01 October 2014

“MOU အလုပ်သမား၁၆ ယောက် ပြန်ပို့ခံရပြန်ပြီ”



                          
၂၀၁၄ အောက်တိုဘာ    ရက်
ဆန်းဦး

         Libra Life Co.Ltd ဘ၀ချိန်ခွင် ကုမ္ပဏီ  ဖြင့်လာရောက်၍ ထိုင်းနိုင်ငံခြုံဖွန်မြို့နယ်၊ ထမ်မ်ဆင်း အရပ်ရှိ ဆီအုန်းခြံတွင် အလုပ်လုပ် နေသော MOU အလုပ်သမား ၁၆ဦးအား သံရုံးသို့ပို့မည်ဟုဆိုပြီး ထိုင်းမြန်မာနယ် စပ်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း အလုပ်သမားများကပြောသည်။
            အလုပ်သမားခေါင်းဆောင် ကိုဇော်နိုင်က“စက်တင်ဘာလ၂၅ ရက်နေ့က မိုးရွာနေတုန်း ဆီအုန်း သီး တင်ရတယ်၊  ပိဿာ ၂၀ လောက်လေးမယ်။ ရေအိုင်ထဲကိုပြုတ်ကျတယ်။ ရွှံ့ပေသွားလို့ဆိုပြီး ထိုင်းဝဏ္ဏ (အလုပ်ကြပ်) က ကျနော့်ကို လက်သီးနဲ့ထိုးတယ်။ ကျနော်က ကုမ္ပဏီကို အကြောင်းကြားတယ်။ သံရုံးကို ပို့မယ်ဆိုပြီး ခေါ်လာ တာ။ မဲဆောက်ရောက်မှ ပြန်ပို့ခံရတယ်ဆိုတာ သိရတော့တယ်။ ကျနော်တို့ခေါင်းဆောင်၂ယောက်က မဲ ဆောက်ကို မလိုက်ဘူးပြောတော့ ပုလိပ်ဂိတ်မှာဖမ်းထားပါတယ်။ ကူညီပေးကြပါ” ဟု အချုပ်ကား ပေါ်မှ ပြောဆိုသွားသည်။


အလုပ်သမားများသည် မြန်မာပြည်တွင်ကျပ်ငွေသုံးသိန်းခွဲပေးခဲ့ရပြီး။ ဇွန်လ ၄ ရက်နေ့ကရောက်ရှိ လာကြ သူများဖြစ်သည်ဟုဆိုသည်။ ၎င်းတို့ထံမှ ပတ်စပို့အတွက် တစ်ဦးလျှင် ဘတ်ငွေ ၃,၀၀၀ စီဖြတ်တောက် ထား ပြီဟုလည်းပြောသည်။

           အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က “အလုပ်သမားတွေ ၅ရက် အလုပ်မဆင်းပဲ ဆန္ဒပြကြတယ် လို့သိရတယ်။ အလုပ်ရှင်ကလည်း မလိုချင်တော့ဘူးလို့ပြောတယ်။ ကုမ္ပဏီပိုင်ရှင် ဒေါ်ပပ ကို ခေါ်ပြီး စစ်ဆေးကြည့်မယ်” ဟုပြောသည်။
         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အတွင်းရေးမှူး ကိုခိုင်ကြီး က“အလုပ် သမားသံအရာရှိရော ဘန်ကောက် MOEAF တာဝန်မှုရုံးကိုရော ကျနော် ဖုန်းဆက်ပါတယ်။ အလုပ်သမား တွေက ဒီနေ့မဲဆောက်ကိုရောက်ခါနီး မှာဖုန်းဆက်လာလို့ ကျနော်တို့သိရတာ။ အလုပ်သမား   တွေ အလုပ်မဆင်းပဲနေလို့ အလုပ်ဖြုတ်တာက ထိုင်းအလုပ်သမားဥပဒေအရလုပ်တာကို ကျနော်တို့ ဘာမှ မပြောလိုဘူး။ ပြဿ     နာတစ်ခုဖြစ်လာရင် အလုပ်သမားသံအရာရှိ ရှေ့မှာ အမှားအမှန်စိစစ်ပြီး အထိအပွန်း အနည်းဆုံးနည်းလမ်းနဲ့ ဆုံးဖြတ်စေချင်တယ်။ အလုပ်သမားတစ်ယောက် နယ်စပ်ကိုပြန်ပို့ခံရတာ။ ပတ်စပို့ စာအုပ်ကို ကယ် ဆယ်တုံး(ဖျက်သိမ်း) အထုခံရတာ သူတို့ဘ၀ပျက်တယ်။  ဒါကို ထည့်သွင်းစဉ်းစားကြပါ” ဟုပြောသည်။
ပြန်ပို့ခံရသည့်အလုပ်သမားများမှာ (၁)ဦးဌေးဝင်း (၂)ကိုကျော်လင်းဦး (၃) ကိုနိုင်ဦး (၄)ကိုမြင့်ဇော် (၅) စောအယ်ထူး (၆) စောအယ်စိုးထွေး(၇) လှမင်းဦး(၈) လှသန်းဇေါ်ထွေး (၉) ကျော်အောင် (၁၀) ကိုမာတင်(၁၁) ရှိန်ထက်ကို (၁၂)ချစ်ကိုဦး (၁၃) ခင်မောင်ဝင်း (၁၄)သန်းမင်းဇေါ်(၁၅) ကိုဇော်နိုင် နှင့် (၁၆) သန်းလင်းဇေါ် တို့ဖြစ်ကြသည်။
ခေါင်းဆောင် ၂ဦးဖြစ်သော ကိုဇော်နိုင် နှင့် သန်းလင်းဇော် တို့၂ဦးအား မဲဆောက်အ၀င်ဂိတ်တွင် ပုလိပ်က ဖမ်းဆီးထားလိုက်ကြောင်း နောက်ဆုံးသိရသည်။