05 February 2018

တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက သိရှိနိုင်ရန် ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေပြော



News Watch    5.2.2018
မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက သိရှိနိုင်ရန် ဆောင်ရွက်နေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။


ဖေဖော်ဝါရီ ၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂)ရက် မြောက်နေ့တွင် ရှမ်းပြည်နယ် မက်မန်းမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးမေးမြန်းသည့် တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးက သိရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် ပတ်သက်သော မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကမှ ထုတ်ဝေသည့် ဂျာနယ်၊ သတင်းစာများတွင်လည်း ရိုဟင်ဂျာလူမျိုးအမည်ကို ထည့်သွင်းအသုံးပြုခြင်းမရှိဘဲ ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစာရင်းတွင် မပါဝင်ကြောင်း ကြိမ်ဖန်များစွာ ဖော်ပြပြီးဖြစ်ပါတယ်။ ထို့အတူ နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများ၊ သ၀ဏ်လွှာများတွင်လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုထည့်သွင်းဖော်ပြခြင်း မပြုတာကို အသိပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ မြန်မာသံရုံးဝန်းထမ်းများ၊ သံအမတ်ကြီးများ၊ UN အဖွဲ့အစည်းများမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကလည်းကောင်း၊ အသုံးအနှုန်းကို သုံးစွဲခြင်း၊ အသိအမှတ်ပြုခြင်း မရှိခဲ့ပါ။ ထိုသို့ သုံးစွဲလာတဲ့ အခြားသော ကိုယ်စားလှယ်များကိုလည်းပဲ အစည်းအဝေးတွေမှာ တရားဝင်သုံးစွဲခေါ်ဝေါ်လာပါက တရားဝင်ကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်း၊ ထောက်ပြခြင်းများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်”ဟု ဦးသိန်းဆွေက ပြောသည်။
ထို့ပြင် အင်္ဂလိပ်အစိုးရလက်ထက် ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်နှင့် ၁၉၃၁ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက် ၁၉၅၃-၅၄ ခုနှစ်နှင့် ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့ ကောက်ယူခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း များတွင် ရိုဟင်ဂျာဟူသော အမည်မပါရှိခဲ့ကြောင်းနှင့် ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် မြန်မာပြည်သား ရေးသားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး အမည်စာရင်းကို တင်ပြခဲ့ပြီး အဆိုပါစာရင်းတွင် ရိုဟင်ဂျာ မပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ ပြောကြားချက်အရ သိရှိရသည်။
ထွန်း(နေပြည်တော်)