06 June 2016

"MOU အလုပ်သမားတွေ အခွင့်အရေးများဆုံးရှုံးပြီးနေရပ်ကိုပြန်ကြရ"

                     
၂၀၁၆ - ခု - ဇွန်လ - ၆- ရက်နေ့
မြတ်ညို(အလွတ်သတင်းထောက်)

         စာချုပ်သက်တမ်းမပြည့်မီသေးပဲ အလုပ်ထုတ်ခံရသည့်MOU အလုပ်သမားတစ်ရာကျော် တို့ မြ၀တီမြို့သို့ပြန်သွားခဲ့ကြရကြောင်းသိရှိရသည်။

          ထိုင်းနိုင်ငံမြောက်ပိုင်း စင်ဘူရီနယ်မြေတွင်ရှိသော Lucky Spinin Co,ltd အပ်ချည်အလုပ်ရုံသို့
Golden Sea အေဂျင်စီနှင့် International Focus  အေဂျင်စီ တို့က ၂နှစ်စာချုပ်၍ တင်ပို့ထားသည့် MOU အလုပ် သမား ၁၆၅  ဦးတို့ ဇွန်လ ၄ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ကြရသည်။

         မေလ၃၁ ရက်နေ့က အလုပ်သမားများကို ခေါ်ယူပြီး မုန့်တစ်ထုတ်စီပေးကာ ၁၃၄ ယောက်ကို အစိမ်းရောင် ကူပွန်စာရွက်ပေးပြီး ၁၆၂ ယောက်ကို ပန်းရောင်ကူပွန်စာရွက်များပေးခဲ့သည်ဟု အလုပ်သမားများ   ကဆိုသည်။ အခန်းသို့ပြန်ရောက်သည့်အခါ အလုပ်ကြပ်ဝဏများက အစိမ်းရောင် ကူပွန်ရ ရှိသူများကိုအလုပ်ဖြုတ်လိုက်ပြီဖြစ်ကြောင်း လာရောက်ပြောဆိုသဖြင့် ဇွန်လ ၁ရက်နေ့မှ စတင်ကာအလုပ်မဆင်းပဲနေခဲ့ကြသည်။

          အလုပ်သမားများက ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATသို့    အချက်အလက်များပေးပို့၍ အကူညီတောင်းခံခဲ့သည်။ တစ်ချိန်တည်းတွင် မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ထံသို့ သတင်းပို့ထားကြောင်း အလုပ်သမားများက ပြောဆိုပါသည်။

              သို့ဖြစ်၍ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က ဦးမိုးအောင်ခိုင် သို့ ဖုန်းဆက်၍ အခြေအနေတချို့နှင့် အလုပ်သမားများ၏ ရပိုင်ခွင့်များကိုညှိနှိုင်းတင်ပြခဲ့သည်။



             ဦးမိုးအောင်ခိုင် က" စက်ရုံကနှစ်  ၃၀ လောက်ကြာပြီး၊ ရောင်းအားကျဆင်းလာတာကြောင့် အလုပ်သမားတွေကိုလျှော့ချရတာဖြစ်တယ်။ လျှော့ချတဲ့အထဲမှာ ကမ္ဘောဒီးယား နဲ့ နိုင်ငံခြားသား မန်နေဂျာတွေလည်းပါတယ်။ ကျနော် ကအလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေအတွက် ၃လစာ နစ် နာကြေးရအောင် ပြောတယ်။ ဒီနောက်မှာ အလုပ်သမားတွေကို ပြန်ခန့်မယ်လို့လို့ ပြောင်းသွားတယ်" ဟု ပြောဆိုခဲ့သည်။

           အလုပ်သမားကိုယ်စားလှယ် ငါးဦးရွေးချယ်၍ အလုပ်ရုံ၊ အေဂျင်စီများနှင့်အတူ အလုပ်သမားသံ အရာရှိ တို့ ညှိနှိုင်းရှင်းလင်းခဲ့ကြသည်။

အလုပ်ဖြုတ်ခံရသူဖြစ်သော ကိုထူးမြတ်ကျော် က " မြန်မာပြည်မှာ ကျပ်ငွေ ခုနစ်သိန်းကျော်ပေးခဲ့ရတာ၊ ထိုင်းမှာ ဘတ်ငွေ တစ်သောင်းနှစ်ထောင်ဖြတ်ထားတာ၊ အခန်းခ၊ ရေခ၊ မီးခ၊ ၀တ်စုံခ ဖြတ်ထားတာတွေ ကို ကျနော်တင်ပြတယ်။ အလုပ်သမားသံအရာရှိနဲ့ ပွဲစားအုပ်ကြီးက ၀ိုင်းဟောက်ကြတယ်။ မြန်မာပြည် မှာ ပိုက်ဆံပေးခဲ့တာ ပေါင်ချာရှိသလားတဲ့၊ သူတို့က ကျနော်တို့နစ်နာတာကို အလုပ်ရုံနဲ့ ညှိနှိုင်းပေးကြတာမဟုတ်ပဲ ကျနော်တို့ကို သူတို့ဖြစ်စေချင်တာပဲပြောတယ်။ ဦးလေးတို့လည်း မလာကြတော့ ကျနော် တို့ အားငယ်မိတာတော့အမှန်ပဲ" ဟုပြောသည်။

     အလုပ်ရုံမှ အလုပ်ဖြုတ်သည့်ကိစ္စနှင့် ထိုင်းသတင်းဌာတို့က ဇွန်လ၂ရက်နေ့က တီဗွီသတင်းများထုတ် လွှင့်ခဲ့ပြီးဖြစ်သည်။ MAT အဖွဲ့မှာ အလုပ်သမားများအကူညီတောင်းခံခဲ့သော်လည်း အလုပ်သမားသံအရာ ရှိနှင့် လူပို့ပွဲစားကိုယ်စားလှယ်များသွားရောက်ကြသဖြင့် လက်ရှောင်နေခဲ့သည်။

           MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က" ပြဿနာဖြေရှင်းသွားပုံက သဘာဝမကျဘူး။ အလုပ်သမား
တွေနေရပ်ပြန်သွားတော့အလုပ်ရုံကခေါင်းအေးသွားပြီး အလုပ်သမားတွေက နစ်နာဆုံးရှုံးခဲ့ရတယ်။ မြန်မာနိုင်ငံမှာ ကျပ်ငွေ ခုနစ်သိန်းကနေ ကျပ်ငွေဆယ်သိန်းအထိ အေဂျင်စီပွဲစားတွေကကောက်တယ်။ ထိုင်းမှာလည်း တစ်ယောက်ကို ဘတ် ၁၂,၀၀၀ အထိဖြတ်ထားပြီ။ ဒါ့အပြင် အလုပ်ရုံမှာ အခန်းခ၊ ရေခ၊ မီးခ၊ ၀တ်စုံခ၊ ပကာစာခွန်းဖို့ဆိုပြီး အလုပ်သမားတစ်ယောက် စီဆီက လစဉ် ၁,၂၅၀ဘတ်၊ ၁,၅၀၀ဘတ် အထိ ဖြတ် ထားတယ်။ ဒါတွေအကုန်လုံးကို စီစစ်ဖေါ်ထုတ်ပေးဖို့ ဦးမိုးအောင်ခိုင် ကို ကျနော် မေတ္တာရပ်ခံခဲ့တယ်။ မြန်မာပြည်ကို ပြန်သွားခဲ့ရတဲ့ MOU အလုပ်သမားပေါင်း ထောင်ချီပြီးရှိခဲ့ပြီ။ ဒါပေမယ့် အယင်မြန်မာအလုပ်သမားဝန်ကြီးဌာနဟာ သူတို့သတ်မှတ်ထားတဲ့ ကျပ်ငွေတစ်သိန်းခွဲထက်ပိုကောက်ထားတာနဲ့ ထိုင်းဘက်မှာဖြတ်တောက်ထားတာတွေကို တစ်ခါမှ အလုပ်သမားတွေအတွက် ပြန်ရှင်းပေးတာမျိုးမလုပ်ပေးဘူး။ NLD အစိုးရလက်ထက်မှာကော ဒီဖြစ်စဉ်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့" ဟုပြောသည်။

          MOU အလုပ်သမားတင်ပို့ခြင်းသည် အစိုးရချင်း (Govement to Govement) G to G တင်ပို့ သည်ဟု အမည်ခံထားသော်လည်း ပွဲစားများကို လုပ်ကိုင်ခွင့်ပြုထားသဖြင့် အကျင့်ပျက်ဝန်ထမ်းများနှင့် ပူးပေါင်းကာ (Business to Business) B to B အကျိုးအမြတ်များသည့်အလုပ်သမားတင်ပို့သည့် လုပ် ငန်းကြီးတစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ၂၀၁၅ ခုနှစ်မေလက မလေးရှားနိုင်ငံတွင်ကျင်းပခဲ့ သည့် အာရှပစိဖိတ် ဒေသတွင်ရွှေ့ပြောင်းအလုပ်သမားနှင့် လူကုန်ကူးမှုအခြေအနေ အစီရင်ခံစာထုတ် ဝေသည့် အလုပ်သမားအရေးကျွမ်းကျင်သူများညီလာခံကြီးက မှည့်ခေါ်ခဲ့ကြသည်။

           လူကုန်ကူးမှုနှင့်အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံရမှု အမြောက်အမြားဖြစ်ပေါ်နေသည့်အဆိုးဝါးဆုံး အခြေအနေများ အတွက် ပြည်သူရွေးချယ်သည့် NLD အစိုးရလက်ထက်တွင် မည်သို့ကိုင် တွယ်ဖြေရှင်းလာမည်ကို ဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းတို့က မျက်ခြေမပြတ်စောင့်ကြည့်နေကြ ကြောင်းသိရှိရသည်။  ထိုင်းနိုင်ငံအတွင်းMOU အလုပ်သမားပြဿ   နာ နေ့စဉ်ပေါ်ပေါက်နေကြောင်းမြန်မာအစိုးရ သတိမူသင့်ပါသည်။