02 February 2018

ဘိုဘိုမင်းသိုက် အသတ်ခံရမှု သံသယဖြင့် ဖမ်းဆီးခံထားရသည့် ဦးကျော်မြင့် မိသားစုမှာ အခင်းဖြစ်ပွားချိန်တွင် မြောက်ဦး- တိန်ညိုကျေးရွာတွင် ရှိမနေဟုဆို



နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁


မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံထားရသူ ဦးကျော်မြင့် (၄၇) နှစ်နှင့် မိသားစုများမှာ ဘိုဘိုမင်းသိုက် အသတ်ခံရသည့်နေ့က ၎င်းတို့နေထိုင်ရာ တိန်ညိုကျေးရွာတွင် ရှိမဘဲ ရန်ကုန်သို့ ရောက်ရှိနေသည်ဟု သိရှိရကြောင်း တိန်ညို ကျေးရွာ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ကျွန်တော်တို့ရွာမှာ စုံစမ်း သလောက် ပြောရရင် တိန်ညိုပြင် စခန်းမှူး က ကိုကျော်မြင့်က လွန်ခဲ့တဲ့လ ၂၈ ရက် တနင်္ဂနွေနေ့ ကတည်းက ရန်ကုန်ကိုသွားတယ်လို့ ပြောပါတယ်။ အမှု ဖြစ်တဲ့နေ့က ကိုကျော်မြင့်က ရွာမှာ မရှိပါဘူး” ဟု ဦးကျော်မိုးက ပြောကြားသည်။


၎င်းပြင် ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၆)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်း စူရတီစန္ဒီဗလီရှေ့တွင် Hilux Surf ကားနှင့် အတူ အဖမ်းခံရသူ ဦးကျော်မြင့်၏သား မင်းသန်းဌေး (၂၀ နှစ်) မှာလည်း အခင်း ဖြစ်ပွားသည့် ဇန်န၀ါရီ ၃၀ ရက်နေ့က ရွာတွင် မရှိဘဲ ရန်ကုန်တွင် ရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ မနေ့က သူရဲ့ (မင်းသန်းဌေး)ရဲ့ အစ်မတွေနဲ့တောင် ဖုန်းရပါသေးတယ်။ ဖုန်းထဲကတောင် စကားပြောနေကြတာပါဘဲ။ အခင်း ဖြစ်ပွားချိန်က သူက ရန်ကုန်မှာရှိနေတာပါ” ဟု သူက ပြောဆိုသည်။

၎င်းပြင် အခင်းဖြစ်ပွားရာတွင် ပါဝင်သည့် ဘိုဘိုမင်းသိုက် စီးလာသည့်ကားမှာ ဦးကျော်မြင့် ပိုင်ဆိုင်သည်ဟု သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး မေးမြန်းရာတွင်လည်း သူသိသလောက် ဦးကျော်မြင့်တွင် ထိုသို့ ကားမျိုးတစ်စီးမှ မရှိကြောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ယခု ဦးကျော်မြင့်၊ သူ့၏သား မင်းသန်းတင် အပါအ၀င် လူ ၄ ဦးအား မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ဆက်စပ် ဖမ်းဆီးခံရမှု အပေါ် မည်သို့ သုံးသပ်ပါသလဲဟု မေးမြန်းရာ သူက ယခုလို ပြောသည်။

“ အခု ဘိုဘိုမင်းသိုက် အသတ်ခံရတာနဲ့ ပတ်သက်ပြီး သူတို့နဲ့ ဘယ်လို ပတ်သက်တယ် ဆိုတာကိုတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး။ အဲဒါကိုတော့ မပြောနိုင်ဘူး။ ကျွန်တော်တို့ မသိပါဘူး။ အမှုဖြစ်တဲ့နေ့က သူတို့လည်း မရှိဘူးဆိုတော့ ဘယ်လို ဖြစ်တယ်ဆိုတာ ကျွန်တော်တို့လည်း သုံးသပ်လို့ မရနိုင်ပါဘူး” ဟု ပြောကြားသည်။

ဦးကျော်မြင့်တို့ သံလျင်တွင် ဖမ်းဆီးမခံရမီ ဇန်န၀ါရီ ၃၁ ရက်နေ့က ရဲတပ်ဖွဲ့က မြောက်ဦး မြို့နယ် တိန်ညိုကျေးရွာရှိ ဦးကျော်မြင့်၏ နေအိမ်အား ၀င်ရောက် စစ်ဆေး မေးမြန်းမှုများ ရှိခဲ့ကြောင်း၊ စစ်ဆေးချိန်တွင် ဦးကျော်မြင့်၏ သမီးနှင့် သမက်ဖြစ်သူတို့ရှိကြောင်း၊ ဦးကျော်မြင့် ဘယ်ကို သွားသလဲ၊ ဘယ်ရောက်နေသလဲဟု မေးမြန်းမှုများရှိခဲ့ကြောင်း၊ အိမ်ကို ၀င်ရောက် ရှာဖွေခြင်း မဟုတ်ဘဲ မေးမြန်းစုံးစမ်းခဲ့ခြင်းသာ ဖြစ်ကြောင်း တိန်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက ပြောဆိုသည်။

ဦးကျော်မြင့်၏ သားဖြစ်သူ မင်းသန်းဌေး (၂၀ နှစ်) အား ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရပြီး ဦးကျော်မြင့်၊ ၎င်း၏ ဇနီး ကြည်ကြည်ဝင်းနှင့် အမျိုးသမီးတစ်ဦး (စိစစ်ဆဲ) တို့ကို ဇန်န၀ါရီ ၃၁ ရက် ညနေက သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာ ကွက်သစ် (၃) ရှိ မေတ္တာဂုဏ်ရည် သီလရှင် ကျောင်းတွင် နေထိုင်နေစဉ် ရဲက ဖမ်းဆီးခဲ့သည်ဟု သိရသည်။