31 October 2014

စွပ်စွဲခံ မြန်မာလူငယ် ၂ ဦး သံခြေချင်းခတ်ဘ၀က လွတ်မြောက်


လိပ်ကျွန်းလူသတ်မှုမှာ သံသယရှိသူအဖြစ် ကော့စမွီခရိုင်တရားရုံးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ထောင်အာဏာပိုင်တွေက သံခြေချင်းခတ်ထားရာကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ပြန်ဖြုတ်ပေးလိုက်ပြီလို့  ဒီကနေ့ သူတို့ကို သွားတွေ့ခဲ့တဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ် အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။


“ကျနော်တို့ မင်္ဂလာစကားတခု ပြောရမယ်ဆိုရင်တော့ ကျနော်တို့ကလေးတွေဟာ အရင်တုန်းက ထောင်ဝင်းထဲမှာ သံခြေချင်းနဲ့ နေခဲ့ရတာပါ။ အခုကတော့ သံခြေချင်းကို ၂ ရက်လောက်ဖြုတ်ပေးလိုက်ပြီလို့ ကျနော်တို့ သိရပါတယ်။”

သံသယရှိသူ ၂ ဦးဟာ တရားရုံးက အပြစ်ရှိတယ်လို့ စီရင်ချက်မချမချင်း တရားခံတွေမဟုတ်ဘဲ အပြစ်ကင်းသူတွေ ဖြစ်နေတဲ့အတွက် သူ့တို့ကို သံခြေချင်းဖြုတ်ပေးဖို့  လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းနဲ့ ရှေ့နေတွေက အောက်တိုဘာ ၂၂ ရက်နေ့မှာ အကျဉ်းထောင်အာဏာပိုင်တွေကို  တောင်းဆိုခဲ့တာပါ။
စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။



By ဒီဗွီဘီ