26 October 2014

"စွပ်စွဲဖမ်းဆီးခံထားရသူများအတွက် နေပြည်တော်အစိုးရအမြန်ဆုံး ကူညီဆောင်ရွက်ပေးရန်လို"



၂၀၁၄ အောက်တိုဘာ ၂၄

မငယ်  News Watch
      လိပ်ကျွန်းလူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသော သံသယတရားခံ မြန်မာနိုင်ငံသား မောင်ဇော်လင်း   နှင့် မောင်ဝင်းဇော်ထွန်းတို့အတွကိ မြန်မာနိုင်ငံအစိုးရအဖွဲ့ အနေဖြင့် အမြန်ဆုံးလာရောက်ကူညီ ဆောင် ရွက်ပေး စေလိုကြောင်း မြန်မာအလုပ်သမားများအရေးကူညီစောင့်ရှောက် ပေးနေသော ရှေ့နေ
ဦးအောင်မျိုးသန့်က News Watch ဂျာနယ်ကို ပြောသည်။
“ထိုင်းနိုင်ငံထဲမှာ အမှုအခင်း အမှုကြီးတွေ ဖြစ်လာမယ်ဆိုရင် ပံ့ပိုးမှုများစွာ လိုအပ်ပါတယ်။ နံပါတ် (၁) အနေနဲ့ ငွေကြေးပံ့ပိုးမှုပါ၊ နံပါတ် (၂) က နိုင်ငံတော် အနေနဲ့လည်း မှုခင်းတွေသည် သံသယဖြစ်စရာ   ဖြစ်နေတာမို့ မှုခင်း တွေထဲမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခြင်းရှိ၊ မရှိဆိုတာကို မှုခင်းနဲ့ ပတ်သက်တဲ့ နားလည်သူသော်လည်းကောင်း၊ ဥပဒေအရ ကျွမ်းကျင်သူသော်လည်းကောင်း ပါဝင်ပတ် သက်ပြီး ဒါကို လေ့လာစောင့်ကြည့် သူအနေနဲ့ မှုခင်းတိုင်းမှာ လာရောက်ပေးနိုင်မယ်ဆိုရင်တော့ ထိုင်း အနေနဲ့ နိုင်ငံက လူကြီးတွေ အလေးထားနေပါတယ်ဆိုတာ မြင်တွေ့နိုင်မယ်။ စွပ်စွဲခံရသူတွေအပေါ်ပြစ်မှု  မထင်ရှားဘဲနဲ့ အရေးယူဆောင်ရွက်လို့ မရဘူးဆိုတာသိနိုင်မယ်၊ ဒါကြောင့် အမြန်ဆုံး လာရောက်ကြည့် ရှုဆောင်ရွက် ပေးစေလိုပါတယ်”ဟု ၎င်းကပြောသည်။
             ပြီးခဲ့သည့် တပတ်က အဆိုပါ စွပ်စွဲ ခံရသည့် မြန်မာအလုပ်သမားနှစ်ဦးအတွက် အစိုးရအနေဖြင့်   ပြည်ထောင်စု ၀န်ကြီး အဆင့်အဖွဲ့ဖွဲ့၍ သွားရောက်စစ်ဆေးမည်ဟု မီဒီယာများကို အစိုးရဘက်ပြောရေး ဆို ခွင့်ရှိသူများက ပြောကြားထားသော်လည်း ယခုတိုင်သွားရောက်ခြင်းမရှိသည့် အပေါ် မေးခွန်းထုတ်ခြင်း   ဝေဖန်မှုများ ပြုလုပ်ခြင်းများရှိနေသည်။
           “သူ့(ထိုင်း)နိုင်ငံရဲ့ အချုပ်အခြာ အာဏာရှိတယ်၊ သူ့နိုင်ငံရဲ့ ဥပဒေရှိတယ်။ ဒီဟာက မှုခင်းကြီးဖြစ် တဲ့အတွက် ဥပဒေကြောင်းအရကြည့်ပြီး သံအမတ်ကြီးကို အနီးကပ်လုပ်ခိုင်းထားတယ်။ သံအမတ်က အစိုးရရဲ့ အာဏာ ကုန်လွှဲအပ်ခြင်းခံရတဲ့ ကိုယ်စားလှယ်ပဲ။ ဒါနဲ့ပတ်သက်လို့ အလေးထားလုပ်ပေးနေ တယ်။ ဒီကိစ္စက အစိုးရက ထဲထဲဝင်ဝင်နက်နက်ရှိုင်းရှိုင်းလုပ်ပေးနေလို့ ဒီလောက်ဖြစ်လာတာပေါ့နော်။ ထိုင်းအစိုးရရော လူမှုအဖွဲ့တွေရော အကုန်လုံး အံ့သြနေတယ်၊ ဘာကြောင့် မြန်မာအစိုးရဒီလောက် အလေးအနက်ထားပြီး လုပ်နေလဲဆိုပြီးပေါ့၊ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေကို စောင့်ရှောက် ကာ ကွယ်ရမှာက ကျွန်တော်တို့ ဗဟိုအစိုးရရဲ့ တာဝန် ပဲ” ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော် ဌေးက News Watch ဂျာနယ်ကို ပြောသည်။
စွပ်စွဲဖမ်းဆီးခံထားရသော သံသယ တရားခံမောင်ဇော်လင်းနှင့် မောင်ဝင်းဇော် ထွန်းတို့နှင့် ၎င်းတို့၏ မိဘများ မှာ ယနေ့ ၂၄-၁၀-၂၀၁၄ ရက်နေ့တွင် တွေ့ဆုံနိုင်ကြတော့မည်ဖြစ်ကြောင်း၊ ၂၃-၁၀-၂၀၁၄ ရက်နေ့က ကော့စမွီကျွန်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းသိရသည်။
“သံရုံးတာဝန်ရှိသူတွေ၊ ရှေ့နေအဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ ကော့စမွီကို ရောက်နေပါပြီ။ ကလေးနှစ် ယောက်နဲ့ သူတို့မိဘတွေ တွေ့ဆုံနိုင်ဖို့ အတွက်ပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့MATတာဝန်ရှိ သူက ပြောသည်။