12 October 2014

“ရွှေလမ်းဖွင့်ကုမ္ပဏီက အလုပ်သမားများအားပတ်စပို့ပေး၍သွားချင်ရာသွားခွင့်ပြု”



၂၀၁၄ အောက်တိုဘာ ၁၃ | ခရမ်းသားလေး

      ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုဖြစ်သော ရွှေလမ်းဖွင့်ကုမ္ပဏီက ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်း ထားသည့် အလုပ်သမား တစ်ရာကျော်တို့အား အလုပ်မသွင်းပေးနိုင်သဖြင့် ပတ်စပို့နှင့်ဝတ်ပါမစ် များအား ပေးကာ သွားလိုရာသွားနိုင်ကြောင်  ယမန်နေ့က နောက်ဆုံးအလုပ်သမားအသုတ် ထွက်ခွာသွား ခဲ့ကြ ပြီးဖြစ်သည်။

            ရွှေလမ်းဖွင့်ကုမ္ပဏီနှင့် မဟာချိုင်အခြေစိုက် PP.Group တို့က ကားအပိုပစ္စည်းစက်ရုံဟု ဆိုကာ သြဂုတ်လ ၁၉ ရက်နေ့က အလုပ်သမား(ကျား+မ) ၁၈၆ ဦးတို့အား ထိုင်းနိုင်ငံအတွင်းသို့တင်သွင်းလာ ခဲ့သည်။ သို့ရာတွင် အလုပ်သမားအမှန်တကယ်လိုအပ်၍ တင်သွင်းခြင်းမဟုတ်ပဲ အလုပ်သမားခေါ်စာ Demand Letter အပြ,သဘောဖြင့် အလုပ်သမားတင်သွင်းလာခြင်းသာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကားအပိုပစ္စည်းစက်ရုံတွင် အလုပ်သမားတစ်ဦးတစ်လေမှ မလိုပဲ၊ တစ်လကျော်ကြာ သည့်တိုင် တိုင်အောင် အလုပ်သမားများအား အုပ်စုခွဲကာ နေရာပေါင်းစုံသို့ ပို့ဆောင်ပေးနေခြင်းကြောင့်ဖြစ် သည်။

ဤအခြင်းအရာတို့အား ရန်ကုန်မြို့ အခြေစိုက် အေဂျင်စီများအဖွဲ့ချုပ်MOEAF မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော် နှင့် ဗဟိုကော်မတီဝင် ဦးကိုလေးတို့လာရောက်ဖြေရှင်းခဲ့သည်။ တချိန်တည်းတွင် မြန်မာ သံရုံး အလုပ်သမားသံအရာရှိထံတွင်လည်း စက်တင်ဘာလကုန်တွင် အလုပ်သွင်းပေးရန်နှင့် အလုပ်မရခင် စားစရိတ်အဖြစ် တစ်နေ့လျှင် ဘတ်ငွေ ၆၅ စီပေးထားမည်ဟု ရွှေလမ်းဖွင့် ကုမ္ပဏီဒါရိုက်တာ ဦးမျိုးမြင့်လေး က ဂတိပြုခဲ့သည်။


လကုန်သည့်တိုင်အောင် အလုပ်မရပဲ ဖြစ်နေစဉ် PP.Group တာဝန်ရှိသူများက အလုပ်သမားများအား နေထိုင်ရာမှနှင်ချခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မဟာချိုင်တာဝန်ခံ များက မဟာချိုင် ဆ၀ါဒီကန်ရုံးသို့ပို့ပေးခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိခဲ့ပေ။ ထို့ကြောင့် အေဂျင်စီများအဖွဲ့ချုပ် ရုံး သို့ ပို့ဆောင်ပေးခဲ့သည်။

        ဘန်ကောက် အေဂျင်စီများအဖွဲ့ချုပ်ရုံးက အလုပ်သမားများအား နေရပ်သို့ပြန်ပို့မည်ဟု ဆိုသော်လည်း MAT အဖွဲ့က လက်မခံခဲ့ပေ။ နောက်ပိုင်းတွင် အလုပ်သမားများအား ပတ်စပို့နှင့် ၀တ်ပါမစ် တို့အား အလုပ် သမားများအား ပေးစေလျှက် မိမိသွားလိုရာသို့ သွားခွင့် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

           အေဂျင်စီများအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ထင်ကျော်နှင့် ဗဟိုကော်မတီ ဦးကိုလေးတို့ လာရောက် ဖြေရှင်းခဲ့သော ဖစ်ဘူရီမှ SARISA INTERNATIONAL EMPLOYMENT.CO. TH ကုမ္ပဏီခြံဝင်းအတွင်း အလုပ်သမားတစ်ရာကျော်တို့မှာလည်း နှစ်လနီးပါး တိုင်အလုပ်မရပဲဖြစ်နေသော်လည်း အေဂျင်စီများ အဖွဲ့ချုပ်နှင့် အလုပ်သမားသံအရာရှိတို့ မသိယောင်ဆောင် နေကြကြောင်း အလုပ်သမားများကပြောသည်။

              ထိုင်းနိုင်ငံအတွင်းသို့ အလုပ်အကိုင်မရှိပဲ Demand Letter (အလုပ်သမားခေါ်စာ) အရောင်း အ၀ယ် လုပ်လျှက် တရားဝင်လူမှောင်ခိုကုန်ကူးနေကြမှုအား MAT အဖွဲ့က အမုန်းခံတင်ပြနေသော်လည်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF နှင့် မြန်မာအလုပ်သမားဝန်ကြီးဌာနတို့ မသိချင်ယောင်ဆောင်လျှက် ကျူးလွန်နေကြဆဲဖြစ်သည်။ မြန်မာအစိုးရက ထိရောက်သည့် အရေးယူမှုမ ရှိပါက တရားဝင်အလုပ်သမားတင်ပို့ခြင်း MOU သည် တရားဝင်လူမှောင်ခိုကူကူးခြင်းအဖြစ်သို့ ပြောင်းလဲ သွားမည်ဖြစ်ကြောင်း MAT အဖွဲ့ကထောက်ပြသည်။