17 October 2014
“ကော့တောင်(လိပ်ကျွန်း) လူသတ်မှုတရားခံရှာပုံတော်”
=====================================================
ပြည်တွင်းထုတ် မြန်မာပို့ ဂျာနယ် တွင် အောက်တိုလ ၁၅ ရက်နေ့ထုတ် မှာ ဖေါ်ပြထားသည်။အွန်လိုင်းပရိတ်သတ်များအတွက် ဖေါ်ပြအပ်ပါသည်။
====================================================
           တကမ္ဘာလုံးက စိတ်ဝင်စားနေကြတဲ့ ထိုင်းနိုင်ငံအပိုင် တောင်တရုတ် ပင်လယ်ပြင်ထဲက ကော့တောင် ကျွန်း(ခ) လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား၂ ဦးသတ်ဖြတ်ခံရမှုကိစ္စ…..
  အခန်း(၁)
၂၀၁၄ ခု စက်တင်ဘာလ ၁၅ ရက်နေ့မှာ အသက် ၂၃နှစ်အရွယ် Hannah Witheridge နဲ့ David William Miller နဲ့ အသက် ၂၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား၂ဦး ပင်လယ်ကမ်းစပ် ကျောက် ဆောင်တွေကြားမှာ သတ်ဖြတ်ခံခဲ့ရတဲ့သတင်း ဖတ်ရကတည်းက မြန်မာအလုပ်သမားတွေ ဘုန်းကြီး အမှုရွာ ပတ်တော့မယ်ဆိုတာ စာရေးသူသတိပြုခဲ့တယ်။ အလုပ်သမားအရေးကို လုပ်နေသူဖြစ်တာကြောင့် ယခင်က ရှိပြီးသား အမာခံ အလုပ်သမားခေါင်းဆောင်တွေကို ဂရုစိုက်စောင့်ကြည့်ဖို့ ထူးခြားမှုတွေကို သတင်းပေးပို့ဖို့ စဉ်ဆက်မပြတ် အကူညီတောင်းခံနေခဲ့တယ်။ အလုပ်သမားအတော်များများတို့ဟာ ဖေးဘွတ်တို့ ဗိုင်ဗာတို့ သုံးကြတာကြောင့် သတင်းအချက်အလက်ရယူတာ ပိုမိုတိကျ မြန်ဆန်ပါတယ်။
အခန်း(၂)
           မြန်မာအလုပ်သမားတွေကို ထိုင်းရဲတွေ ဖမ်းဆီးနှိပ်စက်၊ ရေနွေးပူနဲ့လောင်းပြီး စစ်ဆေးတဲ့ ဓါတ်ပုံတွေ ကို ရရှိခဲ့ပါတယ်။ အလုပ်သမားတွေကို DNA လို့ ခေါ်တဲ့ မျိုးရိုးဗီဇ စစ်ဆေးတာတွေ၊ လက်ကိုင်ဖုန်းတွေကို သိမ်း ဆည်းတာတွေ၊ ဖေးဘွတ်သုံးသူတွေကိုပိတ်ပင်တာတွေ နေ့တိုင်းရှိပါတယ်။ မြန်မာအလုပ်သမားတွေအပေါ်မှာ ထိုင်းရဲတွေ တဖြည်းဖြည်းနဲ့ ကြမ်းတမ်းလာမှုတွေကို ဂရုပြုမိလာပါတယ်။ တချိန်တည်းမှာ David William Miller နဲ့ တစ်ခန်းတည်း နေခဲ့တဲ့ အခန်း ဖေါ် အသက်၂၅ နှစ်အရွယ် Christopher Alan Ware ကို ထိုင်းလေ ဆိပ်မှာ ဖမ်းဆီးခဲ့တဲ့သတင်းတွေပါဆက် တိုက်ထွက်ပေါ်လာခဲ့ပါတယ်။
        မကြာမီမှာပဲ သူ့ကို ဗြိတိန်ကိုပြန်သွားခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူသတ်တရားခံလို့ယူဆရတဲ့ မြန်မာအလုပ်သမား၃ဦးကို လုံခြုံရေးကယ်မရာ CCTV မှတ်တမ်းတွေအရ ဖမ်း ဆီးလိုက်တယ်ဆိုတဲ့ သတင်းဆိုး က ထွက်လာပါတော့တယ်။ ဖမ်းထားတဲ့အလုပ်သမား သုံးယောက် လူသတ်သမားတွေ မဟုတ်ဘူး ဆိုတဲ့ ကော့တောင်ကျွန်းက အလုပ်သမားအသံတွေကလည်း ကြွက်ကြွက်ညံလာခဲ့တယ်။ အဲဒါကြောင့် စဉ်ဆက်မပြ တ် စောင့်ကြည့်နေကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MATနဲ့ ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED အဖွဲ့တို့ဟာ ကော့တောင်ကျွန်းကိုသွားမယ့် ကော့စမွေကျွန်းမှာ ဆုံခဲ့ကြတယ်။ ဘန်ကောက်မြန်မာသံရုံးကသံအမတ်ကြီးကို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေဟာ မြန်မာအလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီ(သံရုံး) အမည်နဲ့ သွားရောက်ချင်ပါတယ်လို့ သတင်းပို့ခဲ့ကြတယ်။ သံအမတ်ကြီးက ခဏ စောင့်ကြည့်ချင်သေးကြောင်း၊ အချက်အလက်ရနိုင်သမျှ ၀ိုင်းစုဆောင်းကြဖို့ ပြန်ပြောလာတာကြောင့် ကျနော်တို့ ပြန်လာခဲ့ကြတယ်။
 အခန်း(၃)
အောက်တိုဘာ ၄ရက်နေ့မှာ ထိုင်းရဲဌာနကြီးအကဲတွေက သတင်းဌာနပေါင်းစုံကို ဖိတ်ခေါ်ပြီးတော့ လူသတ် မှုဖြစ်တဲ့ နေရာတွေကို တရားခံအဖြစ်စွတ်စွဲဖမ်းဆီး ထားတဲ့ အလုပ်သမား ၂ဦးကို သရုပ်ပြခိုင်းပြီးတော့ သတင်း စာရှင်းလင်းပွဲကြီး လုပ်ပါတော့တယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က စုံစမ်းစစ်ဆေး ဖို့အတွက် အထူးအဖွဲ့မှာ ပါဝင်ဖို့ ကျနော်တို့ ဆီကို ဖုန်းဆက် လာပါတယ်။ ကျနော်တို့ကလည်း လိုလိုလားလား လက်ခံပြီးတော့ စုံစမ်းစစ်ဆေးတဲ့ ခရီးစဉ်ကို အောက်တိုဘာ ၆ရက် စတင်ကြပါတယ်။
အခန်း(၄)
ကျနော်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT နဲ့ မြန်မာသံရုံးဟာ ဘန်ကောက်မြို့ကသွားရတာ ဖြစ်ပြီး FED ကတော့ ထိုင်းတောင်ပိုင်းက လာရောက်ရတာမို့ စူရတ်ဌာနီမြို့မှာ ဆုံရပ်အဖြစ် သတ်မှတ်ကြပါ တယ်။ မူလရည်ရွယ်ထားကြတဲ့ ထိုင်းရှေ့နေများကောင်စီကို စောင့်ရင်း အောက်တိုဘာ ၆ရက်နေ့မှာ ကျနော်တို့ ကိုသတင်းအချက်အလက်တွေ လျှို့ဝှက်စုံစမ်းပေးကြ တဲ့သူတွေနဲ့ အချက်အလက်တွေဖလှယ်ကြပါတယ်။ အကျဉ်းထောင်ထဲကို စုံစမ်းရေးအဖွဲ့တစ်ခုလုံး ၀င်တွေ့ခွင့်ရရင်တော့ ကောင်းတယ်။ အားလုံးမ၀င်ရရင် ဘယ်သူ တွေ အဓိက ၀င်တွေ့မယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ပြီးတော့ နောက်နေ့မှာ အကျဉ်းထောင်မှာ ရမယ့်အချိန် ကို ခန့်မှန်းပြီး မေးသင့်တဲ့မေးခွန်းတွေကို ရွေးချယ်ကြပါတယ်။
            အဲဒီနောက် လူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်း၊ မြန်မာနှင့် နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြချက်တွေ၊ ဖေးဘွတ်မှ ယူသင့်ယူထိုက်သည့် အချက် အလက်တွေအပြင် အနီးကပ်စုံစမ်းသူတွေရဲ့အချက်အလက်တွေကို စုပေါင်းပြီး ဓါတ်ပုံတွေထုတ်ကြပါတယ်။ အချက်အလက်တွေကို ပေါင်းစည်းကြ ပါတယ်။ ပြီးတော့ ရှုထောင့်ပေါင်း စုံက သုံးသပ်ကြပါတယ်။ အစီအစဉ်တကျဖြစ်ဖို့အတွက် ညဥ့်နက်ပိုင်းအထိ အပြန်အလှန် ညှိနှိုင်းကြပါ တယ်။
အခန်း(၅)
           ကော့စမွေ အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်း တို့ နှစ်ဦးကို ကျနော်တို့ သုံးနာရီနီးပါး လွတ်လွတ်လပ်လပ်တွေ့ဆုံ ခွင့်ရရှိခဲ့ပါတယ်။  အကျဉ်းထောင် တာဝန်ရှိသူတွေက စီစဉ်ပေးချက် အရ သူတို့ နှစ်ဦးက တစ်ဘက်မှာထိုင်ပြီး ကျနော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တစ်ဘက် ထိုင်ကြပါတယ်။ အဲဒီ မှာ ၀င်ဇော်ထွန်း ပြောတာကို ဇော်လင်း ကလိုက်ပြီးတော့ တားမြစ်နေပါတယ်။ အဲဒါကြောင့် ကျနော်တို့က နောက်တစ်နေရာကိုပြောင်းပြီး ခွဲခြားစစ်ဆေးကြပါတယ်။
            အလုပ်သမား ၂ဦးလုံးဟာ အရက်အမူးလွန်ပြီး ဘာဖြစ်လို့ဖြစ်မှန်းမသိ အိပ်မက် မက်နေသလိုခံစားနေ ရတယ်လို့ ဆိုပါတယ်။ ပေါက်တူးခေါင်းနဲ့ ၂ချက်လောက်စီထုမိတယ်လို့လည်း ဆိုပြန်တယ်။ ကျနော်တို့မှာ ချွန်ထက်တဲ့ ဓါးလိုအရာမျိုးလည်း မပါဘူးလို့ဆိုပါတယ်။ ကျနော်တို့ကြောင့် သေတာမဟုတ်နိုင် ဘူးလို့လည်း ဆိုပြန်တယ်။ လိင်ကိစ္စလည်း မဖြစ်နိုင်သလို၊ ဖြစ်နိုင်သလိုလို နုတ်တိုက်သင်ထားတဲ့ပုံစံနဲ့ ပြောကြပါတယ်။  ဂီတာတီးနေတာနဲ့ အကြမ်းဖက်တဲ့ စိတ်ဓါတ်၊ လူ့အသက်ကို သေလောက်အောင် သတ်ဖြတ်စေတဲ့ အမြင့်ဆုံး ဒေါသထွက်ချိန်နဲ့ တပြိုင်းတည်းမှာ လိင်ကိစ္စ ဆိုတာ မဖြစ်နိုင်ကြောင်း ကျနော် တို့က သူတို့ကို ထောက်ပြပါ တယ်။ ယုတ္တိတန်အောင် သူတို့မဖြေနိုင်ကြပါ။ ၁၅ရက်ထက်မနည်း အချိန်ရနေလျှက် ထွက်မပြေးတာကလည်း စောင့်ကြည့်နေကြတယ်လို့ ဖြေပါတယ်။ အဖြေတွေဟာ ခုတစ်မျိုး တော်ကြာ တစ်မျိုး ဖြစ်နေ တာကြောင့် သူတို့ဟာ ပုံမှန်စိတ်မရှိတာတော့ သေချာပါတယ်။
  သူတို့ဟာ သူတို့အပြစ်ကို သိရှိထားဟန်မတူပဲ ထောင်ထဲမှာ ကောင်းကောင်းနေ၊ ကောင်းကောင်းစားပြီးနေရပ် ကို ပြန်ရမယ်လို့ထင်မှတ်ထားကြပုံရပါတယ်။ အသက်ငယ်တဲ့ဝင်းဇော်ထွန်းဟာအဖြစ်အပျက်တွေကိုသွက်သွက် လက်လက်ပြောပေမယ့်၊ ဇော်လင်း ကတော့ ကျနော်တို့ မေးတဲ့ မေးခွန်းတွေကို စဉ်းစားပြီး တွေတွေ ဝေေ၀ ဖြေ တာကို သတိပြုမိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျနော်တို့ကို ရှေ့နေ ရှေ့ရပ်နဲ့ ဥပဒေအတိုင်း ဖြစ်အောင် ကူညီပေးပါလို့ ရှေ့နေပါဝါလွှဲစာမှာ လက်မှတ်ရေး ထိုးပေးလိုက်ပါတယ်။
             လူသတ်မှုနဲ့ စွတ်စွဲခံရပြီး အတူတကွဖမ်းဆီးခံရသူလည်းဖြစ်၊ အလုပ်လည်းအတူတူလုပ်၊ တစ်ခန်း တည်းလည်း အတူတူနေကြတဲ့ မောင်မောင် ကို အစိုးရသက်သေအဖြစ် ရဲစခန်း စောင့်ရှောက်မှုအောက်မှာ  ထားရှိပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့မှာ မြန်မာသံရုံးအတွင်းဝန် ဦးဆောင်တဲ့ ကျနော်တို့ စစ်ဆေးရေး အဖွဲ့တွေကို တွေ့ခွင့်မပေးပါ။ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ရဲအရာရှိကြီးတစ်ဦးက အကျိုးအကြောင်း လောက်သာရှင်းပြခဲ့ပါတယ်။ ညနေပိုင်းမှာ ဖြစ်စဉ်အားလုံးကို သံအရာရှိတွေက နေပြည်တော်ကို သတင်းပို့ကြ ပါတယ်။
အခန်း(၆)
               အောက်တိုဘာလ၈ ရက်နေ့မှာ ကော့စမွေကျွန်းကနေ ပင်လယ်ပင်ကိုဖြတ်ပြီး ၃နာရီကြာ သဘောင်္ စီးကြရပါတယ်။ အခင်းဖြစ်ပွားတဲ့ ကော့တောင်ကျွန်းကို ကျနော်တို့ ရောက်ရှိတဲ့အခါ ကျွန်းမှာ အကြီးဆုံးရဲအရာ ရှိတစ်ဦးနဲ့ အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အလုပ်သမားအဖွဲ့ခေါင်းဆောင်အချို့က ကြိုဆိုနေကြပါတယ်။ သူတို့နဲ့အတူ ထိုင်းတီဗွီ၉ လိုင်း သတင်းထောက် ၂ဦးကလည်း အဆင်သင့်ရှိနေပါတယ်။
          ရဲအရာရှိက စူရတ်ခရိုင်ရဲမှူးက သတင်းပို့ထားတာကြောင့် မြန်မာသံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဘယ်နေရာတွေကို သွားချင်ပါသလဲလို့မေးပါတယ်။ ကျနော်တို့က လူသတ်မှုနဲ့ ပတ်သက်ဆက်နွယ်တဲ့ နေရာ တွေကို ပို့ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်းအာဏာပိုင်တွေဟာ အလုပ်သမားတွေ ဂစ်တာတီးတဲ့နေရာ၊ နေတဲ့ နေရာ၊ အလုပ်လုပ်တဲ့ အရက်ဘားဆိုင်၊ CCTV ကယ်မရာရှိရာ တို့ကိုလိုက်လံပြသပါတယ်။ ပြီးမှ ကျွန်းအုပ်ကြီး ရုံးခန်းကို ခေါ်ပြီး နုတ်ဆက်စကားတွေ မိတ်ဆက်စကားတွေ ပြောဆိုကြပါတယ်။ ပြီးတော့မှ လက်ကိုင်ဖုန်း ကိုပစ်ထား တဲ့နေရာနဲ့ အခြားအလုပ်သမားတွေနေတဲ့နေရာကို လိုက်လံပြသပါတယ်။ ဇော်လင်း နေထိုင်တဲ့ နေရာဟာ ဝေးလွန်တာကြောင့် ကျွန်းရဲက လိုက်မပို့ခဲ့သလို အသတ်ခံရသူတွေ နေတဲ့ ဟိုတယ်ကိုလည်း လက်ညှိသာ ထိုးပြပြီး လိုက်မပို့ခဲ့သလို စစ်ဆေးသူတွေကလည်း အတင်းအကျပ် မတောင်းဆိုခဲ့ကြပါ။
               နေ့လည်စာထမင်းစားတဲ့အခါ ရဲအရာရှိမပါပေမယ့် မြန်မာ အလုပ် သမားတွေ ဖွဲ့စည်းထူထောင် ထား ကြတဲ့ စာကြည့်တိုက်ကို သွားတဲ့အခါ ရွာသူကြီးနဲ့ ကျွန်းရဲအရာရှိကြီးပါ လိုက်ပါလာတာကြောင့် အခြားတွေ့လို သူ အချို့နဲ့ ကျနော်တို့ မတွေ့ခဲ့ကြတော့ပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သတင်းရယူ နေသူတွေကို ကျွန်း အာဏာပိုင်တွေကို ထုတ်ပြခဲ့သလိုဖြစ် သွားမှာကြောင့်ဖြစ်ပါတယ်။ အလုပ်သမားတွေကို တတ်နိုင်သမျှ ကူညီ စောင့်ရှောက်ပေးဖို့ ကျွန်းအာဏာပိုင်တွေကို စုံစမ်းစစ်ဆေးကြတဲ့အဖွဲ့တွေ သံရေးတမန် ရေးစကားတွေပြောဆို ပြီး လှိုင်းလေခက်ထန်နေတဲ့ ရာသီဥတုအောက်မှာ ပင်လယ်ပင်ကိုဖြတ်ပြီး ကော့စမွေကျွန်းကို ပြန်လာခဲ့ကြပါ တယ်။ MAT အဖွဲ့က ရှေ့နေကြီး ဦးအောင်မျိုးသန့် နဲ့ အတွင်းဝန် ဦးထွန်းအေးနဲ့ နောက်အရာရှိကြီး တစ်ယောက် တို့ကတော့ ခေါင်းမဖေါ်နိုင်အောင် လှိုင်းမူးကြပါတယ်။
 အခန်း(၇)
            အောက်တိုဘာလ ၉ရက်နေ့မှာ တော့ မြန်မာအစိုးရရဲ့ကြိုးစားမှုကြောင့် အယင်နေ့က တွေ့ခွင့်မရခဲ့တဲ့ မောင်မောင် ကိုတွေ့ခွင့်ရရှိခဲ့ပါတယ်။ ကျနော်တို့ တစ်ဖွဲ့လုံး ၀မ်းသာကြပါတယ်။ ဒါပေမယ့် လွတ်လွတ်လပ်လပ် မေးမြန်းခွင့်တော့မရရှိခဲ့ပါ။ မောင်မောင် ဘေးနားမှာ ရဲအရာရှိကြီးတစ်ဦး ထိုင်ပြီးတော့ နောက်က မြန်မာဘာသာ ပြန် အောင်ကိုဦး ဆိုသူက ထိုင်းပါတယ်။ သူတို့တွေဟာ စကားဝိုင်း အစအဆုံး လက်ကိုင်ဖုန်းနဲ့ အသံဖမ်း ထား ကြပါတယ်။
           မောင်မောင် ဟာ ကျနော်တို့ ထင်ထားတာထက် စိတ်ဝင်စားဖို့ကောင်းသူ တစ်ဦးဖြစ်နေပါတယ်။ သူ့ရုပ် ရည်ဟန်ပန်တွေဟာ ရိုးသားပုံပေါက်ပေမယ့် မမြင်နိုင်တဲ့ လျှို့ဝှက်မှုတစ်ခုကို တွေရှိရသလို ကျနော် ခံစားရပါ တယ်။  သူလည်းရုန်းရင်းကြမ်းတမ်းဟန်မရှိသလို သူ့သူငယ်ချင်းတွေလည်း ရန်လိုခက်ထန်သူတွေမဟုတ်ဘူး လို့ဆိုရှာပါတယ်။ သူ့သူငယ်ချင်းတွေက မူးမူးနဲ့ ဘာဖြစ်လို့ဖြစ်သွားမှန်းမသိလို့ ပြောလို့ သူသိရပေမယ့် သူငယ် ချင်းတွေ သတ်တာမဖြစ်နိုင်ဘူး၊ မယုံနိုင်ဘူးလို့ ကြိမ်ဖန်များစွာခေါင်းခါပါတယ်။
           ဒီလိုအဖြစ်မျိုးရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့သလို ယခုလို ရဲစောင့်ကြပ်မှု အောက်က ဘယ်တော့လောက်ကိုများ လွတ်မြောက်နိုင် ပါမလဲလို့ သနားစဖွယ် ဆိုရှာပါတယ်။ အနာဂတ်မှာ ဘာတွေဆက်ဖြစ်အုံးမယ်ဆို တာ မသိသလို အခုအဖြစ်အပျက်တွေဟာ အိမ်မက်တွေလား၊ သူ့ကိုယ်သူ အတိ အကျ မသိဖြစ်နေတယ်လို့ လည်းပြောပါတယ်။ သူ့ကိုဖမ်းလာပြီး နားချိန်မရအောင် စစ်ဆေးကြတာ ရူးမတတ် အောင် ခံစားရတယ်။ သေချင်လောက်အောင် စိတ်ညစ်တယ်လို့ ညဉ်းညူးပါတယ်။  
             မောင်မောင် ကို ကြိမ်ဖန်များစွာ မေးမြန်းပြီး ဗီဒီယို မှတ်တမ်းတင်ခဲ့ပါ တယ်။ အဖြေကတော့ သူ့သူ ငယ်ချင်းတွေ သတ်တယ်ဆိုတာ သူမယုံကြည်ဘူး လို့ဆိုပါတယ်။ အမှုအတွက်အဓိက ကျတဲ့ အချက်အလက် အနေနဲ့ကို အလေးနက်ထားမေးရာမှာတော့…..
                သူငယ်ချင်းသုံးယောက် ဘီယာ၃ပုလင်းနဲ့ ဆေးလိပ်တစ်ဗူး ၀ယ်ကြတယ်။ တစ်ယောက်တစ်ပုလင်း သောက်ပြီးတော့ မောင်မောင် ဟာ ည ၁နာရီလောက်မှာ ပြန်လာခဲ့တယ်။  ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့က  သောက်ချင်သေး တယ်ပြောလို့ အခန်းမှာရှိတဲ့ ၀ိုင်အရက်တစ်ပုလင်းကို ပေးလိုက်ပြီးတော့ ပြန်လာခဲ့တယ်ဆို ပါတယ်။ အခန်းကျဉ်းတာကြောင့် သူဟာ အခြားတစ်ခန်းမှာ သွားအိပ်တယ်လို့ ဆိုပါတယ်။ မိုးလင်း ခါနီး ၅နာ ရီလောက်မှာ မောင်မောင်အခန်းကို ပြန်လာတော့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်း တို့ ၂ယောက် အခန်းမှာ အိပ်နေ ကြတယ်လို့ ဆိုပါတယ်။ သူတို့အနားမှာ လက်ကိုင်ဖုန်းပါလာတာမတွေ့ရလို့လည်း ဆိုပါတယ်။
            အခန်းဝမှာ ရေစိုနေတဲ့ ဘောင်ဘီတစ်ထည်နဲ့ အင်းဂျီတစ်ထည်တို့ သဲအလူးလူးနဲ့ဖြစ်နေတာတွေ့ လို့ အိပ်နေသူ၂ဦးကို နှိုးပြီး စကားပြောသေး တယ်လို့ဆိုပါတယ်။ သွေးတွေ ပေနေတာကို တွေ့သလားလို့ မေးတဲ့ အခါ ဘာမှ မတွေ့ရဘူးလို့ ပြောပါတယ်။ ဘတ်ငွေ၃၅၀ နဲ့ ၀ယ်ထားတဲ့ ဖိနပ်နဲ့ ညဥ့်က တီးခတ်ကြတဲ့ ဂစ်တာ ကို မတွေ့လို့မေးကြည့်တော့ AC ဘား ၂ နောက်ဘက်မှာ ထားခဲ့တယ်ပြောလို့ သွားကြည့်သေးတယ်လို့ မောင်မောင် ကပြောပါတယ်။ မိုးလင်းလို့ အလုပ်သွားတဲ့အခါ  ညက ဂီတာတီးတဲ့အနီးအနားမှာ အင်္ဂလိပ်စုံတွဲ အသတ်ခံရတယ်လို့ ကြားသိရပြီး မောင်မောင်လည်း မိမိအလုပ်လုပ်တဲ့ AC ဘား၂ မှာ အလုပ်ဆက်လက်လုပ် ကိုင်နေတယ်လို့ ဆိုပါတယ်။ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ဟာ မောင်မောင် ရဲ့အခန်းမှာ အိပ်နေကြဆဲဖြစ်ပြီး သူတို့၂ဦးဟာ မည်သို့သော ပြောင်းလဲမှုမှ မရှိပဲ ပုံမှန်အတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
နိဂုံး………
တစ်စုံတစ်ခုသော ခြိမ်းခြောက်မှုကို ခံစားနေရသူများ လည်းဖြစ်နိုင်သလို စိတ်မူမှန်မဟုတ်ကြတာကိုလည်း စစ်ဆေးသူများက တွေ့ရှိခဲ့ကြပါတယ်။ ဒီသုံးယောက်ရဲ့ မိဘတွေကို မြန်မာအစိုးရနဲ့ အလုပ်သမားတွေရဲ့ အကူညီနဲ့ ထိုင်းနိုင်ငံသို့ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။ မြန်မာအစိုးရအနေနဲ့ မှုခင် ကျွမ်းကျင်တဲ့ ဆရာဝန်ကြီး၊ ရှေ့နေနဲ့ စီအိုင်ဒီ က ကျွမ်းကျင်သူတွေပါဝင်တဲ့ အဖွဲ့တစ်ခုဖွဲ့ပြီး ဆောင်ရွက်ဖို့လည်း ကျနော်တို့ အကြံပြုထား ကြပါတယ်။
 ဘာသာပြန် အောင်ကိုဦးနဲ့ မောင်မောင် တို့ ကို သီးခြားစီ၊ ဦကျော်သောင်းက အမှုဖြစ်စဉ်ထဲက ဓါတ်ပုံ ၆ပုံကို ပြသပြီး အနီးကပ်တီးတိုးမေးမြန်းသိရှိခဲ့တာဟာ ဒုတိယအကြိမ် စုံစမ်းစစ်ဆေးခြင်းမှာ အဓိက မေးခွန်းတွေဖြစ် ပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် အဓိက အချက်အလက်တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် စုံစမ်း စစ်ဆေးသူများရဲ့ တွေ့ရှိချက် အချက်အလက်အချို့ကို ထုတ်ပြန်ဖို့မသင့်သေးတာကြောင့် စုံလင်အောင် မဖေါ်ပြသေးတာကိုတော့
စာဖတ်သူများခွင့်လွှတ်နိုင်ကြပါစေဗျာ။
ကျော်သောင်း ဘန်ကောက်