြန်ပြောခြင်းမရှိပါ။

စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ နံနက် ၄ နာရီ ၁ဝ မိနစ်ခန့်က ပြည်တော်သာရပ်ကွက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ်ရှေ့တွင် ၁ လုံး၊ စစ်တွေခရိုင်တရားရုံးနှင့် တရားလွှတ်တော်ရုံးရှေ့ရှိ ထရန်စဖော်မာတွင် ၁ လုံးနှင့် ရခိုင်ပြည်နယ်မြေစာရင်းဦးစီးဌာနရုံးရှေ့တွင် ၁ လုံး၊ စုစုပေါင်း ဗုံး ၃ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။