16 October 2014

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် တွေ့ဆုံခြင်း

ယနေ့ထုတ်‬ The Voice Daily သတင်းစာတွင် ဖော်ပြသည်။

မြန်မာနှစ်ဦးကို ဓားစာခံအဖြစ် ထိုးကျွေးခံထားရသည်ဟု ဝေဖန်ခံနေရသည့် လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံ သား နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်၊ ဗြိတိန်သံ အမတ် Mark Kent၊ ထိုင်းရဲတပ်ဖွဲ့ ရဲချုပ် Somyot Pumpanmuang တို့ ဘန်ကောက် မြို့တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးတွင် အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲတွင် ဆွေးနွေးမှုများနှင့် ပတ်သက်၍ မြန်မာသံအမတ် The Voice က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားမှုကို ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : မြန်မာ၊ ဗြိတိန်၊ ထိုင်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးခဲ့လဲ။


UWM : စစ်ဆေးမှုတွေ တရားမျှတအောင် စစ်ဆေးဖို့နဲ့ နိုင်ငံတကာကလည်း လက်ခံတဲ့ စစ်ဆေးမှုဖြစ်အောင် လုပ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အကောင်းဆုံးဖြစ်အောင်၊ မျှတအောင် ဘယ်လို တရားစီရင်မလဲ ဆိုတာကို နိုင်ငံတကာစံနှုန်းနဲ့ ညီအောင် ဖြစ်ဖို့အတွက် မှန်မှန်ကန်ကန်ဖြစ်ဖို့ မေးခွန်းတွေမေး (ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်ကို) ကြတာ။ Discuss (ဆွေးနွေး) လုပ်ကြတာ။

Voice : အဲဒီဆွေးနွေးပွဲမှာ ထိုင်းရဲချုပ်က မြန်မာနဲ့ ဗြိတိန်က လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေကို လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး တရားစီရင်ရေးမှာ မျှတမှု ရှိ မရှိ စောင့်ကြည့်ဖို့ ခွင့်ပြုတယ်လို့ သိရပါတယ်။ အဲဒါရော ဟုတ်ပါသလား။

UWM : ဟုတ်ပါတယ်။ တရားစီရင်ရေးတွေ စောင့်ကြည့် လေ့လာဖို့အတွက် မြန်မာနဲ့ ဗြိတိန်က observers (စောင့်ကြည့် လေ့လာရေးအဖွဲ့) အဖွဲ့တွေကို ဖွဲ့ဖို့ ထိုင်းက လက်ခံပါတယ်။

Voice : ဒီကိစ္စမှာ မြန်မာနဲ့ ဗြိတိန်က ဝင်ရောက် စစ်ဆေးခွင့်ရဖို့အတွက် တောင်းဆိုခဲ့ပါသေးလား။

UWM : ဝင်ရောက် စစ်ဆေးခွင့် ရဖို့အတွက် တောင်းဆိုတယ်။ ဒါပေမဲ့ သူတို့ရဲ့ Right ဖြစ်နေတယ်လေ။ သူတို့နိုင်ငံရဲ့ ဥပဒေ ဖြစ်နေတော့ သူတို့က အဲဒါတော့ ခွင့်မပြုဘူး။ observers အနေနဲ့တော့ ခွင့်ပြုတယ်။

Voice : စောင့်ကြည့် လေ့လာရေး အဖွဲ့တွေကို သီးခြားဖွဲ့ဖို့ရှိလား။ ဒါမှမဟုတ် လက်ရှိသံရုံးက ဖွဲ့ထားတဲ့ ကိုယ်စားလှယ် အဖွဲ့ကိုပဲ တာဝန်ပေးဖို့ ရှိလား။

UWM : တွေ့ဆုံဆွေးနွေးမှု အားလုံးကို လူကြီးတွေကို (ပြည်ထောင်စု အစိုးရအဖွဲ့) တင်ပြထားပါတယ်။ လူကြီးတွေ ညွှန်ကြားတဲ့အတိုင်း လုပ်မှာပါ။

Voice : တရားစီရင်ရေး စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့ခွင့်ရတာဟာ ဒီအမှုအပေါ်မှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ။

UWM : ဘာမှမပါတာနဲ့ စာရင်တော့ ပိုကောင်းတာပေါ့။ အကြံပေးလို့ ရပါတယ်။ ဘယ်ဥစ္စာက မှားနေတယ် မှန်နေတယ်ဆိုတာ အကြံပေးနိုင်တယ်။

Voice : လိပ်ကျွန်း လူသတ်မှုမှာ မြန်မာနှစ်ဦး အဖမ်းခံရတာနဲ့ ပတ်သက်လို့ မှန်ကန်မျှတအောင် လုပ်ဆောင် မယ့် ကိစ္စကို ထိုင်းအစိုးရဘက်က ကတိပေးလား။

UWM : အကောင်းဆုံး ဖြစ်အောင် မျှတအောင်လုပ်ဖို့ နိုင်ငံတကာစံနှုန်းနဲ့ ညီအောင်လုပ်ဖို့ သူတို့လက်ခံပါ တယ်။

Voice : လိပ်ကျွန်း လူသတ်မှုမှာ မြန်မာနှစ်ဦးကို ဖမ်းဆီးခံရတာဟာ မဟုတ်ဘဲနဲ့ အဖမ်းခံရတာ။ သက်သေ မခိုင်လုံမှုတွေနဲ့ ဝေဖန်မှုတွေ ထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက ဘယ်လို ဖြေရှင်းချက် ထုတ်ပါသလဲ။

UWM : ထိုင်းရဲတပ်ဖွဲ့ကတော့ သူတို့ စုံစမ်းမှုအတိုင်းပဲ လုပ်နေတာပေါ့။ အဲဒါတော့ အသေးစိတ် မသိဘူး။

အောင်မြင့်ထွန်း